Breaking News

ဇော်လူစိမ်း - အလံဟာ လေထဲမှာ မီးစွဲနေတဲ့အဝတ်စကြီးပဲ


အလံဟာ လေထဲမှာ မီးစွဲနေတဲ့အဝတ်စကြီးပဲ
ဇော်လူစိမ်း
(မိုးမခ) ဇွန် ၁၇၊ ၂၀၂၀

ပျံနေရင်းပစ်ချခံလိုက်ရတဲ့ငှက်လို အရောင်လွင့်စပြုနေပြီဖြစ်တဲ့ အလံတခုကို ပုဆိုးအကျင်္ီတွေနဲ့ ရောလှန်းထားတဲ့ အဝတ်တန်းမှာ တွေ့ခဲ့ရတယ်။ ရုံးစာရေးကြီးကိုသိန်းဦးတို့အိမ်ရှေ့ အရောင်မှိန်မှိန်အဝတ်တွေကြားက ကျဆုံးလေပြီး သောအလံပေါ့။ လူထုလှုပ်ရှားမှုကြီးဟာ အလံတခုကို ဖြုတ်ချထားနိုင်လိုက်တယ်။ နိုင်ငံတကာနဲ့ဆိုင်တဲ့ဌာနကြီးတခုရဲ့ ကျဆုံးစာရင်းထဲက အဲ့ဒီအလံဟာ လေထဲလွင့်နေတုန်း ဘယ်လိုကြီးကျယ်ခဲ့သလဲတော့မသိဘူးအဝတ်တန်းပေါ်မှာ တော့ ပုဆိုးနှစ်ထည်စာလောက် အဟန့်ရှိနေတယ်။ ပထမတော့ အဲ့ဒီအလံဟာ စာရေးကြီးမိသားစုရဲ့ အိပ်ရာခင်းပဲ။

နောက်တော့ အစွန်းအထင်းတွေနဲ့ လျှော်လိုက် ခင်းလိုက်၊ အရောင်လွင့်လာခဲ့တာဟာ အောက်ခံအနီရောင်တောင် ပန်းရောင်ခပ်ဖွယ်ဖွယ်ဖြစ်သွားတယ်။ တစ်နေ့တော့ အပိုင်းအစတခုကို စာရေးကြီးရဲ့သား အငယ်ကောင်လေး bmx စက်ဘီးလေးငှားစီးနေတုန်း တွေ့လိုက်ရတယ်။ စက်ဘီးအငှားဆိုင်က ကိုသောင်းဟန်လည်း ကောင်လေးကို စပ်ဆော့ ကြည့်လိုက်တယ်၊
မင်းဘောင်းဘီက အမေဒီးကန်စတိုင်အတိုင်းပဲကွ၊ ဘယ်ဆိုးလို့တုန်း၊ အံမယ်... ကြယ်တွေ ..စက်သွားတွေတောင် ပါသေး ဆိုတော့ကောင်လေးက အမေဒီးကန်ကိုလည်း သူ့အမေကချုပ်ပေးတာလားတဲ့ ပြန်မေးသေးတယ်။ အဲ့သလိုနဲ့ အလံဟာ ကျဆုံးခဲ့ပေမယ်လို့ လုံးလုံးကြီးကျသွားခဲ့တာတော့မဟုတ်ဘူး ပြာတာတာ ပါတဲ့တပိုင်းက ဘီအမ်အိက်စ် BMX ဘီးလေးပေါ် လွှင့်လို့ ပန်းနုရောင်အိုအပိုင်းလေးတွေကတော့ စာရေးကြီးတို့မီးဖိုချောင် လက်နှီး ဝတ်လေးတွေအဖြစ် အောက်သက် ကျေကြရရှာပြန်တယ်။

၉၈ နှစ်ကုန်ပိုင်းလောက်တုန်းက အင်းစိန်ကျတိုက်တွေကနေ ထောင်ရှေ့နားက စစ်ထောက်လှမ်းရေးခုံရုံးကို ကိုယ်တွေတမျိုးလုံး သူ့ရက်နဲ့သူ ရုံးထွက်ကြရတယ်။ တရားရုံးဆိုလို့သာထွက်ကြရတယ် တကွဲတပြားစီဖြစ်နေတဲ့ ကိုယ့်အမှုတွဲဘာညာ ဇင်မာအောင်တို့ ၊ နိုဘယ်အေးတို့ ပြန်တွေ့ကြရတော့ စစ်ထောက်လှမ်းရေးက စွဲချင်ရာသာ စွဲပေတော့ တရားခွင်ဟာ အချင်းချင်း စကားပြောဖို့ပဲ။ နှစ်ကြိမ်ရုံးထွက်ပြီး သုံးကြိမ်မှာ အမြန်ဆုံးနည်းနဲ့ တစ်လအတွင်း တန်းအမိန့်ချလိုက်တယ်။
သတိရမိတာက ဒုတိယရုံးထွက်ရက်တုန်းက တထည်တည်းသော ကိုယ့်ရှပ်အင်ကျီအကွက်မှိန်မှိန်ရဲ့ အိတ် ကပ်လေးအကြောင်းပဲ။ ရုံးထွက်ကပြန်အလာ ()တိုက်က အခန်းလေးထဲဝင်ပြီးမှ ရုံးခန်းက ပြန်ခေါ်လို့ ဆိုတော့ လိုက်သွားရ တယ်၊ အတူရုံးထွက်ခဲ့တဲ့ မျက်နှာချင်းဆိုင်အခန်းက အမှုတွဲအောင်စိုးမင်းကြည့်နေလို့ ဘာမှန်းမသိကြောင်း ခေါင်းခါပြခဲ့လိုက်တယ်။
တိုက်ဝင်းဝကရုံးခန်းတဲကိုရောက်တော့ တပ်ကြပ်ကြီးဘိုမြ စားပွဲခုံနောက်မှာ ဖိုင့်ဖိုင့်ကြီးထိုင်လို့၊ မဲ့ပြုံးကြီး အောင် အောင်မြင်မြင်ပြုံးလို့။ ဘာမပြောညာမပြော စားပွဲပေါ်ကနေကုန်းပြီး ကိုယ့်အိတ်ကပ်ကို လှမ်းဆွဲလိုက်တယ်။
အိတ်ကပ်ပေါ်က တစ်လက်မခွဲ ပတ်လည်လောက် ချည်ထိုးထားတာလေးကို တင်းတင်း ဆွဲပြီး ဒါလားကွမင်းတို့ပါတီ အလံ၊ ခေါင်းခါပြလိုက်တော့ မင်း ဘာငြင်းတာလဲကွဆိုပြီး အိတ်ကိုဆောင့်ဆွဲတယ်၊ နောက်ကနေ တထွန်ပုဆိုးဖြူကို မီးပူတိုက်ဝတ်တဲ့ကောင်တွေက ခြေထောက်နဲ့လာကန်တယ်၊ ပြန်လှန်ကြည့်လိုက်တော့ ဘိုမြက သူ့ကောင်တွေကို လက်ကာပြလိုက်တယ်၊ အပ်နဲ့ချည်က ဘယ်ကနေရလဲ ဘာညာမေးပြီး၊ ဒီကောင်တွေက နောက်အမှုနဲ့ပဲတန်တယ်တဲ့ ပြောရင်း ဒါဆို ဘာတံဆိပ်လဲတဲ့။ ကျောင်းသားတံဆိပ် ဗကသအလံလို့ ပြန်ပြောလိုက်တယ်။
ရှုပ်နေတာပဲကွာ အိတ်ကိုဖြုတ်ကြ ရှာဖွေစာရင်းသွင်းတဲ့။ ကိုယ့်အိတ်ကပ်ကို ဝိုင်းဆွဲဖြုတ်ကြတယ်၊ ချည်ကြိုး အနီလေးနဲ့ထိုးထားတဲ့ ခွပ်ဒေါင်းပုံလေး၊ ရှေ့ခြေလှမ်းက စက်ဝိုင်းလေးကိုကျော်ထွက်စ။
ရင်ဘတ်ပေါ်ကအလံဟာ ပြုတ်ထွက်ပြီး အင်ကျီလည်း ပြဲကျန်ရစ်ခဲ့တယ်။
မိုးမွှန်နေတဲ့အဆဲအဆိုအပြော တစ်မျက်နှာစာလောက်အပြီးမှာ ဘိုမြဟာ လုံးထွေးထားတဲ့ အိတ်ကပ်လေးကိုဖြန့် ဂတ်စ်မီးခြစ်ထုတ်ပြီး မီးရှို့လိုက်တော့တယ်။ ဘာထူးလဲ ကိုယ့်ရင်ဘတ်လည်း မီးလောင်သွားတာပါပဲ။ ဒီလိုနဲ့ ကိုယ်တို့ လည်း နောက်ဆုံးရုံးထွက် အမိန့်ချရက်ကို အလံဟောင်းလောင်းနဲ့ သွားခဲ့ကြ၊ ကိုယ်တို့ကာလပေါ် မျိုးဆက်တခုလုံး လည်း အဲ့ဒီကာလရဲ့ ကျနှစ်များပြားတဲ့ နှစ်ကြီးသမားတွေဖြစ်ခဲ့ကြတယ်။

မက်ရကြေးဆို အိတ်ကပ်ကိုမီးရှို့လိုက်တဲ့ ညှော်နံကြီးလည်း အိပ်မက်တခုပေါ့လေ။
ဇော်လူစိမ်း
-https://www.facebook.com/zaw.lusane/posts/3006746309444271 စာရေးသူ၏ဖေ့ဘုတ်မှ ခွင့်ပြုမှုဖြင့်ယူသည်။