Breaking News

မောင်လူပေ - ကိုရိုနာ ၁၆/၀၆/၂၀


မောင်လူပေ - ကိုရိုနာ ၁၆/၀၆/၂၀

(မိုးမခ) ဇွန် ၁၇၊ ၂၀၂၀

တရုတ်ပြည် ပီကင်းမြို့တွင် ရောဂါကူးစက်သူဦးရေ တစ်ရာကျော်ခန့် ရှိလာသည့်အတွက် ကျောင်းများအားလုံး ပိတ်လိုက်သည်။ အွန်လိုင်းမှသာ သင်ကြားရန်ဖြစ်၏။ ဒုတိယအကြိမ် ကျောင်းပြန်ပိတ်ရခြင်းဖြစ်သည်။ မြို့တော်နေ ပြည်သူများကိုလည်း အိမ်ပြင်မထွက်ကြရန် နိုးဆော်ထားသည်။ အခြားမြို့သားများကိုလည်း ပီကင်းသို့ မသွားကြရန် တားမြစ်ထားသည်။ ရောဂါကူးစက်သည့် စျေးတစ်ဝိုက်တွင် အစောင့်များထူထပ်စွာ ချထားလိုက်သည်။ ဒုတိယလှိုင်း ကူးစက်မှုမဖြစ်လာစေရေးအတွက် ပြင်းထန်စွာ ကိုင်တွယ်လျှက်ရှိသည်။ လာမည့်(၃၆)နာရီသည် ကူးစက်မှုဟန့်တာရေးအတွက် အထူးအရေးကြီးသည်ဟု ဆိုသည်။

​လွန်ခဲ့သည့်နှစ်ပတ်အတွင်း ကမ္ဘာပေါ်တွင် ရောဂါကူးစက်ခံရသူဦးရေ မှာ နေ့စဉ် တစ်သိန်းခန့်အထိ တွေ့ရှိနေရသဖြင့် ကပ်ရောဂါကြီးသည် လူသားများကို ဒုက္ခပေးနေဆဲဖြစ်ကြောင်း WHO အကြီးအကဲမှ သတိပေးခဲ့သည်။

ကိုဗစ်ရောဂါကုသရေးတွင် စတီရွိုက် steroid ဆေးတစ်မျိုးဖြစ်သည့် Dexamethasone ဆေးသည် ထိရောက်မှုရှိသည်ဟု အောက်စဖို့ဒ်တက္ကသိုလ်၏ လေ့လာမှုတစ်ရပ်ကဆိုသည်။ ရောဂါပြင်းထန်သူ သုံးပုံတစ်ပုံအထိ ကယ်တင်နိုင်သည့်ထိုဆေးသည် စျေးသက်သာသလို အလွယ်တကူလည်း ရရှိနိုင်သည့်အတွက် ဆင်းရဲသောနိုင်ငံမှလူနာများအတွက် များစွာအထောက်အကူဖြစ်မည်။ လုံးဝပျောက်ကင်းသွားအောင် ကုသနိုင်သောဆေး မရှိသေးပါ။

ရောဂါကူးစက်မှုအများဆုံးထိပ်ဆုံးငါးနိုင်ငံမှာ အမေရိကန်ပြည်ထောင်စု၊ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ နှင့် အင်္ဂလန်တို့ဖြစ်သည်။

မြန်မာပြည်တွင် ကူးစက်မှုအသစ် မတွေ့ရှိခဲ့ပါ။

ကမ္ဘာ့လူဦးရေ ရှစ်သန်းကျော် ကူးစက်ခံရပြီး ထက်ဝက်ခန့် သက်သာပျောက်ကင်းခဲ့ကာ လေးသိန်းကျော် သေဆုံးခဲ့သည်။