Breaking News

ဇင်လင်း - ပြည်တွင်းစစ် သံသရာဝဲသြဃထဲမှ ရုန်းထွက်နိုင်ရေး


ဇင်လင်း - ပြည်တွင်းစစ် သံသရာဝဲသြဃထဲမှ ရုန်းထွက်နိုင်ရေး

(မိုးမခ) ဇွန် ၁၂၊ ၂၀၂၀

မြန်မာနိုင်ငံဟာ ပြည်တွင်းစစ် သံသရာဝဲသြဃထဲမှာ နစ်တုံပေါ်တုံနဲ့တဝဲလည်လည်ဖြစ်နေခဲ့တာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီ ဖြစ်တယ်။ ပြည်တွင်းစစ် ရပ်စဲနိုင်ပါမှ တိုင်းပြည်ရှေ့တစ်လှမ်းတက်နိုင်မယ်ဆိုတာ သာမန်နိုင်ငံသားတိုင်း သိရှိနေကြတဲ့ အမှန်တရားဖြစ်တယ်။ မြန်မာနိုင်ငံ ပြည်တွင်းစစ်ဟာ အရင်းခံအားဖြင့် ဖွဲ့စည်းအုပ်ချုပ်ချုပ်ပုံ အခြေခံဥပဒေကိစ္စအပေါ် မကျေနပ်မှုတွေကြောင့် ဖြစ်ပွားခဲ့တယ်။ တစ်နည်းအားဖြင့် နိုင်ငံရေးအရ တန်းတူညီမျှ အခွင့်အရေးမရရှိတဲ့အတွက် လက် နက်စွဲကိုင် တောင်းဆိုခဲ့ကြတာဖြစ်တယ်။ ပြည်တွင်းစစ် ရာစုနှစ်ထက်ဝက်ကျော်လာချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့တိုးများလာတယ်။ အကြောင်းကတော့ လက်နက်ရှိသူတွေကိုသာ နိုင်ငံရေးဆွေးနွေးပွဲ တက်ခွင့်ပြုတဲ့ အစဉ်အလာ ဖြစ်လာလို့ပဲ။ ဒါပေမယ့် ဆွေးနွေးပွဲရလဒ်တွေအပေါ် တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့ချင်း စီရဲ့ သဘောထားတွေ မတူသလို၊ အစိုးရနဲ့ တပ်မတော်ကလည်း တိုင်းရင်းသားအဖွဲ့အားလုံးအပေါ် တစ်ပြေးညီ သဘော မထားတာကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေ တစ်ဆို့တန့်ရပ်နေတာ တွေ့ရတယ်။ 

နိုင်ငံ ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် စစ်ရေးဦးစားပေး မူဝါဒမျိုး ကို ရှောင်သင့်တယ်။ ၂၀၂၀ မတ်လ ၂၃ ရက်နေ့က AA အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် အစိုးရက ကြေညာခဲ့တယ်။ ‘အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့’ ရဲ့ ကြေညာချက် နဲ့ ‘ပြည်ထဲရေးဝန်ကြီးဌာန’ ရဲ့ မတရားအသင်း ကြေညာချက် တို့အရ AA ကို အကြမ်းဖက်အုပ်စု အဖြစ်သတ်မှတ်ခဲ့တယ်။ အဲဒီ ကြေညာချက်တွေက အစိုးရရဲ့ မူလ နိုင်ငံရေးမူဝါဒ ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ ကွဲလွဲသွားတဲ့ သဘောတွေ့ရတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ အစိုးရရဲ့ အရေးကြီးတဲ့ ရည်မှန်းချက်ဖြစ်တာကြောင့် ‘ပြည်ထဲရေးဝန်ကြီးဌာန’ ရဲ့ မတရားအသင်း ကြေညာချက်အရ ဖေါ်ပြပါရည်မှန်းချက်ကို အချည်းနှီးဖြစ်သွားစေတယ်။ အကျိုးဆက်ကတော့ AA အဖွဲ့ က ပြည်နယ်အတွင်း အင်နှင့်အားနှင့် ဝင်ရောက်လာခဲ့တယ်။ တပ်မတော်နဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပေါ်လာ တယ်။ ရခိုင်ဒေသခံ ပြည်သူတွေ မြေစာပင် ဖြစ်ခဲ့ရတယ်။ 
 
AA အဖွဲ့ရဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေဆင်နွှဲရာမှာ အဆိုးရွားဆုံးအမှားကတော့ ယူနီဖောင်းမဝတ်ဘဲ၊ အရပ်ဝတ်တွေ ဝတ်ဆင်ပြီး တိုက်ခိုက်တဲ့ကိစ္စဖြစ်တယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ဒေသတချို့မှာ ရခိုင်တပ် AA အဖွဲ့ဝင်တွေက တပ်မတော်ကို တိုက်ခိုက်ရာမှာ၊ ကျေးရွာတွေထဲ ဝင်ထွက်သွားလာရာမှာ အရပ်ဝတ် ဝတ်ဆင်ထားတဲ့အတွက် ဒေသခံ အများအပြားကို AA တပ်ဖွဲ့ဝင်ဆိုတဲ့ သံသယနဲ့ တပ်မတော်က ဖမ်းဆီးစစ်ဆေးတာ ခံနေကြရတယ်။ လက်ရှိအချိန်အထိ AA နဲ့ဆက်စပ်မှု သံသယနဲ့ တပ်မတော် အာဏာပိုင်တွေရဲ့ တရားစွဲဆိုခံရသူပေါင်း ၅၀ဝ ကျော်ရှိတယ်လို့ RFA သတင်း က ဆိုတယ်။ တပ်မတော်ဘက်က AA ဟာ အရပ်သားအသွင်ယူ တိုက်ခိုက်တာတွေရှိတယ်လို့ မကြာခဏ စွပ်စွဲပြောကြား နေသလို၊ AA ဘက်ကလည်း အစိုးရ တပ်မတော်အနေနဲ့လည်း အရပ်သားဝတ်နဲ့ လှုပ်ရှားတိုက်ခိုက်တာတွေ ရှိတယ်လို့ ပြန်လည်စွပ်စွဲထားတာ တွေ့ရတယ်။ 

ပြီးခဲ့တဲ့ မတ်လအတွင်းက ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကမ်းနီဒေသမှာရှိတဲ့ တပ်မတော် လေ့ကျင့်ရေးကျောင်းကို ရခိုင့် တပ်တော် AA တပ်က ဝင်သိမ်းတဲ့ ဗီဒီယိုဖိုင်တစ်ခု မကြာသေးမီက ဖေ့စ်ဘွတ်ပေါ် ပျံ့နှံ့လာခဲ့တယ်။ အဲဒီ ဗီဒီယိုဖိုင်မှာ AA တပ်သားတွေဟာ အရပ်ဝတ်တွေနဲ့ လက်နက်ကိုင် တိုက်ခိုက်ခဲ့ကြတာ တွေ့မြင်ရတယ်။ ဒီတိုက်ပွဲမှာ တပ်မတော်က အရပ်ဝတ် ဝတ်ထားတဲ့ လက်နက်ကိုင်တွေ ကို ရင်ဆိုင်ခဲ့ရတာဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောတယ်။ 

ဒါကြောင့် တပ်မတော်ဘက်က မကြာခဏ ပြောလေ့ရှိတာက AA တပ်ဖွဲ့ဝင်တွေဟာ အရပ်သားတွေနဲ့ ရောနှော နေထိုင် ပြီး အရပ်ဝတ်နဲ့ တိုက်ခိုက်တဲ့အတွက် အရပ်သားလား AA လားဆိုတာ ခွဲခြားသိနိုင်ဖို့ ခက်ခဲတယ်လို့ ဆိုတယ်။ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကတော့ သူတို့တပ်ဖွဲ့ဝင်တွေဟာ အရပ်သားဟန်ဆောင်လေ့မရှိဘူးလို့တုံ့ပြန်ပါတယ်။ တပ်မတော်ဘက်က AA ဟာ အရပ်သားအသွင်ယူ တိုက်ခိုက်တာတွေရှိတယ်လို့ မကြာခဏစွပ်စွဲနေသလို၊ AA ဘက်က လည်း အစိုးရ တပ်မတော်သားတွေအနေနဲ့လည်း အရပ်ဝတ်နဲ့ လှုပ်ရှားတိုက်ခိုက်မှုတွေရှိတယ်လို့ ခိုင်သုခက RFA ကို ပြောတယ်လို့ ဆိုတယ်။ ရခိုင်ပြည်နယ်မှာ ပြောက်ကျားတိုက်လေ့ရှိတဲ့ AA တပ်ဖွဲ့အနေနဲ့ အခြေချ စစ်စခန်းဖွင့်ပြီး နေရာ အတည်တကျယူ တိုက်တာမျိုး မဟုတ်တာရယ်၊ နယ်မြေခံတွေကို အခြေခံတဲ့ တပ်သားတွေဖြစ်တဲ့အတွက် ယူနီဖောင်း အခက်အခဲ ရှိနိုင်တာကြောင့် အရပ်ဝတ်နဲ့စစ်တိုက်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိတယ်။ ဒီလို အရပ်သား တပ်သား ခွဲခြားရခက်ခြင်းရဲ့ အကျိုးဆက်ကတော့ သံသယနဲ့ဖမ်းဆီးခံရတဲ့ အရပ်သားတွေ တနေ့တခြား ပိုများလာတယ် လို့ လေ့လာသူတွေက ဆိုတယ်။ AA ဟာ ကျေးရွာတွေအတွင်း အရပ်သားတွေနဲ့ ရောနှောပြီးနေတာကြောင့် အရပ်သား စစ်သား ခွဲခြားရခက်ပြီး၊ မှားယွင်း ဖမ်းဆီးမှုတွေ ဖြစ်နိုင်ကြောင်း အရပ်ဘက်အဖွဲ့တစ်ခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု များအစည်းအရုံး (REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအကြား AA နဲ့ ပတ်သက်ပြီး သံသယရှိနဲ့ ဖမ်းဆီးနှိပ်စက် ခံရတဲ့ အရပ်သား တွေ အများအပြားရှိနေတာကတော့ မြေပြင်အရှိတရားလို့ ဆိုတယ်။ ၂၀၁၉ ခုနှစ်အတွင်း တရားစွဲ အမှုဖွင့်ခံထားရသူ ပေါင်း ၅၀ဝ ကျော် ရှိနေကြောင်း စစ်တွေအခြေစိုက် သဇင်အထောက်အကူပြုအဖွဲ့ စာရင်းတွေမှာ ဖော်ပြထားတယ်။ သံသယရှိရင် ဖမ်းဆီးနိုင်တဲ့ ဥပဒေကြောင့် အမှန်တကယ် ပြည်သူတွေက နစ်နာရတယ်လို့သဇင်အထောက် အကူပြု အဖွဲ့မှ ဦးမျိုးမြတ်ဟိန်းက RFA သတင်းသို့ပြောတယ်။

"သံသယနဲ့မသင်္ကာရင် ဖမ်းဆီးလို့ရတယ်လို့ ဥပဒေရှိနေတာကိုး။ တရားစွဲတဲ့အဆင့်ထိ ရောက်တာ သေချာ ခိုင်မာတဲ့ အထောက်အထားရှိဖို့လိုပါတယ်။ အခု တရားရုံးတွေမှာ တော်တော်များများ လွတ်သွားတာမျိုးတွေ လည်းရှိပါတယ်။ မသေချာမခိုင်မာဘဲ စွဲလို့ရပြီးရောဆိုရင် ပြည်သူတွေ တော်တော်နစ်နာပါတယ်။" လို့ ဦးမျိုးမြတ်ဟိန်းက ဆိုတယ်။

ပြည်သူ့စစ်ပွဲလို့ကြေညာထားတဲ့ ပျောက်ကြားတိုက်ပွဲတွေဟာ အရပ်သားတွေနဲ့ရောနှောနေထိုင်ပြီး အရပ်ဝတ်နဲ့ တိုက် ခိုက်ကြတာ ထုံးစံတစ်ခုပဲလို့ စစ်ရေးသုံးသပ်သူတွေက ဆိုပါတယ်။ ဒီလိုအခြေအနေမှာ အရပ်သား စစ်သားခွဲခြားနိုင်ဖို့ တပ်မတော်ဟာ ဒေသခံတွေရဲ့ထောက်ခံမှု လိုအပ်ပြီး ရွာရှိလူအကုန်လုံးကို သူပုန်လို့သတ်မှတ်လို့မရကြောင်း နိုင်ငံရေး စစ်ရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဆိုပါတယ်။ စစ်မြေပြင်မှာ နယ်မြေခံလူထုရဲ့ ထောက်ခံမှုက တော်တော် အရေးကြီးပါတယ်။ လူထု အကူအညီရဖို့ လိုအပ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ ရွာတစ်ရွာကို ဝင်သွားပြီး ရွာရှိအကုန် သူပုန်ပဲ လို့ သတ်မှတ်လိုက်ရင် နောက်ဆက်တွဲ ရလဒ်တွေ အတော်ဆိုးပါလိမ့်မယ်။ REC က ကောက်ယူရရှိတဲ့ အချက်အလက် တွေအရ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေကြောင့် ၂၀၂၀ ဇန်နဝါရီလကနေ မေလ ၂၀ ရက်နေ့အထိ း ထိခိုက်သေဆုံးသူ အရပ်သာ၁၄၈ ဦး ရှိပြီး ဒဏ်ရာရရှိသူ ၃၄၇ ဦး ရှိကြောင်း သိရတယ်။ 

ဒီကာလအတောအတွင်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုးဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကူးစက်ပျံ့နှံ့မှု အရှိန်အဟုန် ကောင်းနေတဲ့အတွက်၊ ဒီကာလမှာ စစ်ပြိုင်ဘက်အသီးသီး တိုက်ပွဲတွေ ရပ်တန့်ပေးဖို့နဲ့ သတင်းအချက် အလက်တွေ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် အင်တာနက်ဆက်သွယ်မှု ပြန်ဖွင့်ပေးဖို့ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေက လိုလားနေကြတယ်။

မြန်မာအပါအဝင် တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တစ်သိန်းခွဲကျော်နေပြီဖြစ်တယ်။ ဒီကပ်ရောဂါ ကြောင့် စိုးရိမ်ထိတ်လန့်နေရချိန်မှာ ရခိုင်ပြည်နယ်ရှိ ပြည်သူတွေကတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးထက် တိုက်ပွဲတွေ၊ လက်နက်ကြီးကျည်တွေကို ပိုကြောက်နေကြရကြောင်း အရပ်ဘက်အဖွဲ့တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြတယ်။ စစ်ပွဲဖြစ်တဲ့နေရာက လူတွေဟာ ကိုရိုနာဗိုင်းရပ်စ်ထက် တိုက်ပွဲဖြစ်မှာကို ပိုစိုးရိမ်ကြတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)မှ ဦးဇော်ဇော်ထွန်းက ပြောတယ်။ REC အဖွဲ့ဟာ ရခိုင်ပြည်နယ်က စစ် ဘေးဒုက္ခသည်စခန်းတွေ အပါအဝင် နေရာအတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ကိစ္စ အသိပညာပေးမှု၊ အသုံးအဆောင် ပစ္စည်းလှူဒါန်းမှု စသဖြင့် လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်တယ်။ လက်ရှိရခိုင်ပြည်နယ်မှာ AA နဲ့ တပ်မတော်တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုတွေ နေ့စဉ် ရှိနေပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ အရေအတွက်ဟာလည်း နေ့စဉ်မြင့်တက်နေ တယ်။ 

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်နေချိန်မှာ နှစ်ဘက်တိုက်ပွဲတွေ ရပ်တန့်ထားသင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ တွေက အေကြံပြုကြတယ်။ လက်ရှိ ရခိုင်ဒေသမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဦးရေ (၁၆၀,ဝ၀ဝ) လောက်ရှိနေ ကြောင်း သတင်းတွေအရသိရတယ်။ ဒါကြောင့် စစ်ဘေးရှောင် စခန်းတွေမှာ လူစုလူဝေးနဲ့ နေထိုင်ကြရတဲ့အတွက် ကိုဗစ် ကပ်ရောဂါ ကာကွယ်ရေးကိစ္စဟာ မဖြစ်နိုင်တဲ့ အခြေအနေပါပဲ။ တိုက်ပွဲတွေကလည်း ပြင်းပြင်းထန်ထန် ဆက်တိုက်ဖြစ်နေ တဲ့အတွက် ဒုက္ခသည်တွေ ကျည်ဆန်ထိမှန် ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတယ်၊ ဒါကြောင့် အခုလို အချိန်အခါမျိုးမှာ တော့ ဘက်အသီးသီးအနေနဲ့၂ လတန်သည် ၃ လတန်သည် အပစ်အခတ် ရပ်ထားသင့်တယ်လို့သုံးသပ်ကြတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တားဆီးနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူတွေအနေနဲ့ အိမ်အပြင်မထွက်ကြဖို့၊ အပြင် ထွက်ရင် နှာခေါင်းစည်းတွေ သုံးဖို့၊ တစ်ဦးနဲ့တစ်ဦး သုံးပေကနေ ခြောက်ပေ အကွာမှာနေဖို့ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေ၊ ရေဒီယို၊ ရုပ်မြင်သံကြားတွေကနေ သတိပေးနေတာတွေ့ရတယ်။ 

ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေက ပြည်သူတွေ ဒီသတိပေးချက်တွေ သိရှိခွင့်ရရှီရေးဟာ တိုက်ပွဲရှောင်နေရ ခြင်း၊ အင်တာနက် အသုံးပြုခွင့် ပိတ်ပင်ဖြတ်တောက်ခံနေရခြင်းတို့ကြောင့် အဟန့်အတား ဖြစ်နေတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တွေနဲ့ ပလက်ဝမြို့နယ်တွေမှာ အစိုးရက အင်တာနက်ပိတ်ထားတာ ၁၀ လခန့် ရှိလာပါပြီ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင်လျှင် လူမှုကွန်ရက်စာမျက်နှာကို သုံးပြီး အသိပညာ ပေးခြင်း၊ ပြည်သူတွေနဲ့ တိုက်ရိုက်ဆွေးနွေးခြင်း စသဖြင့် လုပ်နေတာတွေ့ရတယ်။ ဒါကြောင့် မြန်မာပြည်တွင်းနဲ့ ကမ္ဘာ့ အခြေအနေတွေကို သရှိနိုင်ရေးအတွက် အင်တာနက် အသုံးပြုခွင့်ရရေးဟာ ရခိုင်ပြည်သူတွေအတွက် အရေးကြီးကြောင်း အရပ်ဘက်အဖွဲ့တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ပြပြောဆိုနေကြပါတယ်။ ဒီအချိန်မှာ အင်တာနက်ကို မဖြစ်မနေဖွင့်ပေးဖို့ လိုအပ်ကြောင်း ရခိုင်ပြည်နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက တိုက်တွန်းထား တာတွေ့ရတယ်။ ဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကျန်းမာရေးဌာနက အသိပညာပေးတာတွေ မလုပ်နိုင်တာကြောင့် ပြည်သူတွေ ဆောင်ရန်ရှောင်ရန်တွေ သိဖို့အတွက် အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးသင့်ကြောင်း မြောက်ဦးမြို့နယ် တိမ်ညိုဒုက္ခသည်စခန်း တာဝန်ခံ ဦးဝေလှအောင်က ပြောကြောင်း သိရတယ်။

ရခိုင်စစ်ပွဲကိစ္စ ယခုကဲ့သို့ ကိုဗစ်-၁၉-ကာလ အခြေအနေပေးခိုက် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ဖြေရှင်း သင့်တယ်။ လက်ရှိအခြေအနေကို ထိန်းချုပ်မှု မလုပ်နိုင်ခဲ့ရင် ရေရှည် ပျောက်ကြားစစ် ဖြစ်သွားနိုင်တယ်။ ပြည်တွင်း လက်နက်ကိုင် အင်အားစု အချင်ချင်း အပြုတ်တိုက် မရနိုင်ကြောင်း သမိုင်းသက်သေလည်း ရှိပြီးဖြစ်တယ်။ ရခိုင်ပြည်နယ်အတွင်း၂၀၁၉ ခုနှစ် အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်ပွဲတွေကြောင့် အရပ်သူအရပ်သား အများအပြား သေဆုံးခဲ့ရပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြတယ်။ လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရတယ်။ တိုက်ပွဲတွေအတွင်း ပေါ်ပေါက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအတွက် တပ်မတော်နဲ့ AA တို့ တစ်ဖက် နဲ့ တစ်ဖက် အပြန်အလှန် အပြစ်ပုံချနေကြ တာတွေ့နေရတယ်။ ယခုအခါ မိုးရာသီကျရောက်လာပြီဖြစ်လို့စစ်ဘေးရှောင် ပြည်သူလူထု သေကျေ အနာတရဖြစ်ရ ရုံမက၊ အိုးခြေအိ်မ်ခြေမဲ့ ဘဝနဲ့ နေရေးစားရေး ကျန်းမာရေး အလွန်ခက်ခဲနေကြရတယ်။ ဒီလို ဒုက္ခအကြီးအကျယ်ရောက် နေကြရတဲ့ စစ်ဘေးသင့် ပြည်သူတွေရဲ့အရေးကိစ္စကို အစိုးရအနေနဲ့ တာဝန်ယူ ဖြေရှင်းပေးသင့်တယ်။ 
 
လက်ရှိအခင်းအကျင်းအတိုင်း အပြန်အလှန် သဘောထား တင်းမာနေကြပါက ရခိုင် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝ ဒေသတွေမှာ Covid -19 ကာကွယ်ရေး ကိစ္စ ပူးပေါင်းဆောင်ရွက်ရေး အလားအလာ အားနည်းလွန်းတာ တွေ့ရတယ်။ အထူးသဖြင့် AA ကို အကြမ်းဖက်အဖွဲ့အဖြစ် မစေ့စပ်စတမ်း သတ်မှတ်ထားရင် ပြည်တွင်းစစ်ရပ်တန့်ရေး၊ အမျိုးသားပြန် လည်သင့်မြတ်ရေးမျှမက၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်လည်း လမ်းစ ပျောက်သွားပါလိမ့်မယ်။ အစိုးရနဲ့ တပ်မတော် တို့အနေနဲ့ မူလ ကနဦး ချမှတ်ထားခဲ့တဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ် စဲရေး (NCA) သဘောတူ ညီချက်ကို လိုက်နာ စောင့်ထိန်းပြီး၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြန်လည် ဖေါ်ဆောင်နိုင်ရေးအတွက် Covid-19 ကာကွယ်ရေးကိစ္စကို အကျိုးရှိရှိ အသုံးချသင့်တယ်။ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ၂၀၁၅ အောက်တိုဘာလမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး(NCA) သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဟာ အမြင့်ဆုံး ရလဒ် လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ် ပြီးတဲ့နောက် နိုင်ငံရေးတစ်ဆို့မှုတွေ ပေါ်ပေါက်ခဲ့တာကြောင့် ရှေ့ ဆက်မသွားနိုင်ခဲ့ဘူး။ စစ်ရေးပဋိပက္ခတွေ လျှော့ချနိုင်ရေးအတွက် အစိုးရအနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လက် ရှင်သန်နိုင်မယ့် နည်းလမ်းကို ကြိုးစားရှာဖွေရမယ့် အချိန်ရောက်နေပြီလို့ ယူဆကြောင်း၊ ဒါမှသာ ပြည်တွင်းစစ် သံသရာဝဲသြဃအတွင်းမှ ရုန်းထွက်နိုင်မှာဖြစ်တယ်လို့ အလေးအနက် သုံးသပ်မိပါကြောင်း။

(၂၀၂၀ ဇွန်လ (၁၁)ရက် ကြာသပတေးနေ့ထုတ် ဒီလှိုင်းစာစောင်၌ ဖေါ်ပြသည့် ဆောင်းပါး)