Breaking News

မောင်စွမ်းရည် - ကျနော်တို့ရွာ ‘ဒေသိယ’



မောင်စွမ်းရည် - ကျနော်တို့ရွာ ‘ဒေသိယ’

(မိုးမခ) ဇွန် ၁၇၊ ၂၀၂၀

မြန်မာနိုင်ငံမှာ လူမျိုး တရာ့တပါးမက ရှိသတဲ့။ ‘စကား’ကို လိုက်ပြီး လူမျိုးခွဲရရင် နှစ်ရာ့တစ်ပါးတောင် ကျော်မလား မသိဘူး။ မနေ့တနေ့က ဆိုပါတော့။ ဖေ့စ်ဘွတ်ပေါ်မှာ ဒေသိယစကားအကြောင်း ဆွေးနွေးတာ တွေ့လိုက်ရလို့ ဒေသိယစကားတွေအကြောင်း စိတ်ဝင်စားသွားစေတယ်။ သူက မြင်းခြံ၊ တောင်သာ အကြောင်း ထည့်ပြောလို့ပါ။ ကျွန်တော်က မြင်းခြံသားလေ။ မြင်းခြံ၊ တောင်သာသားတွေက ခွန်ကို ခွင်၊ ရေတွင်းကို ရေဒွန်း၊ သခင်သန်းထွန်းကို သခင်သန်းထွင်း၊ ဂွင်းထိုးဖိနပ် (ကွင်းထိုးဖိနပ်)ကို ဂွန်းဒိုးဖိနပ်လို့ ပြောလေ့ရှိကြတာကိုး။ ဟုတ်တယ်။ ဒီလို ပြောကြတာ မြင်းခြံ တခရိုင်လုံးပါပဲ။ မြင်းခြံခရိုင်ထဲမှာ မြို့နယ်ခွဲတွေက တောင်သာ၊ နွားထိုး၊ ပုဂံ(ညောင်ဦး)၊ ကျောက်ပန်းတောင်း၊ မြင်းခြံ ဆိုပြီး မြို့နယ် ငါးမြို့နယ် ပါဝင်ပါတယ်။ ဗြိတိသျှအစိုးရလက်အောက်မှာ ရှိစဉ်က ခွဲခြားသတ်မှတ်ခဲ့တာပါ။

ဆန်းတာက အဲဒီမြို့နယ် ငါးခုစလုံးမှာ ခွန်ကို ခွင်လို့ ပြောကြသဗျ။ မြင်းခြံခရိုင်က လွတ်သွားရင် မ‘ခွင်’တော့ဘူး။ အဲ ‘လွတ်’ ဆိုလို့ သတိရပြန်တယ်။ လွတ်ကိုလည်း ‘လွစ်’လို့ ပြောသဗျ။

ခရိုင်အလိုက် ပြောရရင်တော့ ပခုက္ကူခရိုင်လည်း ‘ခွင်’ကြတာပါပဲ။ စာရေးဆရာ ကျော်အောင်၊ မြသန်းတင့်၊ အောင်လင်းတို့ဆိုတာ ပခုက္ကူသားတွေပါ။ တင်မိုးက မြင်းခြံ-ရေစကြိုသားတဲ့ မိဘတွေက။ ဒါကြောင့် မြင်းခြံ-ပခုက္ကူ ဆိုတဲ့ ခရိုင် နှစ်ခရိုင်လုံးနဲ့ ဆိုင်တယ်။ သူကလည်း ကိုဝင်းဖေကို ‘ကိုဝန်းဖေ’လို့ ခေါသဗျ။ ဘေးလူကတော့ ကိုအုန်းဖေ လို့ ကြားသတဲ့။ ရေးတော့ တမျိုး၊ ဖတ်တော့ တမျိုး၊ ကြားတော့ တမျိုး။ သုံးမျိုးတောင် ကွဲလွဲနိုင်တာကလား။

စာရေးဆရာ ကျော်အောင်၊ မြသန်းတင့်၊ တင်မိုး တို့က စာပေဟောပြောပွဲတွေမှာ တွဲမိတတ်ပါတယ်။ တင်မိုးနဲ့ ကျော်အောင် ဆိုတာက ရန်ကုန်မှာ ဆရာကြီးမင်းသုဝဏ်ရဲ့ ဘာသာပြန်စာအုပ် ထုတ်ဝေရေးဌာနမှာ တရုံးတည်း အလုပ်လုပ်ကြတာလေ။ စာပေဟောပြောပွဲမှာ ဦးကျော်အောင်က ‘ရာဇဝင်တွင်ရော’ ဆိုပြီး စကားတလုံး ထည့်ပြောလိုက်တယ်။ ပခုက္ကူသားအသံနဲ့ ‘ရာဇဝန် တွန်ရော’ လို့ အသံထွက်သွားလေရဲ့။ ပရိသတ်ကတော့ သိလိုက်ပုံမရဘူး။ စာရေးဆရာတွေက စင်ပေါ်မှာ တန်းစီ ထိုင်နေကြတာ။ ဦးကျော်အောင်ရဲ့ နောက်က တင်မိုး။ တင်မိုးက “အစ်ကိုကျော်… ရာဇဝန်-တွန်” လို့ မကြားတကြား ပြောလိုက်တော့ သူ့အသံက မိုက်ခွက်ထဲ ဝင်သွားပါလေရော။ ဦးကျော်အောင်လည်း တင်မိုးကို သူတို့ရုံးမှာ အချင်းချင်း ခေါ်နေကျ နာမည်ရင်းအတိုင်း “ဟေ့ကောင် ဘဂျမ်း၊ အချင်းချင်း မနောက်နဲ့ကွာ’လို့ နောက်ပြန်လှည့်ပြော လိုက်တော့မှ ရှေ့ပရိသတ်က အာရုံပြုမိပြီး ‘ရာဇဝန် တွန်ရော’လို့ လိုက်ပြောမိကြသတဲ့။ အသံတွေက များသွားလို့ ပရိသတ်အားလုံး သတိထားမိပြီး ‘ရာဇဝန် တွန်ရော’လို့ လိုက်ပြောကြလို့ တရုံလုံး ပျော်သွားကြသတဲ့။

ကျွန်တော်တို့ရွာက မြင်းခြံရဲ့ အရှေ့ဘက် ငါးမိုင်၊ ခြောက်မိုင်လောက် ဝေးတယ်။ ကန်ဆင့်(တောင်ရွာ)တဲ့။ ကန်ဆင့်(မြောက်ရွာ) ဆိုတာက တောင်ရွာရဲ့ မြောက်ဘက်မှာ တခေါ်သာသာပဲ ဝေးတာ။ ဒါပေမဲ့ ရုပ်သွင် အမူအရာနဲ့ စကားသံက မတူကြဘူး။ ကန်ဆင့်(မြောက်ရွာ)က သရက်ချဉ်၊ ကြက်သွန်တို့ကို သရစ်ချဉ်၊ ကြစ်သွင်လို့ ပြောကြတာ။ တခြား မြင်းခြံနယ်သားတွေလို ‘ဝဆွဲ နသတ်’အသံကို ‘ဝဆွဲ ငသတ်’ အသံထွက် ရုံမက ကသတ်သံကိုလည်း စသတ်သံ ထွက်ပါတယ်။

တခါက ကိုသာနိုးတို့ မန်းတက္ကသိုလ် သူငယ်ချင်းတစု ရွာလိုက်လာတယ်။ ကျွန်တော့်အစ်ကိုတယောက်ရဲ့ အလှူမှာ ထမင်းကျွေးလို့ သွားစားကြတယ်။ ဧည့်ခံတဲ့ ရွာသားက “ဟေ့… ဝန်းဖေတို့ပွဲကို သရစ်ချဉ် ယူခဲ့ဦး၊ ကြစ်သွင်လည်း များများထည့်ခဲ့” လို့ လှမ်းအော်ကြတော့ ကိုသာနိုးတို့လည်း မအောင့်နိုင်အောင် ပွဲကျသွားဖူး တယ်။

တခါကလည်း ဒီလိုပဲ သူငယ်ချင်းတယောက်ကို ကျွန်တော်က ကျွန်တော်တို့ရွာရဲ့ ဒေသိယစကားသံကို ကြိုပြောထားမိတယ်။ သူငယ်ချင်းက ‘သရစ်ချဉ်’လို့ ကြားမိလို့ ရယ်လိုက်မိတာ ထမင်းတွေ သီးသွားလို့ ဟင်းခွက်တွေတောင် လဲပစ်ရဖူးပါတယ်။

လက်ဝဲ-မြင်းနီ ဆိုတဲ့ ရွာကြီးတရွာက ကျွန်တော်တို့ရွာရဲ့ အရှေ့ဘက် နှစ်မိုင်၊ သုံးမိုင်လောက်ပဲ ဝေးတယ်။ အဲဒီရွာသားအများစုက ‘တ’ နဲ့ ‘သ’ မကွဲဘူး။ “ငါ့ခေါင်းကို ခဲမှန်လိုက်သာ၊ သောင်ခနဲကို မြည်သွားတာပဲ” တဲ့။ ‘တောင်’ခနဲ မြည်တယ်လို့ ပြောတာကို ‘သောင်’လို့ အသံထွက်သွားလေရဲ့။ တချို့က ‘စ’နဲ့ ‘ဆ’ မကွဲတာ။ ‘ထမင်းစားတယ်’ ကို ‘ထမင်းဆားတယ်’လို့ ပြောပြီး ‘ထမင်းဆာတယ်’ ကို ‘ထမင်းစာတယ်’လို့ ပြောလေ့ ရှိပါတယ်။ တချို့က ‘ထမင်း’ကို ‘ထမန်း’တဲ့။ အင်းလေးနဲ့ ယောတို့မှာလည်း အဲသလို ပြောကြတယ်။ ‘ထမန်းစားတယ်’တဲ့။ တချို့က ဟထိုးသံနဲ့ ‘အမှန်းဆားတယ်’၊ ‘အမှန်းသားတယ်’လို့ အမျိုးမျိုး ပြောကြပါတယ်။ ယောက ‘ကောင်းလိုက်တာ’ ဆိုတာကို ‘ကောင်းလိတ်ဆာ’ လို့ ပြောသတဲ့။ ကြားဖူးတာက ‘ကောင်းဆာအော့’ တဲ့။

ရခိုင်စကားမှာတော့ လျှာလိပ်သံ များတယ်။ ရကောက်ကို လျှာလိပ်သံ ထွက်တယ်။ ရခိုင်စာဆိုက ‘မရီ့ထက်ကား ရီ၊ ရီထက် လီနှင့်’ တဲ့။ အဲဒါက ‘မြေ့ထက်ကား ရေ၊ ရေထက် လေနှင့်’လို့ ရေးတာတဲ့။ ရေကို လျှာလိပ်ရုံမက မြေ၊ ရေ၊ လေတို့ကို မရီ၊ ရီ၊ လီ လို့ သဝေထိုးသံကို လုံးကြီးတင်သံ ပြောင်းထွက်တဲ့ သဘောပေါ့။

ရှေးက ပုဂံကျောက်စာတချို့မှာ ‘မရှိ’ကို ‘မဟိ’လို့ ရေးတယ်။ ရခိုင်မှာ ရှေးမြန်မာအတိုင်း ‘မဟိ’ လို့ ခုထိ ပြောတုန်းတဲ့။ ရခိုင်နဲ့ ထားဝယ်မှာ ‘အီး’ကို ‘အဲ’သံ ထွက်သတဲ့။ ‘ရည်းစား’ကို ‘ရဲစား’ ခေါ်တယ်ဆိုပဲ။ ရခိုင်၊ ထားဝယ်၊ အင်းလေးတို့ဟာ ရေခြား၊ မြေခြား၊ တောတောင်ခြားနေတော့ မြန်မာစကားကိုပဲ မတူတော့ဘဲ ဖြစ်ကုန်တာ။ ယော၊ ဆော၊ ထီးလင်း၊ ဂန့်ဂေါ၊ တောင်ရိုးသူတို့မှာလည်း ဒီလိုပဲ စကားသံတွေ ကွဲနေကြပါတယ်။ အဲဒါတွေကို မြန်မာ ဒေသိယစကားလို့ ခေါ်ကြပြီး စကားသံ ကွဲ၊ လူမျိုးကွဲတွေ မဟုတ်ကြဘူးလို့ ဆိုရမှာပါ။ စစ်တွေကို စိုက်တွီတဲ့။ သံတွဲကို စံရွေးတဲ့။ အင်းသားကို အန်းဆားတဲ့။ ချင်းတောင်မှာ သွားလာရခက်တော့ တောင်တလုံးမှာ စကားတမျိုးလို့ ဖြစ်နေသတဲ့။ ချင်းဒေသိယ ၅၀ ကျော်သတဲ့။

မူလကတော့ အတူတူ ဖြစ်နေတာ များပါတယ်။ ကျွန်တော်တို့ မြန်မာပညာရေးလောကမှာ ဘာသာသိပ္ပံပညာ လေ့လာမှု အလွန်နောက်ကျနေပါတယ်။ တောင်ပေါ် မြေပြန့်မှ မဟုတ်ဘူး။ တောင်ရွာ၊ မြောက်ရွာတောင် မတူကြတာ တွေ့နေရတယ် မဟုတ်လား။ လေ့လာကြပါစို့။

မောင်စွမ်းရည်
၁၆ မတ်၊ ၂၀၁၉
နယူးယောက်