Breaking News

တခုနဲ့ တခု ချိတ်ဆက်ယှက်နွယ်နေတဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာ


မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၇ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၂၃


တခုနဲ့ တခု ချိတ်ဆက်ယှက်နွယ်နေတဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာ 

မြန်မာနိုင်ငံရဲ့ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာ အကျပ်အတည်းဟာ အကြောင်းတခုထည်းကြောင့်၊ ပြဿနာ တခုတည်းကြောင့် ဖြစ်ပွားလာတာမဟုတ်ပဲ ဆယ်စုနှစ်နဲ့ချီတဲ့ တခုမကတဲ့ နိုင်ငံရေးပြဿနာတွေ၊ တခုအပေါ် တခုချိတ်ဆက်ယှက်နွယ်နေတဲ့ အကျပ်အတည်း တခုလို့ဆိုရင် မှားမယ်မထင်ပါဘူး။ အဲဒီလို ဆိုလိုက်လို့ လတ်တလော ပြဿနာဖြစ်စေတဲ့ အကြောင်းတွေ အကြောင်းရင်းတွေ၊ လူပုဂ္ဂိုလ် တဦးတယောက်ရဲ့ အတ္တ၊ စိတ်နေစိတ်ထား၊ အကျိုးစီးပွားဆိုတဲ့ အချက်တွေကို လုံးဝပစ်ပယ်ပြီးထားတာ မဟုတ်ပါဘူး။ လတ်တလော အကြောင်းခြင်းရာတွေလည်း အတိုင်းအတာတခုထိ အရေးပါတာ မှန်ပေမယ့်လည်း ပြဿနာရဲ့ အရင်းအမြစ် ဆယ်စုနှစ်နဲ့ချီလာတာ၊ မျိုးဆက်တခုကနေ တခုထိ သယ်ဆောင်လာတဲ့ မယုံကြည်မှု၊ နာကြည်းမှု၊ သံသယ၊ အကျိုးစီးပွား စတာတွေက အခြေခံကျတယ်လို့ ဆိုချင်တာဖြစ်ပါတယ်။ 

လူပုဂ္ဂိုလ် တဦးတယောက်ရဲ့ သဘောထား၊ ဆန္ဒ၊ ရည်မှန်းချက်ဆိုတာတွေထက် အခြေခံ နိုင်ငံရေး အယူအဆဆိုင်ရာ ပြဿနာ၊ အကျိုးစီးပွားခွဲဝေမှု မမျှတခြင်း၊ ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ လူ့အခွင့်အရေးအပေါ် အခြေခံတဲ့ စံတန်ဖိုးတွေ၊ ဘာသာရေး၊ လူမျိုးရေး အယူအဆ ခံယူမှုတွေ၊ လူမျိုးစုတွေအကြား တန်းတူညီမျှမှု စတဲ့ အကြောင်းခြင်းရာတွေကိုလည်း ချန်မထားကြဖို့ တပြိုင်နက်ထည်း ဖြေရှင်းလို့ရသလောက် ဖြေရှင်းသွားမှသာ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ပြဿနာကို ရေရှည်အမြင်နဲ့ အဖြေရှာရာ ရောက်ပြီးတည်တံ့တဲ့ နိုင်ငံရေး တည်ငြိမ်မှုနဲ့ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းမှုဆီ ရောက်နိုင်မှာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ဘာပြဿနာတွေရှိနေလဲလို့ ပထမဆုံးအဆင့်နဲ့ ချဥ်းကပ်ကြည့်တဲ့အခါ ဒီမိုကရေစီ မရှိတဲ့ ပြဿနာက အားလုံးအဖို့ ထင်သာမြင်သာရှိတဲ့ ပြဿနာဖြစ်ပြီး ဒီအချက်မှာ အငြင်းပွားစရာ မရှိဘူးလို့ ထင်ပါတယ်။ မြန်မာနိုင်ငံ ဗြိတိသျှကိုလိုနီထံက လွတ်လပ်ရေးရလာပြီးနောက် ဒီမိုကရေစီ အတိုင်းအတာတခုထိရှိခဲ့ပြီး အဲဒီခေတ်ကာလကတော့ ဒီမိုကရေစီအရေးက ကမ္ဘာမှာ ရှေ့တန်းမရောက်ပဲ ဆိုရှယ်လစ်ဝါဒ၊ အရင်းရှင်ဝါဒ စစ်အေးတိုက်ပွဲ အားပြိုင်မှုအရှိန်မြင့် တက်ချိန်လည်းဖြစ်ပါတယ်။ ဒီအချက်ကြောင့် အချို့နိုင်ငံတွေမှာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်တာကိုတောင် စစ်အေးတိုက်ပွဲမှာ ကိုယ့်ဘက်ပါရင် ထောက်ခံခဲ့ကြတဲ့ ကာလလည်း ဖြစ်ပါတယ်။ စစ်အေးတိုက်ပွဲနဲ့ တိုက်ရိုက် မဆက်စပ်ပေမယ့် လက်ဝဲ လက်ယာ အယူအဆအကွဲက မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပွားဖို့ရာ အကြောင်းတချက် ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး တနည်းအားဖြင့် လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဖက်ဒရယ်အရေးကလည်း လွတ်လပ်ရေးရတဲ့ အချိန်မှာ စတင်ပြီး တောင်းဆိုလာကြတာ ဖြစ်ပါတယ်။ 

တဖက်မှာ လူမျိုးစုတန်းတူညီမျှမှု၊ နိုင်ငံသားအခွင့်အရေး တောင်းဆိုမှုတွေကို လူမျိုးရေး ပြဿနာအဖြစ် ပုံဖေါ်ကာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားစေဖို့ တွန်းပို့သလို ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးခါစ ကမ္ဘာမှာ လက်ဝဲဝါဒ တနည်းအားဖြင့် ဆိုရှယ်လစ်ဝါဒ ခေတ်စားခဲ့ခြင်းကြောင့်လည်း တိုင်းရင်းသားအရေး လူမျိုးစုအရေးကို အရင်းရှင်နဲ့ ဆိုရှယ်လစ် စနစ်တိုက်ပွဲရဲ့ လက်အောက်ခံအဖြစ် သဘောထားကာ လူမျိုးစုတန်းတူ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အလေးထား မစဥ်းစားခြင်းက ရေစီးသဖွယ် ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံဟာလည်း အဲဒီရေစီးထဲ ပါဝင်ကာ လူမျိုးစုတွေရဲ့ ဘာသာစကား၊ ယဥ်ကျေးမှု၊ နယ်မြေသတ်မှတ်မှု၊ လူမျိုးစု အချင်းချင်း တန်းတူထားဆက်ဆံခြင်းမပြုပဲ လက်အောက်ခံသဖွယ် ဆက်ဆံမှုတွေက ဖက်ဒရယ်အရေးကို ဆက်လက်တိုက်ပွဲဝင်ဖို့ ခိုင်မာတဲ့ နိုင်ငံရေး အကြောင်းခံ အချက် ဖြစ်နေခဲ့ပါတယ်။ 

မြန်မာနိုင်ငံရဲ့ နှစ် ၇၀ ကျော် ပြည်တွင်းစစ်မှာ လက်နက်ကိုင် အင်အားကြီးတဲ့ အဖွဲ့တွေရဲ့ ဝိသေသလက္ခဏာ တနည်းအားဖြင့်ဆိုရင် လက်ဝဲဝါဒနဲ့ စစ်အာဏာရှင်တို့ရဲ့ အားပြိုင်မှုက ဆယ်စုနှစ်အချို့ ပင်မအားပြိုင်တိုက်ခိုက်မှုဖြစ်ခဲ့ပြီး၊ တိုင်းရင်းသား လူမျိုးစု အခွင့်အရေး ကိုယ်ပိုင်ပြဌာန်းခွင့် အတွက်တိုက်ခိုက်မှုက ဒုတိယနေရာသာ ရှိခဲ့တာဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် ဗကပ ပြိုကွဲပြီးနောက်မှာတော့ လက်ဝဲဝါဒနဲ့ စစ်အာဏာရှင် အားပြိုင်မှုက အချိုးအကွေ့ တခုမှာ ရပ်ဆိုင်းသွားခဲ့ပြီး တိုင်းရင်းသား ဖက်ဒရယ်အရေးက ရှေ့တန်းကိုရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။  

လတ်တလော ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ တဖန် ဒီမိုကရေစီ အရေးက ရှေ့တန်းကို တဖန် ပြန်ရောက်လာကာ အဲဒီ လက်နက်ကိုင် အင်အားစုကြီးထဲမှာ  တိုင်းရင်းသား လက်နက်ကိုင် အင်အားစု၊ စစ်အာဏာသိမ်းပြီးနောက်မှ လက်နက်ကိုင်ဖို့ ပိုင်းဖြတ်လိုက်ကြတဲ့ ကျောင်းသားနဲ့ လူငယ်အင်အားစုတွေပါ  ပူးပေါင်းကာ ဘုံရန်သူ စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်ဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ 

ဒီနေရာမှာ ဒီမိုကရေစီအရေးက ပထမ၊ လူမျိုးစုကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တနည်း ဖက်ဒရယ်အရေးက ဒီမိုကရေစီအရေး အောင်မြင်ရင် ကျွဲကူးရေပါ ဖြေရှင်းပြီးသားဖြစ်လိမ့်မယ်လို့ ယူဆမှုတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။ 

ဖြတ်သန်းခဲ့တဲ့ သမိုင်းအတွေ့အကြုံအရ ဒီအယူအဆတွေဟာ မမှန်ကန်ဘူးဆိုတာ သင်ခန်းစာ ယူနိုင်ကြမယ်လို့ ထင်ပါတယ်။ ပြဿနာတွေ တခုနဲ့တခု ချိတ်ဆက်ယှက်နွယ်နေတာကြောင့် ဒီမိုကရေစီအရေးလို့ ဆိုရင် ကျန်တဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ်စနစ်၊ လူ့အခွင့်အရေး၊ လူနည်းစု အခွင့်အရေး၊ ဘာသာရေး လူမျိုးရေးခွဲခြားမှုမရှိရေး စတာတွေကိုပါ တပြိုင်နက်ထည်း အဖြေရှာဖို့ လိုအပ်တာ ဖြစ်ပါတယ်။ 

အဆိုပါ ကိစ္စရပ်တွေကို တပြိုင်နက်တည်း ပြေလည်အောင် မဖြေရှင်းနိုင်သည့်တိုင် အခြေခံ သဘောထားမှုမှာ ပြတ်သားရှင်းလင်းတဲ့ မူ၊ ကတိကဝတ်၊ ချက်ချင်း ကျင့်သုံးလို့ရတဲ့ ကျင့်သုံးမှုတွေကို လုပ်ဆောင်ကြဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။ 

ပိုကြီးတဲ့ ပြဿနာကို ဖြေရှင်းကြရာမှာ သူ့လောက်မကြီးတဲ့ ပြဿနာကို ဖျာအောက် ထိုးထည့်ထားတာမျိုး မလုပ်သင့်ကြတော့တဲ့ အချိန်ကာလ ရောက်နေတာလည်း ဖြစ်ပါတယ်။ ပြဿနာတိုင်းကို ပြဿနာလို့ အသိအမှတ်ပြုဖို့ လိုအပ်သလို အဓိကကျတာ လတ်တလော အားလုံးကို ခြိမ်းခြောက်နေတဲ့ ပြဿနာကို အရင်ဆုံး ဖြေရှင်းကြရမှာ မှန်သော်လည်း ပြဿနာတခု ပြေလည်သွားချိန်မှာ နောက်ပြဿနာတခုက နေရာဝင်ယူပြီး အဆိုးသံသရာ မလည်စေဖို့ အတွက် ပြဿနာတွေအကြားက ဆက်စပ်ယှက်နွယ်မှုကို အသိအမှတ်ပြုပြီး မဟာမိတ်အဖွဲ့အစည်းတွေအကြား ၊ ပြည်သူလူထုအပေါ်  ရိုးသားတဲ့ ရပ်တည်ချက်နဲ့  ဖြေရှင်းနိုင်ကြမှသာ ဆယ်စုနှစ်များစွာကြာမြင့်တဲ့ ပြည်တွင်းစစ်၊ လက်နက်ကိုင် ပဋိပက္ခ၊ လူမျိုးကြီးဝါဒ တို့ကနေ လွတ်မြောက်နိုင်မှာဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar