Breaking News

မောင်ရစ် - လူမည်းအရေး အားလုံးအရေး


မောင်ရစ် - လူမည်းအရေး အားလုံးအရေး 

(မိုးမခ) ဇွန် ၇၊ ၂၀၂၀

Black Lives Matter 'လူမည်းတွေအသက်အရေးကြီးတယ်' လို့ ကြွေးကြော်သံနဲ့ လူမည်းတို့အရေး ရှေ့တန်း ရောက်လာတယ်။ Police Brutality ရဲတွေ၏ အကြမ်းဖက်ရက်စက်မှုတွေအောက်မှာ လူမည်းတွေ အသက်ပျောက်နေရတာ နှစ်ပေါင်းများစွာ ရှိနေပြီ။ ယခုလည်း George Floyd သေဆုံးမှုကနေ တပြည်လုံး တောမီးလို ကန့်ကွက်ဆန္ဒပြမှုတွေ ရင်ဆိုင်နေရပါပြီ။ 

Black Lives Matter ဆိုတော့ တခြားအသက်တွေလည်း အရေးကြီးတာပေါ့လို့ စောဒက တက်သူတွေ တက်ကြတယ်။ လူဖြူတွေလည်း အသက်နဲ့ပါ တို့၊ ပုလိပ်တွေလည်း သေတတ်ပါတယ် လို့ အောက်ကလိအာ ဝင်စွာကြပြီး အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေး အရေးတော်ပုံကို သေးသိမ်အောင် လွဲချော်အောင် ခြေဝင်ထိုးကြသူတွေ ရှိတယ်။ ဒါကြောင့် ကျနော်က Black Lives Matter ဆိုတာကို ဘယ်စကားလုံးနဲ့ ဝင်အစားထိုးပြီး စာမရေးနဲ့လို့ သဘောထားပြောထားရတယ်။ Black Lives Matter ပဲ။ ပုဒ်မချလိုက်။ တခြား ဟိုအသက် ဒီအသက်တွေ အရေးကြီးတယ် ဝင်ပြီး မရေးနဲ့။ လူမည်းတွေအသက်အရေးကြီးတယ် လို့ ပြောနေချိန်မှာ သည်အရေးတော်ပုံကြီးဟာ အားလုံးအတွက် အရေးတော်ပုံကြီးဖြစ်တယ်။ အားလုံးအတွက်အရေးကြီးတယ်ဆိုတာ သဘောပေါက်ပြီး ဖြစ်ရမယ်လို့ ဆိုလိုရင်းဖြစ်တယ်။

လူမည်းတွေဟာ အာဖရိကားကနေ အမေရိကားဆီကို ၁၆၁၉ ခုနှစ်ကတည်းက ကျွန်အဖြစ် အဓမ္မဖမ်းဆီးခံရပြီး နင်းချေခံရတဲ့ လူသားမျိူးဆက်တွေဖြစ်တယ်။ သူတို့နောက်လာနောက်သားတွေဟာ မိဘက ကျွန်ဆိုရင် သားသမီးလည်း ကျွန်ဘဲ ဆိုတဲ့ အမွေဆိုးကို ခံစားခဲ့ရသူတွေ ဖြစ်တယ်။ သူတို့တွေလောက် ခေတ်ပေါ်သမိုင်းမှာ အရုပ်ဆိုးတဲ့ အနာကြီးဟာ အတော်ရှားတယ်။ သူတို့ကျွန်ဘ၀ကလွတ်မြောက်ရေးအတွက် အမေရိကန်ပြည်တွင်းစစ် ဖြစ်ရတယ်။ ၁၈၆၁ ခုနှစ်မှာ။ နှစ် ၂၀၀ ကျော်မှ သူတို့ ကျွန်အဖြစ် လွတ်တယ်။ ဒါတောင် သူတို့ဟာ ကွင်းလုံးကျွတ် မလွတ်ရရှာဘူး။ စစ်ရှုံးတဲ့ လူဖြူတွေက လူမည်းကျွန်တွေကို နည်းမျိုးစုံနဲ့ ဖိနှိပ် အနိုင်ကျင့်ထားတုန်းပဲ။ ၁၈၆၅-၆၆ မှာ အခြေခံဥပဒေ ပြင်ဆင်ချက် ၁၃၊ ၁၄၊ ၁၅ တွေနဲ့ လူမည်းတွေ နိုင်ငံသားဖြစ်ခွင့်၊ မဲပေးခွင့်၊ လွတ်လပ်ရေး အာမခံခွင့်တွေ ထုတ်ပြန်ပေးရတယ်။ သည်လို ဥပဒေပြင်ဆင်ပြီး အာမခံတာတောင် civil rights လှုပ်ရှားမှုတွေက မပြီးဘူး၊ လူမည်းအခွင့်အရေးအတွက် ဆက်တိုက်ကြရတုန်းပဲ။ မာတင်လူသာကင်းတို့လို လူတွေ ၁၉၆၀ ခုနှစ်တွေမှှှာ အလုပ်ကြံခံရတယ်၊ ဖြိုခွင်းခံရတယ်။ ၁၇၇၆ မှာ အမေရိကန် လွတ်လပ်ရေး၊ ၁၈၆၁ မှာ လူမည်း လွတ်လပ်ရေး၊ ၁၉၆၀-၇၀ မှာ လူမည်းအရေးတော်ပုံ တိုက်ပွဲတွေ ဆက်ပြီး လူမည်းတွေကို တန်းတူဆက်ဆံဖို့ ဆက်တိုက်ရတယ်။ နှစ်ပေါင်း ၄၀၀ ကျော်ခဲ့ပြီး  ၂၀၀၈ မှာ အိုဘားမား လူမည်းသမတဖြစ်လည်း လူမည်းတွေဟာ တန်းတူ မဖြစ်သေးပါဘူး။ ရဲတွေ လူဖြူတွေက သတ်ဖြတ်ပစ်နေတုန်းပဲ။ ၂၀၂၀ ဇွန် ကိုဗစ်ကာလထဲမှာ လူမည်း ဂျော့ဖလွိုက်ကို ရဲတွေက သွေးအေးအေးနဲ့ လည်ပင်းကို ဒူးနဲ့ ဖိနင်းပြီး သတ်လိုက်တယ်။ အခု တိုင်းပြည်ဟာ ဒေါမာန်ဟုန် outraged ဖြစ်နေပြီ။ မင်းမဲ့စရိုက်ကို ရင်ဆိုင်နေရပြီ။ 

ဒါကြောင့် လူမည်းအခွင့်အရေးတန်းတူရဖို့ လူမည်းတွေ ခွဲခြားဆက်ဆံခံနေရတာကို ကန့်ကွက်ကြဖို့ လှုပ်ရှားမှုတွေဟာ အခြားအရေးတွေနဲ့ တန်းချင်းမတူဘူးလို့ ဆိုချင်တာပါ။ သည်လူမည်းအရေးတော်ပုံဟာ အနှစ် ၄၀၀ ကျော်ပြီ။ ခုထိ မပြီးသေးဘူး။ သည်အရေးကို ပြည်တွင်းစစ်ပြီးကတည်းက လမ်းပေါ်ထွက်ခြင်း၊ ဥပဒေနဲ့ ရင်ဆိုင်ခြင်း၊ လက်နက်မဲ့ အာဏာဖီဆန်တောင်းဆိုခြင်း စသည့် လူအခွင့်အရေးတိုက်ပွဲအနေနဲ့ တိုက်နေရဆဲ ဖြစ်တယ် ဆိုတာကို သိကြဖို့ ဖြစ်တယ်။ တောင်းတိုင်း တိုက်တိုင်းလည်း အဆင်ပြေတယ် မရှိဘူး၊ ချွေးသိပ်ခံရတယ်၊ အချိန်ဆွဲခံရတယ်၊ လှည့်ပတ်လှည့်စားခံရတယ်၊ မေ့ပျောက်သွားပြီးနောက် ပုလိပ်တွေက လူမည်းတွေကို သတ်နေတာတွေ တပတ်ပြန်လည်ရတာပဲ။ ဒီတခေါက်လည်း ဖြစ်ပြန်ပြီ။ ဒါကြောင့် ပြည်သူတွေဟာ လမ်းပေါ်မှာ အပြည့် ထွက်ပြီး သည်ခြစားနေတဲ့ စနစ်ကို တခါတည်း အပြတ်ပြင်ဆင်ဖို့ တောင်းဆိုနေရတာ ဖြစ်တယ်။

ရဲတွေနဲ့ လူမည်းတွေက ဘယ်လိုသမိုင်းပြသနာ ဖြစ်နေတာလဲ။ ရဲတွေနဲ့ ပြသနာမဟုတ်ဘူး၊ လက်နက်ကိုင်ထားပြီး ဥပဒေရဲ့ တဖက်စောင်းနင်း အကာအကွယ်ကို ရထားတဲ့ လူဖြူတွေနဲ့ သူ့အပေါင်းအပါ နောက်လိုက်ငယ်သားတွေရဲ့ အနိုင်ကျင့် သတ်ဖြတ်မှုကို ခံစားနေရတဲ့ အကာအကွယ်မဲ့တဲ့ လူမည်းတွေ၏ သမိုင်းအစဉ်အလာ အသားအရောင် ခွဲခြားမှု တန်းတူညီမျှမှု မရှိခြင်း ပြသနာ ဖြစ်တယ်ဆိုတာကို မြင်ရမှာ ဖြစ်ပါတယ်။ 

လူမည်းတွေအတွက် ပြည်တွင်းစစ်အပြီးမှာ သမတကြီး လင်ကွန်း ကတိပေးထားတဲ့ 'လျော်ကြေး' Reparation ကိုလည်း နားလည်ထားဖို့လိုတယ်။ ပြည်တွင်းစစ်အပြီးမှာ သမတကြီးလင်ကွန်းက လူမည်းတွေရဲ့ မျိုးဆက်နဲ့ ချီတဲ့ နစ်နာဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးဖို့ ကတိပေးတယ်၊ မြေပိုင်ရမယ်၊ မြင်းပိုင်ရမယ် စသည်ဖြင့်။ သို့သော် လူဖြူတွေက လူမည်းတွေကို အဲသည်ကြွေးဟောင်းဆပ်ဖို့ လျော်ကြေးပေးဖို့ စိတ်မဝင်စားဘူး။ ဆက်ပြီး ဖိနှိပ်နင်းချေထားဖို့ပဲ ဆက်လုံးပမ်းကြတယ်။ လူမည်းတွေကို ကျွန်တွေလို သဘောထားတယ်။ လျော်ကြေးပေးပြီး ကြေအေးကြဖို့ကို မလုပ်ဘဲ လက်တလုံးခြား လုပ်ခဲ့ကြတယ်။ ဒါကြောင့် အခုချိန်ထိ လူမည်းတွေအပေါ်မှာ လူဖြူတွေဟာ သမိုင်းကြွေး ခုထိ မကျေသေးဘဲ တင်ရှိနေတယ်။ ဒါကြောင့် သာဓကအားဖြင့် လူမည်းတွေဟာ ခုချိန်ထိ ဆင်းရဲနေတုန်း၊ ပညာချို့တဲ့တုန်း၊ ရုန်းကန်နေရတုန်း၊ အနှိမ်ခံ အသတ်ခံနေရတုန်း၊ ထောင်သွင်းအကျဉ်းချခံရသူ အများဆုံး ဖြစ်နေတာကို ထောက်ပြနိုင်ပါတယ်။ 

ဒါကို သမိုင်းမကြေတဲ့ လူဖြူတွေက အထွန့်တက်ချင်ကြတယ်။ လူဖြူတွေကိုလည်း လျော်ကြေးပေးသင့်ပါသတဲ့။ သူတို့တတွေလည်း ဆင်းရဲတယ်၊ ပညာမတတ်ဘူး၊ အလုပ်တွေ ပြုတ်ကုန်တယ်။ ဖိနှိပ်ခံနေရတယ်။ သည်တော့ အစိုးရက လျော်ကြေးပေးရမယ်တဲ့။ လူမည်းတွေလိုပဲ ငါတို့လည်း ခံစားရပါတယ်တဲ့။ လုပ်ပုံက။ သည်တော့ တက်ကြွလှုပ်ရှားသူတွေ နိုင်ငံရေး ခေါင်းဆောင်တွေက ဘယ်လို ဖြေရှင်းသလဲဆိုတော့ - လူမည်းတွေအပေါ်မှာ လူဖြူတွေ တင်နေတာက သမိုင်းကြွေး၊ သူတို့တွေရဲ့ အနာဂတ်တွေ ရွေးချယ်ခွင့်မရှိအောင် လူဖြူတွေကိုယ်တိုင်က အညွန့်တုံးပစ်ခဲ့တာ၊ ကျွန်ပြုခဲ့တာ၊ ဒါကို လျော်ကြေးပေးနေရတာ၊ နိုင်ငံတော်နဲ့ သူ့နိုင်ငံသား (လူမည်း) တွေကြားက ကတိကဝတ်။ အခုလူဖြူတွေက ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိပြီးသားကနေ နစ်နာကြေးလာတောင်းနေတာက အခွင့်ထူးခံခွင့် လာတောင်းနေတာနဲ့ တူနေတယ်။ မလုပ်ရဘူးတဲ့။ 

ဥပမာ ပြရရင် - မြန်မာစစ်အစိုးရက ဒီမိုကရေစီလှုပ်ရှားသူတွေကို ၁၉၈၈ ကနေ ၂၀၁၀ အထိ ဖိနှိပ်သတ်ဖြတ် ထောင်ချ ညှင်းဆဲခဲ့တယ်။ သေသူတွေ ဘ၀ပျက်သူတွေ အများကြီးပဲ။ ယုံကြည်ချက်ကြောင့် စွန့်ရသူတွေအပေါ်မှာ စစ်အစိုးရနဲ့ အပေါင်းအပါတွေ ပေးဆပ်ရမည့် သမိုင်းကြွေး အများကြီး ရှိတယ်။ အနှစ် ၇၀ ပြည်တွင်းစစ်မှာ အပြစ်မဲ့တဲ့ တိုင်းရင်းသားမိသားစုတွေ အသက်ပေါင်းများစွာ ဘ၀ပေါင်းများစွာ ပျက်စီးခဲ့ရတယ်။ အဲသည် သမိုင်းကြွေးတွေလည်း အများကြီးပဲ။ လင်ကွန်းလို သမတကြီးသာ ရှိလို့ ဒီအပြစ်ကို ဝန်ခံပြီး လျော်ကြေးပေးမယ်လို့ နိုင်ငံတော်အနေနဲ့ ထုတ်ပြန်မယ်သာဆိုရင် ဘယ်လိုနေမလဲ။ သမိုင်းကြွေးကို မလျော်ပေးနိုင်လို့ တောင်းပန်ပါတယ်၊ ကြေအေးပါလို့ ဒူးထောက် ဝန်ခံတောင်းပန်ရင် ဘယ်လိုနေမလဲ။ သည်လို စဉ်းစားကြည့်သင့်တယ်။ ဒါက စကားမစပ် ကြားဖြတ် ဝင်ပြောမိတာ။

အမေရိကန်မှာတော့ဖြင့် နိုင်ငံတော်က reparation လျော်ကြေးဆပ်ရမယ်လို့ ဝန်ခံထားတာတောင် လူဖြူနိုင်ငံသားတွေက ခေါင်းမာခဲ့ကြလို့ လူဖြူကြီးစိုးရေး အသားအရောင်ခွဲခြားရေး လူနည်းစုတွေအပေါ် သတ်ဖြတ်အနိုင်ကျင့်ရေး ဆက်ပြီး ထင်ရာစိုင်းခဲ့ကြလို့ အခုထိ မပြေလည်နိုင်သေးသော သမိုင်းအစဉ်အလာပြသနာကြီးကို မျိုးဆက်သစ်တွေက ရင်စီးပြီး ရင်ဆိုင် တိုက်ပွဲဆက်နေရတာ ဖြစ်ပါတယ်။

ဒီလိုနားလည်ရင် Black Lives Matter ဆိုတာ အားလုံးအရေး၊ ငါတို့အားလုံး George Floyd လို့ ခံယူတိုက်ပွဲဝင်ကြရမယ်ဆိုတာ နားလည် သဘောတူနိုင်ကြမယ် ထင်ပါတယ်။

လူမည်းတွေ လွတ်မြောက်ရေးတိုက်ပွဲ အနှစ် ၄၀၀ ကျော်ပါပြီ။ အမေရိကားရောက် အာရှသားတွေကလည်း လူမည်းအရေး ကိုယ့်အရေးလို သဘောထားပြီး ရပ်တည်ကြဖို့လိုပါတယ်။ လူမည်းတွေဟာ သူတို့လွတ်မြောက်ရေးနဲ့အတူ အာရှသားတွေ အာဖရိကသားတွေ လက်တင်အမေရိကားသားတွေ အာရပ်တွေ လွတ်မြောက်ရေးကို အတူတကွ ဆွဲခေါ် သယ်ဆောင်သွားတယ်လို့ သဘောပေါက်ကြစေချင်ပါတယ်။ အမေရိကန်တွေဟာ အခြားနိုင်ငံတွေက ပြည်သူတွေ လွတ်မြောက်ရေးကိုလည်း သူတို့တွေနဲ့အတူ လိုက်ပါ တိုက်ပွဲဝင်နေကြတာကို သဘောပေါက်စေချင်ပါတယ်။ အခု အမေရိကန်ပြည်သာမက နိုင်ငံတကာမှာလည်း George Floyd အတွက် ရပ်တည် ဆန္ဒပြနေကြတာ သည်သဘောထားချင်း တူကြလို့ ဖြစ်ပါတယ်။

အမေရိကားမှာ လူမည်းတွေ လွတ်မြောက်ကြတဲ့အခါ အခြားလူသားများလည်း လွတ်မြောက်ကြတာ အမှန်ပါ။ ဥပမာ ပြစရာ တခုရှိပါတယ်။ အမေရိကားရောက် တရုတ်တွေအကြောင်း၊ သူတို့တွေဟာ သူတို့ အနာဂတ်ကောင်းစားဖို့ ၁၉ ရာစုကတည်းက အမေရိကားကို ပြောင်းရွေ့အခြေချကြတယ်။ ၁၈၈၂ ကတည်းက သူတို့လွတ်လပ်မှုကို အမေရိကန်တွေက ကန့်သတ်ခဲ့ကြတယ်။ ၁၉၂၄ မှာ သူတို့နိုင်ငံသားခံယူခွင့်မရအောင် ပိတ်ပင်ခံခဲ့ကြရတယ်။ ၁၉၆၅ ခုနှစ် မာတင်လူသာကင်းတို့ Civil Rights အရေးတော်ပုံ အားကောင်းချိန်မှာ သူတို့ကို နိုင်ငံသားဖြစ်ခွင့် လွတ်လပ်စွာအခြေစိုက်ခွင့်တွေကို ပြဌာန်းပေးခဲ့ကြတယ်။ အဲသည်ဥပဒေကြောင့် တရုတ်တွေသာမက အာရှသားတွေ အမေရိကားကို ပြည်ဝင်ခွင့် အခွင့်အလမ်းတွေ ပိုမိုရရှိခဲ့ကြပါတယ်။ ရယ်စရာက အာရှသားတွေက အိုဘားမားတို့ အိုပရာတို့ မိုက်ကယ်ဂျော်ဒန်တို့လို အထက်တန်းစားလူမည်းတွေကိုသာ မော့ပြီး လူရာသွင်းကြတာ ကိုယ့်အိမ်ဘေးက ကိုယ့်ရပ်ကွက်က လူမည်းဆိုရင် လှည့်မကြည့်ချင်ကြတာက သဘာ၀လို ဖြစ်နေတာပါ။ နှာခေါင်းလည်း ရှုံ့ချင်သေးတယ် မဟုတ်လား။

အာရှသားတွေ လက်တင်အမေရိကသားတွေလည်း အသားအရောင်အဆင့်အတန်း ခွဲခြားခံနေရဆဲပါပဲ။ ရဲတွေနဲ့ တွေ့ရင်လည်း ခွဲခြားဆက်ဆံ အကြမ်းဖက်ခံနေရဆဲပါပဲ။ လူမည်းတွေနဲ့ အာရှသားငါတို့လည်း အတူတူပါပဲ။ အာရှသားတွေကလည်း သူများထက်တောင် အချင်းချင်း အဆင့်အတန်းခွဲတဲ့နေရာမှာ ပိုတောင် ဆိုးချင်သေးတယ် မဟုတ်လား။ လူဖြူတွေက ငမည်းတွေ ကပ္ပလီတွေခေါ်သလိုမျိုး အာရှသားတွေက အသားမည်းသူတွေ တွေ့ရင် အချင်းချင်းတောင် ကုလား ကုလားလို့ လက်ညိုးထိုးတာ သဘာ၀လို ဖြစ်နေတာ လူတိုင်းသိကြပါတယ်။ သည်တော့ Black Lives Matter  ဆိုတာ အားလုံးအရေးပါ။ မင်းအသက်အရေးကြီးသလို ငါ့အသက်လည်း အရေးကြီးတာပေါ့ ဆိုပြီး ခွဲခြား ပိုင်းဖြတ် စိစစ် အချိန်ကုန်မနေကြပဲ အတူတူ အားလုံး NO Justice, NO Peace ကို ဝိုင်းဝန်းတောင်းဆိုကြပါ လို့ တိုက်တွန်းအပ်ပါတယ် ခင်ဗျား။