Breaking News

အောင်မော်ဦး - “တတိယအင်အားစုတွေကို မဲပေးကြပါ”

Google.com
“တတိယအင်အားစုတွေကို မဲပေးကြပါ”
အောင်မော်ဦး
(မိုးမခ) ဇွန် ၁၇၊ ၂၀၂၀

ဒီစာက မသေမချင်း အနီပဲ ပေးမယ်ဆိုတဲ့ တဖက်ပိတ်တွေနဲ့ သေချင်သေပစေ အစိမ်းပဲပေးမယ်ဆိုတဲ့ စုံလုံးကန်းတွေရဲ့အကြားက အကျိုးအကြောင်း၊ အဆိုးအကောင်းခွဲခြားတတ်ကြတဲ့ အမြော်အမြင်ရှိကြသူတွေကို “ရွေးကြည့်ကြည့်ပါလား”ဆိုပြီး အကြံပြုတဲ့စာပါ။ ဓမ္မနဲ့ အဓမ္မကို ကိုယ်ပိုင်အသိနဲ့၊ ကိုယ်ပိုင်ဆင်ခြင်တုံ တရားနဲ့ ေကာင်းစွာခွဲခြားနိုင်ကြတဲ့ သူတွေအနေနဲ့ အနီရော၊ အစိမ်းရော မကြိုက်လို့ လုံးလုံးမဲမပေးဘဲနေမယ်ကွာဆိုပြီး သပိတ်မှောက်ကြမယ်ဆိုရင်တော့ လူတဦးချင်းစီရဲ့ လွတ်လပ်စွာရွေးချယ်ခွင့်မို့ ကျနော့်အနေနဲ့ ဝင်ရောက်စွက်ဖက်ဖို့မသင့်ပါဘူး။ 

ဒါပေမယ့် ကျနော်တို့မှာ အခြားရွေးချယ်စရာနည်းလမ်းလေးတခုတော့ရေးရေးရှိနေပါသေးတယ်ဆိုတဲ့အချက်ကို စဉ်းစားကြည့်စေလိုတဲ့အတွက် ဒီစာကို ရေးရတာဖြစ်ပါတယ်။ အဲဒီနည်းလမ်းကတော့ အနီလည်းမဟုတ်၊ အစိမ်းလည်းမဟုတ်တဲ့ “တတိယအင်အားစုတွေ” ကို ထူထောင်ကြတဲ့နည်းပဲ ဖြစ်ပါတယ်။ အဲဒီ တတိယအင်အားစုတွေဆိုတာထဲမှာ တိုင်းရင်းသားပါတီတွေပါဝင်ပါတယ်။ ရှစ်လေးလုံးမျိုးဆက်နိုင်ငံ ရေးပါတီတွေပါဝင်ပါတယ်။ တသီးပုဂ္ဂလရွေးချယ်ခံလိုသူတွေ ပါဝင်ပါတယ်။ NLD ကနေ ခွဲထွက်ပြီး ထူ ထောင်တဲ့ပါတီတွေပါဝင်ပါတယ်။

ကျနော့်အထင် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ အစိမ်းဟာ ၂၀၁၅ တုန်းက ရခဲ့တဲ့မဲထက် လျော့ရင်သာလျော့ပါမယ်၊ ပိုစရာအကြောင်းတော့ မရှိနိုင်ပါဘူး။ အနီကလည်း ၂၀၁၅ တုန်းက ရခဲ့တဲ့မဲထက် ပိုရစရာမရှိတဲ့အပြင် သေချာပေါက် လျော့လိမ့်မယ်လို့တောင် ခန့်မှန်းနေကြပါတယ်။ ဒီအချက်ဟာ ၂၀၂၀ ရွေးကောက်ပွဲကနေ “တတိယအင်အားစုတွေ” ပေါ်ထွက်လာဖို့အထူးကောင်းမွန်တဲ့ နိုင်ငံရေး ေရခံမြေခံပါပဲ။ စိတ်မပူပါနဲ့။ အနီလျော့သွားတဲ့မဲတွေဆိုတာက ေဝဖန်ပိုင်းခြားနိုင်စွမ်းရှိကြသူတွေရဲ့ မဲတွေပါ။ အဲဒီမဲတွေဟာ တတိယအင်အားစုတွေဆီကိုပဲ မုချရောက်သွားကြမှာပါ။ အစိမ်းတွေဆီတော့ လုံးဝရောက်မှာမဟုတ်ပါဘူး။

တိုင်းရင်းသားပါတီတွေကိုတော့ သက်ဆိုင်ရာတိုင်းရင်းသားတွေက မပျက်မကွက် ထောက်ခံမဲပေးကြဖို့ အထူးတလည်မေတ္တာရပ်ခံပန်ကြားလိုပါတယ်။ (တိုင်းရင်းသားတွေလို့ဆိုတာမှာ NLD ပါတီထဲက တိုင်း ရင်းသားတွေကို မဲပေးဖို့ပြောတာမဟုတ်ပါ)။ ရှစ်လေးလုံးမျိုးဆက်ပါတီတွေဖြစ်ကြတဲ့ လူ့ဘောင်သစ်ပါတီ၊ ပြည်သူ့ပါတီတို့ဟာဆိုရင် ကျောင်းသားထု၊ လူငယ်ထုနဲ့ ပညာတတ်တွေရဲ့ မဲတွေကို မုချရရှိသင့်တဲ့ ပါတီတွေဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသားထု၊ လူငယ်ထုနဲ့ ပညာတတ်တွေအနေနဲ့ ရှစ်လေးလုံးမျိုးဆက်ပါတီတွေကိုထောက်ခံအားပေးကြဖို့ အကြံပြုတိုက်တွန်းလိုပါတယ်။ NLD ပါတီကနေ ခွဲထွက်ပြီးထူထောင်ကြတဲ့ ပါတီတွေနဲ့ တသီးပုဂ္ဂလတွေဆိုရင်လည်း သူတို့မဲဆန္ဒရှင်နဲ့သူတို့ ရှိကောင်းရှိကြမယ် ထင်ပါတယ်။

ကျနော်က ဒီရွေးကောက်ပွဲကို မယုံကြည်သူပါ။ ခင်ဗျားတို့လည်း ထို့နည်းလည်းကောင်းပဲ ဖြစ်ကြမှာပါ။ ဒါပေမယ့် ဘာဖြစ်လို့ တတိယအင်အားစုတွေကို မဲပေးကြပါလို့ အကြံပြုရတာလည်းဆိုတာကို ရှင်းပြပါရစေ။ အခြေခံအချက်(၂) ချက်ပဲရှိပါတယ်။ ပထမတချက်ကတော့ တပါတီအာဏာရှင်စနစ်နဲ့သွားနေတဲ့ အနီနဲ့ စစ်အာဏာရှင်စနစ်နဲ့သွားနေတဲ့ အစိမ်းတို့တတွေကို (၂၀၁၅ မှသည် ၂၀၂၀ အထိ သွားနေတဲ့ပုံစံမျိုး) ငါတကော ကောခွင့်နဲ့ထင်ရာစိုင်းခွင့် ဆက်မပေးသင့်တာကြောင့်ပဲဖြစ်ပါတယ်။ ဒုတိယတချက်ကတော့ နိုင်ငံတော်ကို လက်ဝါးကြီးအုပ်ထားတဲ့ အနီနဲ့အစိမ်းဆိုတဲ့ အုပ်ကြီးနှစ်အုပ်ကြားမှာ ကျနော်တို့တီထွင်လိုက်တဲ့ “တတိယအင်အားစု”ဆိုတဲ့ ကာကွယ်ဆေးက အလုပ်ဖြစ်မဖြစ်ဆိုတာကို စမ်းသပ်ကြည့်ချင်တာကြောင့်ပဲဖြစ်ပါတယ်။

ကိုယ်ကချည်း ထင်သလိုချယ်လှယ်ခံနေခဲ့ရတဲ့ဘဝကေန၊ ကိုယ်ကချည်း စိတ်ကြိုက် စမ်းသပ်ခံနေခဲ့ရတဲ့ ဘဝကနေ ရုန်းထွက်ကြည့်ချင်တာပါ။ ကိုယ်တိုင်ပန်းပုဆရာအဖြစ်နဲ့ ကိုယ့်အနာဂတ်ကိုယ် ထုဆစ်ကြည့်လိုတာပါ။ ဒီလို တတိယအင်အားစုဆိုတဲ့ ကာကွယ်ဆေးနဲ့ ကျနော်တို့ရဲ့ အနာဂတ် ၅ နှစ်ကို ကျနော်တို့ဘာသာ ထုဆစ်ကြည့်မယ်ဗျာ။ ဒီစမ်းသပ်မှုကနေ ကျနော်တို့အတွက် မက်လောက်စရာ ပြန်မရဘူးဆိုရင်တောင် ကျနော်တို့ရှေ့မှာ ကျနော်တို့နိုင်ငံကို မုဒိမ်းကျင့်နေတာမျိုးတော့ မခံရနိုင်တော့ဘူးလို့ ထင်ပါတယ်။ လွှတ်တော်မှာ ကြောင်ရေချိုးတဲ့ အဆိုတွေနဲ့ ငါ့အမျိုးကောင်းစားရေး စီမံကိန်းတွေကို ပယ်ဖျက်ဟန့်တားတဲ့နည်းလမ်းမျိုးနဲ့ လူထုရဲ့ချွေးနှဲစာကို ကွယ်ကွယ်နိုင်လိမ့်မယ် ထင်ပါတယ်။  

မည်ကာမတ္တ အတ္တလို့ပဲဆိုကြပါစို့။ တတိယအင်အားစုဆိုတဲ့ ကာကွယ်ဆေးကနေ သံချပ်ထိုးတဲ့ကျောင်း သားလေးတွေကို လက်ထိပ်တန်းလန်းနဲ့ ထောင်သွင်းအကျဉ်းချပစ်တာမျိုးမဟုတ်ဘဲ ညှိနှိုင်းတဲ့နည်းနဲ့ ပြေ လည်စေတာမျိုးရရင်ပဲ တော်လှပါပြီ။ တတိယအင်အားစုဆိုတဲ့ ကာကွယ်ဆေးကနေ အလုပ်ချိန်နဲ့ လုပ်ခလစာအတွက် ဆန္ဒပြတဲ့အလုပ်သမလေးတွေကို အလုပ်ထုတ်ပစ်၊ ဖမ်းဆီးထောင်ချပစ်တာမျိုးမဟုတ်ဘဲစေ့စပ်ညှိနှိုင်းတဲ့နည်းနဲ့ ပြေလည်စေတာမျိုးရရင်ပဲ တော်လှပါပြီ။ တတိယအင်အားစုဆိုတဲ့ ကာကွယ် ဆေးကနေ ထွန်တုံးတိုက်ပွဲဝင်နေကြရတဲ့ တောင်သူလယ်သမားတွေအဖို့ မြေသိမ်းခံကြရတာမျိုးမဟုတ်ဘဲ ထွန် ယက်စိုက်ပျိုးခွင့်ရရှိကြတယ်ဆိုရင်ပဲ တော်လှပါပြီ။ တတိယအင်အားစုဆိုတဲ့ ကာကွယ်ဆေးကနေ ရှေ့နေကြီးဦးကိုနီနဲ့ ဗစ်တိုးရီးယားလေးတို့လို အမှုကိစ္စမျိုးတွေအတွက် တရားမျှတမှုကို ရှာဖွေနိုင်တယ်ဆိုရင်ပဲ တော်လှပါၿပီ။ 

လောင်းရိပ်မိနေတဲ့ မြန်မာ့နိုင်ငံရေးဟာ ဒေါ်အောင်ဆန်းစုကြည်လွန်မှပဲ (လူတွေ၊ ပါတီတွေ၊ အသင်းအဖွဲ့တွေအနေနဲ့) ထွန်ချလို့ ရနိုင်ကြမှာပါ။ ရွေးကောက်ပွဲနဲ့ အရွေ့တခု၊ အပြောင်းအလဲတခုကို ဖော်ဆောင်နိုင်တန်ကောင်းရဲ့လို့ (ယာယီပဲဖြစ်ဖြစ်) စဉ်းစားရင်တော့ တတိယအင်အားစုတွေကို မဲပေးခြင်းဟာလည်း နည်းလမ်းတခုပါပဲ။ တပ်ပေါင်းစုနဲ့အောင်ပွဲမရယူနိုင်သေးသရွေ့ ကျနော်တို့ရသင့်ရထိုက်တဲ့ရပိုင်ခွင့်တွေကို ကျနော်တို့မရနိုင်ကြသေးဘူးဆိုတာ အားလုံးလက်ခံကြမယ် ထင်ပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ဒီခေတ်မှာ ဒိ့ထက်နည်းတဲ့ အတ္တနဲ့ ရုပ်ပျက်ဆင်းပျက် လူ့အဖြစ်ကြီးကို ဆက်ပြီး လက်ခံသွားဖို့ဆိုတာကတော့ မသင့်တော်လှတော့ပါဘူး။ လူနည်းစုတွေရဲ့အသံကို ကြားချင်လှပါပြီ။

အောင်မော်ဦး
ဇွန်၊ ၁၅၊ ၂၀၂၀။
(ဒီစာလေးကို “မဲဆန္ဒရှင် မိဘပြည်သူများခင်ဗျား ” ဆိုတဲ့ လော်သံတွေ သောသောညံလာတဲ့အချိန်ကျရင် တခေါက်ပြန်တင်ပါဦးမယ်)