Breaking News

ဆောင်းယွန်းလ - "ကိုယ်တို့မြို့ရဲ့ ခေတ်အစားဆုံးသီချင်းတွေ"

Art - Than Htay Maung


ဆောင်းယွန်းလ - "ကိုယ်တို့မြို့ရဲ့ ခေတ်အစားဆုံးသီချင်းတွေ"

(မိုးမခ) ဇွန် ၁၉၊ ၂၀၂၀

ခေတ်ကြီး တခေတ်လုံးပေးခဲ့ပြီးပါပြီ
စစ်မီးက မငြိမ်းနိုင်ခဲ့သေးဘူး

ပြန်ထုတ်ကြည့်ဖြစ်တဲ့ ဓာတ်ပုံအဟောင်းတွေမှာ
မပြာမလွင်တဲ့ နောက်ခံကောင်းကင်ကြီးသာ နေရာယူမြဲ
ကိုယ်တို့မြို့မှာ ကိုယ်တို့မရှိခဲ့ကြတော့သလိုမျိုးပဲ
လိုယ့်သူငယ်ချင်းတွေရဲ့မြို့တွေမှာလည်း
ကိုယ့်သူငယ်ချင်းတချို့မရှိကြတော့ပါဘူး

အရှေ့ကို လျှောက်လို့
အနောက်ကိုရောက်နေရတဲ့ ဘဝတွေပေါ့
ဇာတိကိုသိခဲ့ပြီးတဲ့နောက်မှာတော့
မရဏနဲ့ ဈေးညှိဖို့ပဲ ကျန်တော့ပါတယ်

ရှင်သန်ချိန် ခဏတာဘဝမှာ
ပြန်မျှော်ကြည့်စရာဆိုလို့
မပျော်ရွှင်တဲ့ မြို့ကြီးတွေနဲ့
အကာအကွယ်မဲ့နေတဲ့ ဥပဒေတချို့ မျှသာ

ကိုယ်တို့မြို့ရဲ့ ခေတ်အစားဆုံးသီချင်းတွေထဲမှာ
အသက်ရှူမဝတဲ့ ကဗျာတစ်ပုဒ်ပါတယ်
အဖြေညှိမရတဲ့ နိုင်ငံရေးပဟေဠိပုစ္ဆာတစ်ပုဒ်ပါတယ်
လူယုတ်မာတချို့သိမ်းပိုက်ထားတဲ့
ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်တစ်အုပ်လည်းပါတယ်

ဘယ်ကြိုးနဲ့ မှညှိပြီးတီးလို့မရတဲ့ သီချင်းတွေပါပဲ
စာသားအဟောင်းကို
သံစဉ်အသစ်ပြောင်းထားတဲ့ သီချင်းတွေပါပဲ

အငွေ့တလူလူနဲ့ စစ်မီးဟာ
ကချင်ပြည်ကြီးကိုလည်း အနာဖြစ်စေခဲ့
ကရင်ပြည်ကြီးကိုလည်း ပြာဖြစ်စေခဲ့
အခု ရခိုင်ပြည်ကြီးကိုလည်း
အနာနဲ့ ပြာ ရောပြီးဖြစ်စေပြန်ပါပေါ့

ကမ္ဘာသစ်ဆီကို ချီတက်ထွက်ခွာသွားသူတွေကတော့
အင်္ဂါဂြိုဟ်ပေါ်ထိရောက်နေကြပါပြီ
ကိုယ်တို့ဆီက လူတချို့မှာသာ
ရောဂါအမျိုးအမည် ခွဲခြားမရတဲ့ ဂျို(ချို)တွေ ပေါက်လို့

လိုနေတဲ့ ကွက်လပ်တွေမှာ ဘာဖြည့်ရမလဲဆိုတာထက်
ပိုနေတဲ့အကွက်အကွင်းအားလုံးကို
အိတ်ထဲ သိမ်းကျူံးထည့်ရင်း
နိုင်ငံတော်သီချင်းကို ဘောင်းဘီထည်လဲဝတ်ပြီး
ဝတ်ကျေတမ်းကျေဆိုနေကြတာဟာ
ကမ္ဘာ ကြေစရာလား

ခေတ်ကြီးတခေတ်လုံး ဆုံးရှုံးခဲ့ပြီးချိန်အထိ
ကိုယ်တို့စစ်မီးက မငြိမ်းနိုင်ခဲ့သေးဘူး
ဒါဟာ
ဘယ်အချိန်ထိ ကြားနေရဦးမယ်မသိသေးတဲ့
ကိုယ်တို့မြို့ရဲ့ ခေတ်အစားဆုံးသီချင်းတွေပေါ့။

ဆောင်းယွန်းလ