Breaking News

ဦးမျိုး (မကွေး )- သက်ရွယ်နုနု မုန်တိုင်းထန်ထန်

Hope,httpsviewofthearts.com
သက်ရွယ်နုနု မုန်တိုင်းထန်ထန်

ဦးမျိုး (မကွေး )
(မိုးမခ) ဇွန် ၈၊ ၂၀၂၀

(၁)

မိုးက တစိမ့်စိမ့် တစ်ဖျောက်ဖျောက် ရွာကျနေပါတယ် ။ လူရှင်းနေတဲ့လမ်းပေါ်မှာကျောင်းတက်ဖို့သွားနေတဲ့ အသက်(၈)နှစ်အရွယ် ကျောင်းသူလေး (Hope ) ရဲ့ရှေ့မှာ အသက် (၅၀)ကျော်လူကြီးတစ်ယောက်က ပိတ်ရပ်လိုက်ပါတယ် ။

"ကျောင်းသွားမလို့လား ၊ ထီးကလေးက လှလိုက်တာ၊ ဦးနဲ့အတူတူဆောင်းလို့ရမလား "

ဒီလိုမေးခဲ့ပြီးနောက်မှာ လူမဆန်ဆိုးဝါးပြင်းထန်တဲ့ သက်ငယ်မုဒိမ်းမှုကြီးတစ်ခု ဖြစ်ပျက်ခဲ့ပါတယ် ။ အဲဒီ့အကျိုးဆက်ကြောင့် ကျောင်းသူလေး Hope ခမျာ အူမကြီးနဲ့သားအိမ်တစ်ခုလုံး ကြေမွပျက်စီးခဲ့ပြီး စိတ်ရောကိုယ်ပါ တစ်သက်လုံးပြိုလဲခဲ့ရတဲ့ ရက်စက်တဲ့ဖြစ်ရပ်ပါ ။ အဲဒီဖြစ်ရပ်ကိုအခြေခံပြီး ဒါရိုက်တာ Lee Joon -Lk က Hope ဆိုတဲ့ ကျောင်းသူလေးအကြောင်း ၂၀၁၃ ခုနှစ်မှာ ရိုက်ကူးခဲ့ပါတယ်။ Hope အဖြစ် ကလေးသရုပ်ဆောင် Lee Re က ရင်နင့်ဖွယ်ရာ သရုပ်ဆောင်ခဲ့ပါတယ် ။

(၂)

 Google users 95% အထိ မျက်ရည်စို့စို့ကြည့်ရှုအားပေးခဲ့ကြတဲ့ ဒီဇာတ်လမ်းမှာ သက်ငယ်မုဒိမ်းဆိုင်ရာ သိမှတ်ဖွယ်ရာများ တွေးဆဆင်ခြင်ဖွယ်ရာများအပြင် ကရုဏာရသ ဘယာနကရသ ဝိဘစ္ဆာရသ ရောပြွန်း ခံစားရပါတယ်။ Hope လေးရဲ့ခန္ဓာပိုင်းမှာသေလုမျောပါးသွေးသံရွှဲရွှဲ သတိမရတစ်ချက်ရတစ်ချက်နဲ့ စအိုကနေ အူမကြီးအထိ စုတ်ပြဲနေလို့ အစာအိမ်လမ်းကြောင်းက အူအသေးအကြီးအချို့ကို ဖြတ်တောက် ဖယ်ရှားရပါတယ် ။ ဆရာဝန်က...
"အူမကြီးအချို့နဲ့စအိုကို ဖယ်ရှားပြီး စအိုတု လုပ်ရမယ် ။ ပြီးတော့ ဝမ်းဗိုက်နံရံကိုဖွင့်ပြီး စအိုတုလုပ်ဖို့ အူအသေးကိုအပြင်ထုတ်ရမယ် ။ သူ တစ်သက်လုံး ဒီလိုနေသွားရတော့မယ် " လို့ပြောတဲ့အခါ Hope ရဲ့ အဖေက " ကျေးဇူးပြုပြီး သူ့အသက်ကို ကယ်ပေးပါ "လို့သာ ပြောနိုင်ရှာပါတော့တယ် ။ Hope လေးရဲ့အမေကလည်း " ကျမကိုက မိုးရေထဲမှာ ကျောင်းကိုတစ်ယောက်တည်းလွှတ်ခဲ့တာ " ဆိုပြီး မျက်ရည်နောင်တ ပူ လောင်ပြင်းပြ သောကဝေနေခဲ့ရပါတယ်။

(၃)

Hope သမီးလေး ဆေးရုံမှာရောက်တော့ သူ့အဖေကို "လူဆိုးကြီးကိုဖမ်းပေးပါ " လို့ ဝေဒနာကြားက ဖျော့တော့လေသံမျှင်းလေးနဲ့ တောင်းဆိုခဲ့ပါတယ် ။ ဒါပေမယ့် တာဝန်ရှိသူတွေဖက်က ဖမ်းဝရမ်းမထုတ်နိုင်ပါဘူး။ CCTV , DNA သက်သေအထောက်အထားတွေအခက်အခဲရှိလို့ မဖမ်းနိုင်ခဲ့ပါဘူး ။ ဒါပေမယ့် တရား လိုက သက်သေခံ ပြီး သူ့ကိုဖော်ထုတ်မယ်ဆိုရင် ဝရမ်းမလိုဘူးလို့ ပြောခဲ့တဲ့အတွက် မိဘတွေ အခက်တွေ့ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဆိုးကြီးကို သမီးလေး Hope မကျန်းမာစဉ်မှာ ထပ်မံမကြားမသိစေချင်လို့ဖြစ်ပါတယ် ။ ဒါပေမယ့် ကလေးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရရင် ကူညီပေးတဲ့စင်တာတွေ စိတ်ကုဆရာဝန်တွေရှိပါတယ်။ စိတ်ကုဆရာဝန်မ ( Kim Hae - Sook)ရဲ့အကူအညီနဲ့ Hope ကလေးမလေးကို တာဝန်ရှိသူတွေရှေ့မှာ ဗီဒီယိုရိုက်မှတ်တမ်းတင်ပြီးစစ်မေးခဲ့ကြပါတယ်။ အဲဒီအခါ ပြစ်မှုကျူးလွန်သူများရဲ့ မြင်သာတဲ့ဓာတ် ပုံများပြပြီး ပြသစေတဲ့အခါ မှန်ကန်စွ ာရွေးချယ်ပြခဲ့ပါတယ်။ စိတ်ကုဆရာဝန်မက "သမီး ကျူးလွန်သူလို့ ဘာ့ကြောင့်ထင်တာလဲ" လို့မေးတဲ့အခါ...
"မျက်နှာ မျက်လုံး ပါးစပ် " လို့ဖြေခဲ့ပြီး ရောထွေးထားတဲ့ပုံတွေထဲကလည်း မှန်ကန်စွာ ပြသနိုင်ပါတယ် ။ ဒီလိုနဲ့ တရားခံ ချွဲဂွန်ဆူကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

(၄)

စိတ်ကုဆရာဝန်မက အခုလိုကလေးတွေမှာ ရုတ်တရက်လန့်အော်တာမျိုး၊ စကားမပြောတော့တာမျိုး အပြု အမူပြောင်းလဲမှုတွေ ဖြစ်နိုင်ကြောင်း ၊ ဒါ့ကြောင့် မိသားစုရဲ့အကူအညီလောက်နဲ့တော့ ခက်ခဲမှာဖြစ်ကြောင်း အခြားမိသားစုဝင်တွေလည်း ကျူးလွန်ခံရတဲ့ကလေးလို အကူအညီလိုအပ်တတ်ကြောင်း ရှင်းပြခဲ့ပါတယ်။ ဒီရက်ပိုင်းတွေမှာ အဖေအမေရော သူ့သူငယ်ချင်းတွေပါပူးပေါင်းပြီး စိတ်ကုဆရာဝန်မရဲ့အကူအညီ အကြံ ဉာဏ်တွေနဲ့ Hope ကို ပျော်ရွှင်လာအောင် ကူညီခဲ့ကြပါတယ်။ Hope ကလေးစိတ်ဝင်စားတဲ့ လူဝင်ပြီးလှုပ် ရှားရတဲ့ ကိုကိုမောင်မောင်အရုပ်နဲ့ မိခင်ဖခင်ရော သူငယ်ချင်းတွေပါ Hope ပျော်ရွှင်အောင် ဆော့ကစားပေးခဲ့ကြပါတယ် ။ ဒါဟာလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်မှုကို သက်သာအောင် ပြုလုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။ Hope ကလေး စကားနည်းသွားတဲ့အချိန်မှာ စိတ်ကုဆရာမက စတစ်ကာကပ်ကစားနည်းနဲ့ကစားစေတဲ့အခါ...
"ဒါညဘက် ကောင်းကင်ကြီးပဲ။ ဒီစတစ်ကာလေးတွေက လိပ်ပြာလေးတွေပေါ့ ။ ဒီကောင်းကင်ကြီးလိပ်ပြာလေးတွေပြည့်သွားတဲ့အခါ Hope လေး စကားပြန်ပြောနိုင်မယ် ။ ကောင်းကောင်းအိပ်ပျော်နိုင်မယ်။ ခက်ခဲတဲ့ပုစ္ဆာတွေလဲ ဖြေရှင်းနိုင်လာလိမ့်မယ် " ဆိုပြီး နေ့စဉ်ကလေးနဲ့စကားပြောရင်း ကလေးရဲ့စိုးရိမ်စိတ်တွေနဲ့ မျှော်လင့် ချက်တွေ ဖြစ်ချင်တာတွေကို ဖော်ထုတ်ပါတယ်။ ဒါဟာ အလွန်ကောင်းတဲ့ကုသမှုပါ။ လိပ်ပြာစတစ်ကာလေးတွေကပ်ရင်း Hope ရဲ့အိပ်ရာကနိုးရင် အရင်ဘဝအတိုင်းဖြစ်သွားနိုင်ပါစေဆိုတဲ့ ဆန္ဒခံစားချက်တွေ၊ သူငယ်ချင်းတွေ သူ့ဖြစ်ရပ်ကိုသိသွားမလားလို့ စိုးရိမ်တာတွေ၊ ရှက်တာတွေ၊ အိမ်ပြန်သွားရမှာကြောက်တာတွေကို ဖော်ထုတ်ယူပြီး ကုစားခဲ့ပါတယ်။ ကျောင်းပြန်တက်နိုင်သည်အထိ ဖခင်ကိုယ်တိုင် ကိုကိုမောင်အရုပ်ကြီးလုပ်ပြီး သမီးကိုကူညီခဲ့ပါတယ်။ Hope ကျောင်းပြန်တက်နိုင်ခဲ့ပါပြီ။

(၅)

တရားရုံးမှာစစ်မေးတဲ့အခါမှာလည်း တရားခံနဲ့တိုက်ရိုက်မမြင်ရအောင် လိုက်ကာခြားပြီးစစ်မေးကြပါတယ်။ အဲဒီအခါမှာလည်း Hope က ကျူးလွန်သူရဲ့ပုံကို မုန်ကန်စွာ ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တရားခံက သူ မလုပ်ခဲ့ပါဘူး၊ မူးရင် ဘာမှမမှတ်မိပါဘူး… အစရှိသည်ဖြင့် တွင်တွင်ငြင်းဆိုပါတယ်။ ဒါပေမယ့် အူမှာတွေ့တဲ့ သုတ်ပိုး လက်ဗွေရာ Hope ရဲ့ ဓာတ်ပုံညွှန်ပြချက်တွေက တရားခံအစစ်ဆိုတာ ငြင်းလို့မရပါဘူး။ တစ်ခုရှိတာက Hope ရဲ့ "အရက်နံ့ရတယ်" ဆိုတဲ့အချက်အပေါ်မှာ အခွင့်ကောင်းယူပြီး တရားခံရဲ့အရက်စွဲလန်းမှု၊ အရက်မူးရင် ဘာမှမမှတ်မိဘူးဆိုတဲ့ အချက်နဲ့တရားခံဖက်က ချေပခဲ့ပါတယ်။
တရားသူကြီးက အမိန့်ချတဲ့အခါ ...
"တရားခံ ချွန်ဂွန်ဆူဟာ အရက်အလွန်အကြူးမူးနေခဲ့ပြီး အသိဉာဏ်ခွဲခြားနိုင်မှုမှာ ယိုယွင်းနေသဖြင့် အထူး အမှူးများရဲ့လက်အောက်ရှိ လိင်ပိုင်းဆိုင်ရာစော်ကားခြင်းပုဒ်မ (၉)၊ (၇)၊ (၁၄) အရ အလုပ်ကြမ်းနှင့်ထောင် ဒဏ် (၁၂ ) နှစ် ချမှတ်လိုက်သည် " ဆိုပြီး တစ်သက်တာ မသန်မစွမ်းဖြစ်သွားတဲ့ Hope ရဲ့ဘဝ၊ အရှက်ကွဲ အကျိုးနည်းခဲ့ရတဲ့ မိသားစုဘဝနဲ့ မထိုက်တန်တဲ့ ထောင်ဒဏ်ချမှတ် လိုက်ကြပါတယ်။ ၂၀၀၈ ခုနှစ် တောင်ကိုးရီးယား ဥပဒေအရ အရက်မူး၍လူစိတ်ပျောက်နေသူကို (၇ ) နှစ်နှင့်အထက်သာ ပေးခွင့်ရှိတယ်လို့ လေ့ လာသိရှိရပါတယ်။

( ၆ )

Hope ကတော့ တစ်သက်တာမသန်းမစွမ်း ဖြစ်သွားပါပြီ။ အိမ်ထောင်လည်း ပြုမရ လူထဲဝင်ရင်လည်း စအိုတု အိတ်နဲ့ ရာသီတိုင်းတပ်ဆင်သွားလာနေရလေရဲ့။ ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကိုလည်း နားမလည်နိုင်တော့ပဲသေလူတစ်ယောက်လို ဖြစ်ခဲ့ပါပြီ။ ကျွန်တော်တို့နိုင်ငံမှာလည်း သက်ငယ်မုဒိမ်းမှုတွေနဲ့ ဒင်းကြမ်းပြည့်နေပါ တယ်။ မိဘဝန်းကျင်ရဲ့ သက်ငယ်မုမုဒိမ်းဆိုင်ရာသိမှုပညာလည်း ကျယ်ကျယ်ပြန့်ပြန့် ထဲထဲဝင်ဝင်လိုက်စား သင်ကြားသင့်ပါပြီ။ စိတ်ကုဆရာဝန်တွေ၊ နှစ်သိမ့်ဆွေးနွေးအကြံပေးကူညီနိုင်တဲ့ အဖွဲ့အစည်းတွေ၊ တိကျတဲ့အရေးယူဆောင်ရွက်မှုတွေ များများ ရှိနေရပါမယ်။ ဥပဒေပြဋ္ဌာန်းရာမှာလည်း အရေးကြီးပါတယ်။ ဥပဒေကောင်းမှ နိုင်ငံကောင်းမယ်။

ဥပဒေကောင်းသလို ဥပဒေဘက်တော်သားတွေလည်း ကောင်းရမယ်။ ဥပဒေနဲ့ သူ့ဘက်တော်သားတွေမကောင်းရင် လူယုတ်တွေ လူ့မိစ္ဆာတွေကြီးစိုးပြီး စပယ်ဖူးနုနုလေးတွေ မုန်တိုင်းထန်ထန် လေဆန်ဝဲဂယက်မှာ ကြွေလွင့်ကြမှာသေချာပါတယ်။

ဦးမျိုး (မကွေး )