Breaking News

ဆယ်ပေါင်တူ - ဇလုံစကီးနှင့် ကျွန်ုပ်တို့၏ နထို့ပလွတ်ရွာ

ဇလုံစကီးနှင့် ကျွန်ုပ်တို့၏ နထို့ပလွတ်ရွာ

ဆယ်ပေါင်တူ 

(မိုးမခ) မတ် ၃၁ ၊ ၂၀၂၄

ဇလုံစကီးတယောက် ဆယ်ပေါင်တူတို့ရွာသို့ အလည်ရောက်ရှိလာသည်ဟု ရေးရုံမျှဖြင့်တော့ လုံလောက်မည် မထင်။ ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြဖို့ လိုအပ်ပေမည်။ ဇလုံစကီးလို အလုပ်အင်မတန် များသောသူက အဘယ့်ကြောင့် ဆယ်ပေါင်တူတို့၏ ‘နထို့ပလွတ်’ရွာသို့ ရောက်လာရသနည်း ဆိုသည်က စရပါလိမ့်မည်။

‘နထို့ပလွတ်’ရွာကြီးကို မကြားဖူးသူများလည်း ရှိကောင်းရှိနိုင်သည့်အတွက် မည်သို့မည်ပုံ ဤရွာနာမည်ဆန်းကို မှည့်ဖြစ်သွားခဲ့ပါသနည်း ဆိုသည်ကိုလည်း ချန်လှပ်ထား၍ မရ။ ရိုးသားစွာ ဝန်ခံရလျှင် ဆယ်ပေါင်တူတို့ ရွာသူရွာသားများက ညီညွတ်မှုအရာမှာ အားနည်းကြ‌သည်။ သူဖြူလျှင် ကိုယ်မည်းကြဖို့ မွေးရာပါ သမိုင်းပေးတာဝန် တခုလို သဘောထားတတ်ကြသည်။ နထို့ပလွတ်ရွာ အမည်ကလည်း ဤကပင် အရင်းခံသည်။

ရွာနာမည်ပေးဖို့ တိုင်ပင်ကြစဉ်က အစဉ်အလာအတိုင်း နှစ်ခြမ်းကွဲကြလေသည်။ တချို့က ဆရာ ကြီးကွေး၏ စာတွေထဲမှ ‘နထို့ပလို့’ရွာ ဆိုသည်ကို သဘောကျကြပြီး တချို့ကျ သမိန်ပေါသွပ်ထဲက ‘ယလွတ်ပလွတ်’ မြို့အမည်ကို ပိုကြိုက်ကြသည်။ ဤသို့ ငြင်းကြ ခုံကြရာမှ တုတ်တပြက် ဓားတပြက် ဖြစ်ကုန်ကြ၍ နောက်ဆုံး ဂုရုကွေးကြီး၏ ‘နထို့’ နှင့် သမိန်ပေါသွပ်ဆီမှ ‘ပလွတ်’ကို ပေါင်းကာ ရန်မီးအေးသည့် ရွာအမည် ဖန်တီးပေးခဲ့ကြရသည်။ ဤသည်ကား ကမ္ဘာကျော် ‘နထို့ပလွတ်’ရွာကြီး၏ အစပထမ သမိုင်းဦးနိဒါန်းပင်။

နထို့ပလွတ် အကြောင်း ရှင်းပြပြီးသည့်နောက် ဇလုံစကီးကိုလည်း မိတ်ဆက်ရပေဦးမည်။ အကြောင်းမှာ သူသည် အများသိပြီးသော ယူကရိန်းနိုင်ငံမှ ဇလန်းစကီး မဟုတ်သောကြောင့် ဖြစ်သည်။ ဇလန်းစကီးလို ကမ္ဘာမကျော်သော်လည်း နထို့ပလွတ် အနီးတဝိုက်တွင်တော့ သူ့ကို အတော်လူသိများကြသည်။ အခု ခေတ်စားနေသော ဇလုံထမင်းဆိုင်ခွဲများ ပိုင်ဆိုင်သူတဦးဖြစ်၍ ဇလန်းစကီး နာမည်ကျော်နေချိန်တွင် သူ့ကို ဇလုံစကီးဟု အမည်ပေး ခေါ် ဝေါ် လိုက်ကြခြင်း ဖြစ်သည်။

ပရီးမီးယားလိဂ်ဘောလုံးပွဲပရိသတ်တွေမနည်းလှသော ဆယ်ပေါင်တူတို့ဒေသတွင် ရပ်ရွာအလိုက် ဘောလုံးအသင်းများ ဖွဲ့ထားကြသည်ကလည်း မထူးဆန်း။ ဇလုံစကီး တို့နေသည့် မြို့ကြီးများတွင် ပိုလို့တောင် ရေပန်းစားကြပြီး တတ်နိုင်သူများက ဘောလုံးအသင်းများ ထောင်ထားကြသည်။ ကြေးရတတ် ဇလုံစကီးသည်လည်း ဘောလုံးကလပ် ပိုင်ရှင်တဦးဖြစ်သလို သူကိုယ်တိုင်လည်း နည်းပြတဦး ဖြစ်သည်။

သူ့အသင်းနှင့် အဓိကပြိုင်ဘက်အသင်းက ကိုပုတင်၏ဘောလုံးအသင်း ဖြစ်သည်။ သူတို့နှစ်ယောက်က တမြို့တည်းသားတွေ မဟုတ်၊ ဟိုဘက်မြို့ ဒီဘက်မြို့ ကပ်နေသူများ ဖြစ်သည်။ ကိုပုတင်က စီးပွားပိုတောင့်တင်းသူဖြစ်၍ သူ့အသင်းအတွက် ငွေကုန်ကြေးကျ ပိုခံနိုင်သည်။ ပြီးတော့ သူက လူမိုက်၊ ဒီနယ်တဝိုက်မှာတော့ ဗိုလ်ကျ ရမ်းကားတတ်သူ၊ သူနှင့်အကြောမတည့်လျှင် အဆိပ်ကြိုက်လား၊ ကျည်ဆန်ကြိုက်လား၊ ဒါမှမဟုတ် ဘာနဲ့မှန်းမသိဘဲ ကိစ္စတုံးသွားချင်သလား ဆိုပြီး အသားလွတ် ခြိမ်းခြောက်တတ်သည်။

ပုတင် ယူနိုက်တက်နှင့် ဇလုံစကီး ယူနိုက်တက်တို့ ကန်ကြသည့်နေ့များဆိုလျှင် ကွင်းလုံးပြည့် အားပေးကြသည်။ အခြား မြို့ကြီးပြကြီးများကလည်း သတင်းကို နားစွင့်ကြသည်။ လူအားလုံး ၏အာရုံက ထိုဘောလုံးပွဲမှာပဲ ရောက်ကုန်ကြသည်။ အခုအခါမှာတော့ ထိုကဲ့သို့ မဟုတ်တော့၊ အားလုံးက ဆယ်ပေါင်တူတို့ဆီက နထို့ပလွတ် ချန်ပီယံဖလားလုပွဲကိုသာ တခဲတနက် ကြည့်ရှုအားပေးနေကြ၍ သူတို့ပွဲစဉ်များမှာ ကျီးနှင့်ဖုတ်ဖုတ် ခြောက်ကပ်လို့နေ လေပြီ။

နထို့ပလွတ်ရွာတွင် အတင်းအဓမ္မ ရွာလူကြီး တက်လုပ်နေသည့် မိကြင်စိုးက ဘောလုံးအသင်း ထောင်ထားသည်။ အသင်းနာမည်ကို ခန့်ခန့်ညားညား ပေးထားသော်လည်း အားကစားအိတ်များအစား ခြင်းကြားများကိုသာ သုံးစွဲစေသောကြောင့် လူတွေက ခြင်းကြားယူနိုက်တက်ဟုသာ ခေါ် ဝေါ်ကြသည်။ သူ့အသင်းနှင့် ယှဉ်ပြိုင်ဘက်ကတော့ ဆယ်ပေါင်တူတို့ တရွာလုံးနီးပါးက အားပေးကြသည့် ရွာ့ဂုဏ်ဆောင် နွေဦးယူနိုက်တက်အသင်းပဲ ဖြစ်သည်။ နွေဦးကာလမှာ စတင်ဖွဲ့စည်းခဲ့၍ ဤအမည်ကို ပေးထားကြခြင်း ဖြစ်သည်။

ခြင်းကြားယူနိုက်တက်အတွက် မိကြင်စိုးက ကျေးရွာရန်ပုံငွေကို ဖေါဖေါသီသီ သုံးစွဲထားသည်။ မြို့ကြီးပြကြီးများက ဘောလုံးသမားများ စီးသော ဘောကန်ဖိနပ်များကို ဆင်ထားပေးသည်။ ညစ်ပတ်ကြသူများပီပီ ဖိနပ် အောက်ခံဘားများတွင် သံချွန်များ ထပ်ပြီးတပ်သည်။

နွေဦးယူနိုက်တက် ကစားသမားလေးများမှာတော့ ဘောလုံးကန်ဖိနပ်ဆို၍ မည်မည်ရရ ပြောစရာမရှိ။ ဖိနပ် ဗလာဖြင့် ကန်သူကကန်၊ တချို့ကျပြန်တော့ ကင်းဘတ်စ်ဖိနပ်ဟောင်းလေးများကို ဘောကန်ဖိနပ်ပုံစံ ပြင်ဆင် ချုပ်လုပ်ထားသည့် ရွာဖြစ် လက်လုပ်ဖိနပ်လေးများဖြင့်သာ ကစားကြရသည်။

အစပိုင်းပွဲများတွင် လူညစ် ခြင်းကြားယူနိုက်တက်များ၏ ဖိနပ်သံချွန်များဖြင့် တက်နင်းမှု၊လူချကစားမှုတို့ကို အလူးအလဲ ခံကြရရှာသည်။ သွေးသံရဲရဲဖြင့် ကစားနေရသော နွေဦးယူနိုက်တက် အသင်းသားလေးများကို ကြည့်ကာ ရွာသူရွာသားများမှာ တောက်တခေါက်ခေါက်ဖြင့် မချိတင်ကဲ ဖြစ်ကြရသည်။ ဘယ်လိုပဲ နာကျင် ထိခိုက်ရပါစေ၊ အနိုင်မခံ အရှုံးမပေးသည့် စိတ်ဓာတ်ပိုင်ဆိုင်မှုကြောင့် နွေဦးယူနိုက်တက်ကို ခြင်းကြားတို့ ဘယ်လိုမှ အနိုင် မကစားနိုင်ခဲ့ကြ။

အရှုံး အနိုင် အဆုံးအဖြတ် မပေးနိုင်သောကြောင့် ပွဲစဉ်တခုပြီးတခု ဆက်၍ ကစားနေကြရသည်။ အချိန်ကြာလာသည်နှင့်အမျှ နွေဦးယူနိုက်တက်က ပိုခြေတက်လာသည်။ ရွာခံများနှင့် မြို့သို့ ပြောင်းရွှေ့သွားကြသူများ စုပေါင်း ဝယ်ယူပေးမှုကြောင့် လူစေ့မဟုတ်သည့်တိုင် ပရော်ဖက်ရှင်နယ် ဘောကန်ဖိနပ်များဖြင့် ကစားနိုင်သူများပင် ရှိလာကာ ခြေစွမ်းပိုမိုပြလာနိုင်ကြသည်။ သို့ရာတွင် ကိုနုကြီးတို့အဖွဲ့ နည်းပြလုပ်ကြသည့် နွေဦးယူနိုက်တကအသင်းက ပွဲသိမ်းအနိုင် မကန်နိုင်ကြသေးသောကြောင့် တပွဲပြီးတပွဲ၊ ထပ်ကာထပ်ကာ ကစားနေကြရသည်။

တရွာလုံးနီးပါးက မိကြင်စိုးတို့ကို ဘယ်လိုမှ ကြည့်မရကြသူများဖြစ်၍ မြန်မြန်ဆန်ဆန် အနိုင်ရချင်နေကြသည်ကို နားလည်နိုင်သည်။ ဤနေရာတွင် ပြဿနာရှာချင်ကြသူများက အမြို့မြို့ အနယ်နယ်ရောက် နထို့ပလွတ် ရွာသူရွာသားတချို့ ဖြစ်သည်။ သူတို့က နည်းပြလုပ်သည့် ကိုနုကြီးတို့တတွေ ညံ့လွန်းသောကြောင့် မနိုင်သေးတာဟု နေ့နေ့ညည ပြောကြသည်။

ဇလုံစကီး နထို့ပလွတ်ရွာသို့ လာရောက်ခြင်းက ခြင်းကြားနှင့် နွေဦးအသင်း အရှုံး အနိုင် မပြတ်ဘဲ ပွဲစဉ်တွေ ရှိနေသမျှ သူတို့အသင်းနှင့် ပုတင်အသင်းတို့၏ ပွဲစဉ် လာကြည့်သူမရှိ ဖြစ်နေဦးမည်ကို ပြောင်းလဲပစ်နိုင်ဖို့အတွက် ဖြစ်သည်။ အထက်ကပြောခဲ့သည့် မြို့မှတချို့ကလည်း ကိုနုကြီးနေရာကို ဇလုံစကီး ဝင်ယူပေးစေချင်သည်။

နထို့ပလွတ်ရွာ ဘောလုံးကွင်းသည် ရွာကွင်းပင် ဖြစ်လင့်ကစား သေသေသပ်သပ် ရှိသည်။ ကွင်းပတ်ပတ်လည်တွင် ဝါးဖြင့် ဘောလုံးပွဲကြည့်စင် အနိမ့်အမြင့် ၃ ဆင့် ဆောက်လုပ်ထားသည်။ ဆယ်ပေါင်တူက ဇလုံစကီးကို ရှေ့ဆုံးတန်းနေရာကကြည့်ဖို့ ခေါ်သွားသည်ကို မြင်ရသည်နှင့် တတိယတန်းစင်တွင် ထိုင်နေကြသော မြို့တကာမှ လာရောက် ကြည့်ရှုကြသည့် ကိုနုကြီးတို့ကို ဖောင်းထုလေ့ရှိသောသူများနှင့် သူတို့အုပ်စုကို အားပေးသူများက လက်ခုပ်လက်ဝါးတီး ကြိုဆိုကြသည်။

မြို့အနေကြာသူများ ဖြစ်ကြ၍ ‘ကိုနုကြီး ကိုနုကြီး အောက် … အောက်၊ ဇလုံစကီး ဝဲလ်ကမ်း …ဝဲလ်ကမ်း’ ဟု အင်္ဂလိပ်စကားလုံးများ ညှပ်ကာ အော်ဟစ်ကြသည်။ လက်ခေါက်တွေ မှုတ်ကြသည်။

ဇလုံစကီးလည်း သဘောကျသွားကာ ပြုံးပြုံး ပြုံးပြုံးနှင့် “ဒီလောက်တောင် ငါ့ကို ဖိတ်ခေါ်နေကြရင် မင်းတို့အသင်းကို ငါ ကိုင်ပေးဖို့ စဉ်းစားပေးရမှာပေါ့၊ ငါ လေ့ကျင့်ပေးရင် မိကြင်စိုးတို့အသင်းကို မင်းတို့ ချက်ချင်းနိုင်ပြီး ချန်ပီယံဖလား ရမှာကွ၊ မင်းတို့ဆီက ဘောလုံးပွဲတွေ ပြီးသွားတာနဲ့ ငါ့အသင်းနဲ့ ပုတင်အသင်း ကန်တဲ့ပွဲစဉ်တွေ လူတွေက ပြန်ပြီး လာကြည့်ကြလိမ့်မယ်။ တချက်ခုတ် နှစ်ချက်ပြတ်ပေါ့ကွာ”ဟု ပြောသည်။

ဘောလုံးပွဲ စတင်သည်နှင့် နှစ်ဖက်အားပေးသူများ၏ သူ့အသင်းကိုယ့်အသင်း အားပေးသံများက ဆူညံလို့လာသည်။ အချိန်သိပ်မယူလိုက်ရ၊ နွေဦးယူနိုက်တက်က ဘယ်တောင်ပံ၊ ညာတောင်ပံ၊ ကွင်းလယ် နေရာစုံက ထိုးဖောက် တိုက်စစ်ဆင်နေသောကြောင့် ခြင်းကြားတို့တသင်းလုံး ဂိုးနားအထိဆင်းပြီး အသေအလဲ ခုခံနေကြရသည်။

နွေဦးဖန်များက စိတ်အားတက်ကြွလာပြီး အော်ဟစ်အားပေးနေကြသော်လည်း တတိယတန်းဆီကတော့ ကိုနုကြီး မလုပ်တတ် မကိုင်တတ်သည့် အကြောင်းကိုပဲ အော်နေတာကို ကြားရသည်။ သူတို့ သဘောကျသည့် တိုက်စစ်မှူး အတွဲဖြင့် လူလဲကစားပေးဖို့ ဆိုတာလည်း ပါသည်။ သို့သော် သူတို့ကြာကြာ မအော်လိုက်ရ၊ ဘာကြောင့်လဲ ဆိုတော့ ထိုသူနှစ်ဦးက သူတို့အတူတွဲ မကစားနိုင်တော့ဟု ကောက်ကာငင်ကာ ဆိုလိုက်သောကြောင့် ဖြစ်သည်။ 

မြို့မှလာသည့် တတိယတန်းစင်ပေါ်ကလူများ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် စိတ်ညစ်သွားကြသည်။ သူတို့က ဒီလိုမဖြစ်စေချင်၊ သူတို့ကြိုက်သည့် တိုက်စစ်မှူးနှစ်ဦးနှင့် အကွက်သစ်တွေ ဖော်ကစားကာ ကိုနုကြီးထက်၊ သူတို့အုပ်စုက ပိုခြေပေါ်အောင် ကစားနိုင်ကြောင်း သက်သေပြလိုသည်။ အခုတော့ သူတို့အားလုံး ထိုင်ငိုင်သွားကြရသည်။

အာရုံပြောင်းစေချင်လို့လားတော့ မသိ၊ သူတို့အထဲက I LOVE NEW YORK တီရှပ် ဝတ်ဆင်ထားသည့် မြို့ကြီးသူ တယောက်က ‘မောင်…အများပြောတဲ့ သွေးခွဲစကားတွေကို၊ မောင်… အသည်းထဲက စွဲမြဲပြီးယုံရင်၊ မောင်….’ ဟု အ စချီပြီး သီချင်းတပုဒ်ကို အသံကွဲကြီးဖြင့် ကောက်ဆိုလိုက်သည်။

ထို့အပြင် သူတို့နားတွင်ထိုင်နေသည့် ဟိုမြို့မှာ ရှိသလိုလို၊ ဒီမြို့ကိုရောက်နေသလိုလို၊ အထူးမြို့ပျောက်ဝိဇ္ဇာကဲ့သို့ အစွမ်းရှိပုံရသူ အမျိုးသမီးတဦးကလည်း ‘ ကိုနုကြီးတို့က မြို့ကူးလက်မှတ်အတု လုပ်ရောင်းနေကြောင်း’ လက်ညှိုးငေါက်ငေါက် ထိုးပြီး ရုတ်တရက် ထပြောပြန်သည်။ ကမ္ဘာ့ခုံရုံးကို တိုင်မယ်၊ အသံဖိုင်တွေ ဖွင့်ပြလိုက်ရမလား ဆိုပြီးလည်း ခြိမ်းခြောက်သည်။

အားလုံး၏ မျက်စိဒေါက်ထောက် ကြည့်ခံနေရသော ကိုနုကြီးတို့က တရားမဝင်လုပ်ငန်းတွေ အရမ်းအရမ်း အဇမ်းကို လုပ်ကိုင်ချင်စိတ်တွေ ပေါက်နေရင်တောင်မှ၊ အန္တရာယ်အလွန်ကြီးလှသည့် မြို့ကူးလက်မှတ်အတု ရောင်းဝယ်ရေးကိုတော့ လုပ်ကြမှာမဟုတ်ဟု စဉ်းစားမိ၍ အများက မယုံကြည်ကြ။

ထိုခဏမှာပဲ ဘယ်ကဘယ်လို အချင်းစများကြသည် မသိ၊ ဆူဆူညံညံ အသံများကြားရ၍ လှည့်ကြည့်မိတော့ အနှီ မြို့ကြီးသူနှစ်ဦး အော်ဟစ်နပန်းလုံးပြီး ထသတ်ကုန်ကြသည်ကို တွေ့ရပြီး တတိယတန်းစင်ဘက်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။

ဤသို့ဖြင့် သူတို့အဖွဲ့တွင်းမှာ ဗရုသုက္ခ ဖြစ်နေသည်ကို မြင်လိုက်ရသော တတိယတန်းမှ အုပ်စုသည် ခေတ္တ ငြိမ်သက်သွားကြသည်။ တရွာလုံး ညီညွတ်ဖို့အရေးအတွက် ကိုနုကြီးတို့ လုပ်ကိုင်နေကြတာတွေက အားရစရာ မရှိကြောင်း သူတို့က အမြဲပြောနေခဲ့ကြသည်။ အခုတော့ လက်ချိုးရေတွက်လို့ပင်ရသည့် သူတို့အဖွဲ့ထဲမှာပဲ ဝါးအစည်းပြေသလို စုစည်းမရ၊ ကျော်မကောင်း ကြားမကောင်း ဖြစ်သွားရတာက၊ ကိုယ့်မျက်ချေး ကိုယ်မမြင်သလို ဖြစ်ကုန်ချေပြီဟု တွေးမိကာ စိတ်တော်တော်လေး ညစ်သွားပုံရသည်။

တတိယတန်းစင်ဘက်ဆီမှ ငြိမ်သက်သွားခြင်းက သိပ်တော့မကြာလိုက်၊ ကိုနုကြီးတို့သည် အသုံးကျသူများ မဟုတ်ကြောင်း၊ ဖိနပ်ဖိုးငွေကိုလည်း ဘယ်လောက်ရာခိုင်နှုန်း သူတို့အတွက် ချန်ထားပြီး၊ ဘယ်လောက် ရာခိုင်နှုန်းသာ ဖိနပ်ဝယ်ကြောင်း ကိန်းဂဏန်း အတိအကျဖြင့် ခပ်တည်တည် အော်ဟစ်ပြောဆို ကြပြန်သည်။

ဒါကိုကြားသွားသည့် ဇလုံစကီးလည်း အံ့အားသင့်သွားပုံရပြီး ‘ကိုနုကြီးတို့က ဖိနပ်ဖိုး စာရင်းရှင်းတမ်းကို လိပ်စာ လွဲရေးပြီး ဒီလူတွေဆီ မှားပို့လိုက်ပုံရတယ်၊ နို့မဟုတ်ရင် အခုလို အတိအကျ ဘယ်ပြောနိုင်ပါ့မလဲ’ဟု သူ့ဘာသာသူ ရေရွတ်နေသည်။

တတိယတန်းစင်ဘက်က သာမက၊ မိကြင်စိုးတို့ဘက်ခြမ်းကလည်း ကိုနုကြီးတို့ကို လှမ်းပြီး ကလော်တုတ် ဆဲဆိုနေကြသည်ကို ဇလုံစကီးက သတိထားမိ၍ ဆယ်ပေါင်တူကို တီးတိုးပြောပြန်သည်။

‘ဟုတ်တယ်ဗျ၊ ဒါတောင် သူတို့ထဲက ပြောနေကျတယောက်ကို မိကြင်စိုးက ထိတ်တုံးခပ်ထားလို့ ပြောအားလျော့နေတာ’လို့ ပြန်ပြောလိုက်သည်။

ဇလုံစကီးက ‘ဒီလိုဆို ကိုနုကြီးတို့တတွေက ကွင်းထဲမှာ တသင်း၊ ကွင်းပြင်မှာ ကိုယ့်ဘက်ခြမ်းကလို့ ပြောတဲ့သူတွေ တသင်း၊ မိကြင်စိုးတို့ ဘက်ခြမ်းကတသင်း၊ တချိန်တည်း စုစုပေါင်း ၃ သင်းနဲ့ အကြိတ်အနယ် ပြိုင်ကစားနေရသလိုမျိုးပေါ့’ ဟု တွေးဆရင်း ပြောသည်။

‘တကယ်တမ်းက အဲဒီ ၃ သင်းနဲ့တင် မကဘူးဗျ၊ ခင်ဗျားရဲ့ ကိုပုတင်ရော၊ ရွာပတ်လည်က ပေါက်ဖော်ကြီးတို့၊ ဘာဘူကြီးတို့ကရော မိကြင်စိုးတို့အသင်း အင်အားတောင့်တင်းဖို့ပဲ ကူချင်ကြတာ၊ ဒီနယ်တဝိုက်က ပွဲစား ‘အောင်စည်ယံ’တို့အဖွဲ့ကလည်း သိပ်ယုံရတာ မဟုတ်ဘူး၊ မိကြင်စိုးနဲ့ တိတ်တိတ်လေး ဒိတ်လုပ်ပြီး ခြင်းကြားယူနိုက်တက် လိုအပ်တာကို ပံ့ပိုးပေးချင်တဲ့စိတ်တွေ ရွပိုးထိုးနေကြတဲ့ပုံပဲဗျ၊ စဉ်းစားကြည့်ဗျာ၊ မိကြင်စိုးတို့တတွေ ကျနော်တို့  ရွာသူရွာသားတွေအပေါ်  ဒီလောက် ယုတ်မာရက်စက်နေတာကို မြင်တွေ့နေရဲ့သားနဲ့’

ဇလုံစကီးက စိတ်ဝင်တစားဖြင့် နားထောင်နေသည်။ ထို့နောက်တွင် ဘောလုံးပွဲက ကောင်းနေ၍ ကွင်းထဲကိုသာ ဆက်အာရုံစိုက်နေမိသည်။ အတန်ကြာမှ ဇလုံစကီးတယောက် ငြိမ်ချက်သားကောင်းနေသည်ကို သတိထားမိလိုက်သည်။ သူက တခုခု စဉ်းစားနေဟန်ရှိပြီး သက်ပြင်းချသံများကိုလည်း မကြာခဏ ကြားရသည်။

ခဏအကြာတွင်မူ ဇလုံစကီးက ဆယ်ပေါင်တူ၏ ပခုံးကို အသာပုတ်ရင်း “ဆယ်ပေါင်တူရေ ငါ ပြန်တော့မယ်”ဟု မျက်နှာသေလေးနှင့် ဆိုလာသည်။

“ဟာ…ဘယ်လိုဖြစ်ရတာတုံး၊ အစကတော့ မိကြင်စိုးတို့အသင်းကို မြန်မြန်နိုင်ဖို့ ကျနော်တို့အသင်းကို ဇလုံစကီးက နည်းပြလုပ်ပေးမို့ဆို၊ အခုကျ ဒီအတိုင်းပဲ ထားခဲ့တော့မှာလား”

“အေးကွာ၊ ငါ အပြောစောသွားတယ်၊ အခုတော့ မင်းတို့ ကြုံနေရတဲ့ အခြေအနေတွေကို ငါ ကောင်းကောင်း သဘောပေါက်သွားပြီ၊ နထို့ပလွတ်မှာ ဖြစ်ပျက်နေတာတွေက လွယ်တဲ့ကိစ္စတွေမှ မဟုတ်ဘဲ”

ဇလုံစကီး ပြောနေတာတွေကို ဆယ်ပေါင်တူ နားနည်းနည်း ရှုပ်သွားသည်။

“မင်းတို့ကိုလည်း ကျေးဇူးတင်တယ်၊ ကိုပုတင်တို့လို အသင်းကြီးနဲ့ သူသေကိုယ်သေ ရေကုန်ရေခန်း ကစားရတာ တခါတလေတော့ ငါ တော်တော်လေး စိတ်ဓါတ်ကျမိတယ်။ အခု မင်းတို့အသင်း ကြုံနေတာကို တွေ့ရမှ ဪ… ငါ့ဒုက္ခက ဘာများဟုတ်သေးလို့လဲ ဆိုပြီး၊ စိတ်ဓာတ်ပြန်တက်ကြွသွားတယ်၊ ကဲ…ငါသွားပြီဟေ့၊ မင်းတို့လည်း နိုင်မှာ သေချာပါတယ်၊ ဂွတ်လဒ်ကွာ”

ပြောပြောဆိုဆို ထပြန်သွားသော ဇလုံစကီးကို ကြည့်ရင်း ဆယ်ပေါင်တူတယောက် ဘာပြန်ပြောရမှန်း မသိတော့။ ကွင်းထဲ ကြည့်လိုက်တော့ နွေဦးယူနိုက်တက်က ဖိကစားနေပြီး မိကြင်စိုးတို့ ဘက်ခြမ်းမှာတော့ ငိုတော့မလို၊ ရှိုက်တော့မလိုနှင့် မျက်စိမျက်နှာတွေ အတော်ပျက်နေကြသည်။ ဒါကို သတိထားမိသည့် မိကြင်စိုးက သူ တခုခု အားပေးစကား ပြောဖို့လိုသည်ဟု တွေးမိလိုက်ကာ ရွာ၏စီးပွားရေး ဦးမော့လာပြီ ဖြစ်ကြောင်း၊ ရူးသလိုလို ပေါသလိုလိုနှင့် မဟုတ်မဟတ်တွေကို မဆီမဆိုင် ထပြောသည်။

အလဲလဲ အကွဲကွဲဖြစ်နေသော မိကြင်စိုး၏ ခြင်းကြားယူနိုက်တက်တွင် လူလဲကစားရန်ပင် အရံလူများ မကျန်တော့။ ဤတွင် မိကြင်စိုးက ရွာရှိလူများ သူ့အသင်းတွင် ဝင်ကန်ပေးရမည်ဟု အာဏာပြလေသည်။ နဂိုကတည်းက မိကြင်စိုးတို့၏ ခြင်းကြားယူနိုက်တက်ကို ရွံရှာမုန်းတီးကြသူများဖြစ်၍ မည်သူကမျှ ဝင်မကစားပေးချင်ကြ။ နောက်ဆုံး ဝင်မကစားလျှင် ထိတ်တုံးခတ်မည် ဆိုသည်အထိ ဖြစ်လာသည်။

ထိုအခါ စိတ်ဆိုး ဒေါသထွက်သွားကြသည့် ရွာသားများက ဘောလုံးပွဲထိုင်ကြည့်နေသည့် မိကြင်စိုးရှေ့၌ စုပြုံရပ်ကြကာ ‘ဟေ့…မိကြင်စိုး၊ ငါတို့ကတော့ ဘောလုံး ဝင်မကစားပေးနိုင်ဘူး၊ နင် ဘောလုံးကစားချင်ရင်တော့ ဟောဒီမှာကြည့်’ဟု ဆိုကာ ပုဆိုးများ ဝိုင်းလှန်ပြကြလေသည်။ ရုတ်တရက် အငိုက်မိသွားသော မိကြင်စိုးခမျာ အလွန်အမင်း ထိတ်လန့်သွားပြီး အယောင်ယောင်အမှားမှားနှင့် ‘သောက်ပလုပ်တုပ် ကိုပုတင်နဲ့ ငါနဲ့လုပ်’ဟု အော်ဟစ်ကာ ထွက်ပြေးသွားပါလေတော့သည်။

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar