Breaking News

ပြည်နယ်အစိုးရနှင့် တရုတ်ကုမ္ပဏီတို့ စိုင်းပြင်းနေသည့် နန်ကျင်စီးပွားရေးဇုန်


ပြည်နယ်အစိုးရနှင့် တရုတ်ကုမ္ပဏီတို့ စိုင်းပြင်းနေသည့် နန်ကျင်စီးပွားရေးဇုန်

မြစ်ကြီးနားမြို့အနီးတွင် စီးပွားရေးဇုန် အကောင်အထည်ဖော်မည့် တရုတ်ကုမ္ပဏီမှာ ခိုင်မာမှုအားနည်းပြီး စီမံကိန်းဆိုင်ရာ ပွင့်လင်းမြင်သာမှုမရှိကြောင်း ဝေဖန်ထောက်ပြမှုများရှိနေသည်


ချမ်းသာ ၊ နိုင်လင်းအောင်၊ Myanmar NOW



နန်ကျင်ရွာဆိုင်းပုဒ်နှင့် နန်ကျင်ရွာအဝင်ကို မတ်လ ၆ ရက်နေ့က တွေ့မြင်ရစဉ်(ဓာတ်ပုံ - ချမ်းသာ/Myanmar Now)


တရုတ် - မြန်မာ စီးပွားရေးစင်္ကြံ(CMEC) သဘောတူညီချက်အရ မြစ်ကြီးနားမြို့မြောက်ဘက် နန်ကျင်ရွာအနီး မြေဧက ၄,၇၀၀ ပေါ်တွင် တည်ဆောက်အကောင်အထည်ဖော်မည့် အဆိုပါစီမံကိန်းမှာ အမေရိကန်ဒေါ်လာသန်း ၄၀၀ တန်ဖိုးရှိသည်။ ထိုစီမံကိန်းသည် ရည်ရွယ်ချက်ကြီးမားလွန်းသည့် တရုတ်အစိုးရ၏ ရပ်ဝန်းနှင့် ပိုးလမ်းမ (BRI) စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။

စီမံကိန်းကို ယူနန်ပြည်နယ်အခြေစိုက် ယူနန်ထိန်ချုံးဟိန်ရုန် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက် (YTHIC) က တာဝန်ယူတည်ဆောက်မည်ဖြစ်ပြီး စီမံကိန်းအကောင်အထည်ဖော်ရေးအတွက် ကချင်ပြည်နယ်အစိုးရနှင့် တရုတ်ကုမ္ပဏီအကြား ၂၀၁၇ ခုနှစ် နိုဝင်ဘာလကတည်းက ဆွေးနွေးနေခြင်းဖြစ်သည်။

တရုတ်အစိုးရ ကျောထောက်နောက်ခံပြုထားသည့် စီမံကိန်းနှင့် ပတ်သက်၍ ပြည်တွင်းလေ့လာစောင့်ကြည့်သူများက ထောက်ပြဝေဖန်မှုများရှိသလို ဒေသခံများ၏ စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။


နန်ကျင်ဒေသခံများ စိုးရိမ်နေသည့် တရုတ်စီးပွားရေးဇုန်

စီမံကိန်းအကောင်အထည်ဖော်တည်ဆောက်မည့် မြစ်ကြီးနားမြို့မြောက်ဘက်ရှိ နန်ကျင်ရွာကို Myanmar Now က ပြီးခဲ့သည့် မတ်လအတွင်း သွားရောက်ခဲ့သည်။ နန်းကျင်ရွာမှာ ရွာကြီးတစ်ရွာဖြစ်ပြီး လူဦးရေအားဖြင့် အခြားဒေသများမှ လာရောက်နေထိုင်သည့် ရွှေ့ပြောင်းလုပ်သားများအပါအဝင် ၂,၀၀၀ ကျော်ရှိသည်။ လီဒိုလမ်းမကြီးပေါ်ရှိ နန်ကျင်ရွာမှ နှစ်မိုင်ခန့်အကွာရှိ စီမံကိန်းလျာထားရာနေရာမှာ ရော်ဘာပင်တချို့ ၊ ဘေးပတ်လည်တွင် တောအုပ်ငယ်များနှင့် အရိုင်းဆန်စွာရှိနေသေးသည်။

စီမံကိန်းမြေနေရာ တိုင်းတာခြင်းမှအပ အကြမ်းထည်သာရှိသေးသော်လည်း မည်သို့အကောင်အထည်ဖော်မည် ကို မသိရသည့်အတွက် နန်ကျင်ဒေသများက စိုးရိမ်ကြောင့်ကြလျက်ရှိသည်။

”ဖွံ့ဖြိုးတိုးတက်ဖို့တော့ မျှော်လင့်တာပေါ့။ ကျွန်တော်တို့စိုးရိမ်တာက စက်ရုံအလုပ်လာလုပ်ရင်းနဲ့ နိုင်ငံခြားသားတွေ ပါလာမယ်။ သူတို့မိသားစုတွေပါလာမယ်။ သူတို့လူမျိုးပဲအလုပ်လုပ်မယ်။ ဒေသခံတွေကို မခိုင်းဘူး။ ဒေသခံတွေ ဝင်ဖို့ထွက်ဖို့ ခက်ခဲမှာ စိုးရိမ်တယ်။ လူမှုရေးပြဿနာတွေ ဖြစ်လာမှာစိုးရိမ်တယ်” ဟု နန်ကျင်ရွာသား ၇၁ နှစ်အရွယ် ဦးသန်းမောင်က ပြောသည်။

စီမံကိန်းနှင့် ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်များက တစ်စုံတစ်ရာ အသိပေးအကြောင်းခြင်းမရှိဘဲ မြေတိုင်းတာခြင်းနှင့် ကောင်းကင်ယံမှ ဒရုန်းများဖြင့် မှတ်တမ်းယူခြင်းများ တွေ့မြင်ရသည့်အခါမှသာ စီမံကိန်းတည်ဆောက်မည်ကို သိရှိခဲ့ရသည်ဟု ၎င်းက ပြောသည်။

ဒေသခံများမှာ နှစ်ရှည်သီးနှံပင် စိုက်ပျိုးခြင်း၊ ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်ခြင်း၊ ထင်းခုတ်ခြင်းနှင့် မီးသွေးဖုတ်ခြင်း စသည့်အသက်မွေးမှုလုပ်ငန်းများကို အများဆုံးလုပ်ကိုင်ကြသည်။

စီမံကိန်းတည်ဆောက်မည့်နေရာတွင် မြေဧက ၃၀ ပါဝင်နေသည့် နန်ကျင်ရွာသူ အသက် ၅၀ အရွယ် ဒေါ်ကိုင်ပူက စီမံကိန်းအပေါ် မျှော်လင့်ချက်မထားသော်လည်း မြေဆုံးရှုံးမည့်အရေးနှင့် ရင်ဆိုင်နေရသည်။ “မျှော်လင့်တာက မရှိဘူး။ ကျွန်မတို့က ကြောက်တာပဲသိတယ်” ဟု ၎င်းက ပြောသည်။

မြေယာဆုံးရှုံးမှုအပြင် စီမံကိန်းကြောင့် ပတ်ဝန်းကျင်နှင့် ရေသယံဇာတ ပျက်စီးဆုံးရှုံးမည့် အခြေအနေလည်း ရှိနေသည်။

“ရွာမှာရှိတဲ့ ရေတွင်းတွေက ချောင်းရေတက်လာရင် တက်တယ်။ ချောင်းရေကျရင် ကျတယ်။ စက်ရုံက စွန့်ပစ်လိုက်တဲ့အဆိပ်တွေက ချောင်းထဲကျမယ်ဆိုရင် ကျွန်တော်တို့ သောက်သုံးနေတဲ့ ရေတွင်းရေကန်တွေလည်း မလွတ်ဘူး” ဟု ဦးသန်းမောင်က ပြောသည်။

Myitkyina_economic_zone.Jpg


နန်ကျင်စီးပွားရေးဇုန် စီမံကိန်းတည်နေရာကို မတ်လ ၆ ရက်နေ့က တွေ့မြင်ရစဉ်(ဓာတ်ပုံ - ချမ်းသာ/Myanmar Now)

စီမံကိန်းတည်ဆောက်မည့် တရုတ်ကုမ္ပဏီ

စီမံကိန်းအကောင်အထည်ဖော်မည့် YTHIC ကုမ္ပဏီနှင့် ပတ်သက်သည့် သတင်းအချက်အလက်တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသည့်အပြင် ကုမ္ပဏီ၏ နှစ်ပတ်လည်အစီရင်ခံစာ၊ ငွေစာရင်းရှင်းတန်း၊ စီမံကိန်းအတွက် ငွေကြေးသုံးစွဲမှုနှင့် ကုမ္ပဏီ၏လုပ်ငန်းပိုင်းဆိုင်ရာများလည်း မတွေ့ရှိရပေ။

ပြည်တွင်းအခြေစိုက် မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP) ‌၏ အချက်အလက်များအရ YTHIC ကုမ္ပဏီသည် တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ၊ တဲဟုန်နှင့် ကျင်ဖိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်ရှိမြို့အခြေစိုက် Yunnan Baoshan Hengyi စီးပွားရေးလုပ်ငန်းစု ‌(ယူနန်ပေါင်စန်းဟိန်ယိအုပ်စု)က ပိုင်ဆိုင်ထားသည်။

ယူနန်ပေါင်စန်းဟိန်ယိအုပ်စုဥက္ကဋ္ဌ မစ္စတာတွမ့်ကျိကု (Duan Zhiku) သည် မြစ်ကြီးနားစီးပွားရေးဇုန် စီမံကိန်းပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဧပြီလအတွင်း ယခင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးကျော်ဝင်းနှင့် နေပြည်တော်တွင် လာရောက်တွေ့ဆုံခဲ့ဖူးကြောင်း မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့က ဆိုသည်။

၂၀၁၇ ခုနှစ်အတွင်းကလည်း အဆိုပါကုမ္ပဏီတာဝန်ရှိသူများသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးသန်းမြင့်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံဖူးသည်။

အဆိုပါကုမ္ပဏီ၏ ခိုင်မာမှု၊ စီးပွားရေးဇုန်တည်ဆောက်ရေးဆိုင်ရာ ကျွမ်းကျင်မှုအပေါ် သံသယဖြစ်ကြောင်း ယခုလ ၁၀ ရက်နေ့က ထုတ်ပြန်သည့် သန္နိအုပ်ချုပ်စီမံမှုအဖွဲ့ (Sandhi Goverance Institue) ၏ မြစ်ကြီးနားစီးပွားဖွံ့ဖြိုးတိုးတက်ရေးဇုန် စီမံကိန်းစောင့်ကြည့်ရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။


“‌YTHIC ရဲ့ Track Record (နောက်ခံသမိုင်းကြောင်းမှတ်တမ်း) ကိုကြည့်တဲ့အခါ အင်တာနက်ထဲမှာတောင် သေသေချာချာမတွေ့ရဘူး” ဟု သန္နိအုပ်ချုပ်စီမံမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာဦးခိုင်ဝင်းက ပြောသည်။

သန္နိအုပ်ချုပ်စီမံမှုအဖွဲ့သည် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများကို စောင့်ကြည့်လေ့လာ နေသည့် ပြည်တွင်းအခြေစိုက်အဖွဲ့ဖြစ်ပြီး 'မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးမှုဇုန်' စောင့်ကြည့်လေလာရေး အစီရင်ခံစာ ကို The Center for International Private Enterprise (CIPE) ၏ ပံ့ပိုးကူညီမှုဖြင့် ပြုစုထားခြင်းဖြစ်သည်။



U_wai_lin.Jpg


ကချင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝေလင်းကို မတ်လ ၅ ရက်တွေ့ရစဉ် (ဓာတ်ပုံ - ချမ်းသာ / Myanmar Now)

စီမံကိန်းဆိုင်ရာ ပွင့်လင်းမြင်သာမှု

‌ကချင်ပြည်နယ်အစိုးရနှင့် YTHIC ကုမ္ပဏီကြား စီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ၂၀၁၈ ခုနှစ် မေလအတွင်း လက်မှတ်ရေးထိုးခဲ့ကြပြီး စီမံကိန်းမဟာဗျူဟာ၊ စီးပွားရေးအစီအစဉ်နှင့် လိုအပ်သည့် စာချုပ်များ ချုပ်ဆိုရန် ပြည်နယ်အစိုးရနှင့် တရုတ်ကုမ္ပဏီတို့ စိုင်းပြင်းနေကြဆဲဖြစ်သည်။

နန်ကျင်စီးပွားရေးဇုန်တွင် စက်ရုံပေါင်း ၅၀၀ နှင့် အဆောက်အအုံပေါင်း ၅,၀၀၀ ခန့် ပါဝင်တည်ဆောက်မည်ဖြစ်ကြောင်း ISP ‌၏ အချက်အလက်များအရ သိရသည်။

စောင့်ကြည့်လေ့လာသူများ၏ အဆိုအရ စီမံကိန်းကို အမေရိကန်ဒေါ်လာသန်း ၄၀၀ အကုန်အကျခံ တည်ဆောက်မည်ဆိုသော်လည်း အကောင်အထည်ဖော်မည့်အစီအစဉ်၊ ငွေကြေးထည့်ဝင်မှုနှင့် အကျိုးအမြတ်ခွဲဝေမှု စသည့်အချက်အလက်များကိုမူ မသိရပေ။

စီမံကိန်းနှင့် ပတ်သက်သည့်အချက်အလက်များသည် ပြုစုဆဲအဆင့်သာရှိသေးပြီး အပြီးသတ်စာချုပ်ချုပ်ဆိုခြင်းမပြုမီ စာချုပ်ပါသဘောတူညီချက်များအား ပြည်နယ်လွှတ်တော်ကို တင်ပြကာ ပြည်သူထံလည်း ချပြသွားမည် ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝေလင်းက Myanmar Now ကို ပြောသည်။

“အချိန်တန်ရင်တော့ အားလုံးကို ချပြမှာပါ” ဟု ၎င်းက ပြောသည်။

ပြည်နယ်အချုပ်အခြာအာဏာကို မထိပါးရန်၊ စီးပွားရေးနှင့်ပတ်သက်၍ လွှမ်းမိုးချုပ်ကိုင်ခြင်း မပြုရန်နှင့် စီမံကိန်းမကျရှုံးစေရန် စင်ကာပူနိုင်ငံမှ ရှေ့နေများငှားရမ်း၍ ဒေါ်လာ ၆၀,၀၀၀ အကုန်အကျခံရေးဆွဲနေကြောင်း၊ နားလည်တတ်ကျွမ်းသည့် ပညာရှင်များဖြင့် အသေးစိတ်ညှိနှိုင်းမည်ဖြစ်ကြောင်းလည်း ဦးဝေလင်းက ပြောသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် စီးပွားရေးကော်မတီထံ သဘောထားမှတ်ချက်တောင်းခံရဦးမည်ဖြစ်ပြီး စီးပွားရေးဇုန်တည်ဆောက်ရေးနှင့် အပြီးသတ်နိုင်မည့်အခြေအနေများကို ချပြမည်ဟု ၎င်းကဆိုသော်လည်း အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်မည့်အချိန်ကိုမူ အတိအကျပြောဆိုနိုင်ခြင်း မရှိပေ။

တရုတ်နှင့် ချုပ်ဆိုသည့် စီမံကိန်းသဘောတူညီချက်များတွင် တရုတ်ဘက်က အသာစီးယူလေ့ရှိပြီး အစိုးရဘက်က လိုက်လျောချုပ်ဆိုနေရသဖြင့် စီမံကိန်းပါအချက်အလက်များကို လူထုအား အသိပေးချမပြခြင်းဖြစ်သည်ဟု ကချင်နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် ကချင်အမျိုးသားကွန်ဂရက်ပါတီဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လက ပြောသည်။


“ကျွန်တော်တို့က ကျွန်တော်တို့ရေ၊ ကျွန်တော်တို့မြေပေါ်မှာ ကျွန်တော်တို့အကျိုးစီးပွားကို ကာကွယ်ရမှာဗျ” ဟု ၎င်းက ပြောသည်။

စီမံကိန်းကို ကန့်ကွက်ဆန့်ကျင်မည်ကို အစိုးရက စိုးရွံ့သောကြောင့် လူထုကို အသိမပေးခြင်းဖြစ်ပြီး ဖွံ့ဖြိုးရေးကိုရည်ရွယ်သည့် စီမံကိန်းသည် ပွင့်လင်းမြင်သာမှု အားနည်းခြင်းကြောင့် အကျိုးအပြစ် မဝေခွဲနိုင်ဘဲ အန္တရာယ်ပိုရှိနိုင်ကြောင်း ဒေါက်တာအမ်ကောန်လက ပြောသည်။



Project_area_1.Jpg


စီမံကိန်းလျာထားရာ နေရာပြပုံ(ဓာတ်ပုံ - ပေးပို့)

တရုတ်ကုမ္ပဏီဘက်က အသာစီးရယူထား

‌စီမံကိန်းနှင့် ပတ်သက်၍ ပြည်နယ်အစိုးရက တစ်စုံတစ်ရာထုတ်ပြန်ကြေညာခြင်းမရှိသော်လည်း ဒေသခံများနှင့် စောင့်ကြည့်လေ့လာသူများ၏ အဆိုအရ စီမံကိန်းတွင် တရုတ်ကုမ္ပဏီဘက်က အသာစီးရယူထားသည်။

အဓိကအားဖြင့် စီမံကိန်းစတင်အကောင်အထည်ဖော်သည့်အချိန်မှ ၁၅ နှစ်အထိ မြစ်ကြီးမြို့နယ်အတွင်း အခြားသော ဖက်စပ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်မပြုရဟူသည့် အချက်ပါဝင်နေကြောင်း နားလည်မှုစာချွန်လွှာပါ အချက်အလက်များအရ သိရသည်။ YTHIC ကုမ္ပဏီမှလွဲ၍ အခြားမည်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမျှ ဝင်ရောက်ခွင့်မရှိသည့် သဘောဖြစ်သည်။

အခြေအနေတစ်ခုခုကြောင့် စီမံကိန်းရပ်တန့်ထားရလျှင် သို့မဟုတ် အကောင်အထည်မဖော်နိုင်လျှင် အခြားရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင်ခွင့် မရနိုင်ကြောင်း ဦးခိုင်ဝင်းက ပြောသည်။ “အဲဒါမျိုး အချက်တွေက စိုးရိမ်ဖို့ကောင်းတယ်” ဟု ၎င်းက ပြောသည်။

အီတာလျံထိုင်းကုမ္ပဏီ၏ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ကာလရှည်ကြာ ရပ်ဆိုင်းထားရသည့် ထားဝယ်အထူးစီးပွားရေးဇုန်ကို သန္နိအုပ်ချုပ်စီမံမှုအဖွဲ့အစီရင်ခံစာက သာဓကပေးထားသည်။

စီမံကိန်းကြောင့် ဒေသခံများ မည်မျှအကျိုးအမြတ်ရှိမည်ကို မမှန်းဆနိုင်သော်လည်း တရားမဝင်နယ်စပ်ကုန်သွယ်မှု၊ တရုတ်နိုင်ငံသားများ တရားမဝင် ဝင်ထွက်သွားလာမှု ပြဿနာများ ပိုမိုကြီးထွားလာနိုင်သည်ဟုလည်း အဆိုပါအစီရင်ခံစာက သတိပေးထားသည်။

လုံလောက်သော ဥပဒေအကာအကွယ်မရှိသောကြောင့် နန်ကျင်စီးပွားရေးဇုန် အကောင်အထည်ဖော်ရာတွင် နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်ပြီး ၂၀၁၈ ခုနှစ်တွင် ပြန်လည်ရေးဆွဲခဲ့သည့် မြေလွတ်၊မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲမှုဥပဒေအရ မျိုးရိုးစဉ်ဆက် လုပ်ကိုင်နေသည့် မြေယာပိုင်ဆိုင်မှုကို အသိအမှတ်ပြုမထားသဖြင့် ဌာနတိုင်းရင်းသားများအတွက် နစ်နာဆုံးရှုံးမှုများရှိနိုင်သည်ဟုလည်း အစီရင်ခံစာက ထောက်ပြထားသည်။



Nam_kyin_google_map.Jpg


နန်ကျင်ရွာ တည်နေရာ စခရင်ရှော့ပုံ

စီမံကိန်းလျာထားမြေမှာ ဧကပေါင်း ၄,၇၀၀ ရှိသော်လည်း ကချင်ပြည်နယ်၏ များပြားလှသော မြေလွတ်မြေရိုင်းများအနက် အစိတ်အပိုင်းလေးတစ်ခုသာဖြစ်ပြီး ကချင်ပြည်နယ်လူထု ဘဝပျက်လောက်အောင် မဆုံးရှုံးနိုင်ကြောင်း ပြည်နယ်ဝန်ကြီး ဦးဝေလင်းက ပြောသည်။

ကချင်ပြည်နယ်တွင် စိုက်ပျိုးနေသည့် တစ်ရှူးငှက်ပျောစိုက်ခင်းတစ်ခင်းစာသာ ရှိသည်ဟုလည်း ၎င်းက ပြောသည်။

သို့သော်လည်း ဧကထောင်ချီကျယ်ဝန်းသည့် စီမံကိန်းဖြစ်၍ ဒေသခံတိုင်းရင်းသားများ၏ မိရိုးဖလာလုပ်ကိုင်သည့်မြေများ ဆုံးရှုံးမည်ကို စိုးရိမ်ကြောင်း ပြည်နယ်လွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးတင်ဦးယုက ပြောသည်။

စီမံကိန်းနှင့် သက်ဆိုင်သည့် စာရင်းအချက်အလက်များ မရရှိသေးသော်လည်း ထိုစီမံကိန်းကို သဘောမကျကြောင်းလည်း ၎င်းက ပြောသည်။

“တရုတ်က လက်ဝါးကြီးအုပ်တာများတော့ တရုတ်တွေကို လက်မခံချင်တဲ့ အပိုင်းလည်းပါတာပေါ့” ဟု ဆိုသည်။