Breaking News

လှကျော်ဇော - တရုတ်နိုင်နေပြီလား - စာအုပ်မိတ်ဆက်ချက်



လှကျော်ဇော - တရုတ်နိုင်နေပြီလား -  စာအုပ်မိတ်ဆက်ချက်

(မိုးမခ) ဇွန် ၂၆၊ ၂၀၂၀

တရုတ်နိုင်နေပြီလား ( Has China Won? ) - ရေးသားသူက စင်ကာပူကနာမည်ကြီးပါမောက္ခလည်းဖြစ်၊သံတမန်ဟောင်းလည်းဖြစ်တဲ့ ဒေါက်တာ ကီရှော မာဘူဘာနီ(Kishore Mahbubani)ပါ။ ဒီနှစ် (၂၀၂၀) ခုနှစ် မတ်လဆန်းမှာ ထွက်လာပြီး၊ ထွက်ကတည်းက အတော်လှုပ်လှုပ်ရှားရှားဖြစ်သွားရုံမက စာရေးဆရာနဲ့  စာအုပ်အကြောင်း တွေ့ဆုံမေးမြန်းခန်းတွေ ဆက်တိုက်လုပ်နေတာတွေ တွေ့နေရပါတယ်။

ပါမောက္ခ ကီရှော မာဘူဘာနီ ဟာ စင်ကာပူရဲ့ ကုလသမဂ္ဂွကိုယ်စါးလှယ်အဖြစ်(၁၀) နှစ် တာဝန်ယူခဲ့ဘူးသူဖြစ်ပြီး ၂၀၀၁-၂၀၀၂ မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဖူးပါတယ်။ စင်ကာပူက နာမည်ကျော် လီကွမ်ယူတက္ကသိုလ်ကို တည်ထောင်သူတဦးဖြစ်ပြီး ပါမောက္ခအဖြစ်လည်း တာဝန်ထမ်းဆောင်နေသူပါ။ သူ့ရဲ့ ပိုမိုကျော်ကြားတဲ့လုပ်ငန်းကတော့ ပထဝီနိုင်ငံရေးဆိုင်ရာ စာအုပ်များ ရေးသားထုတ်ဝေပြီး၊ ကမ္ဘာအရပ်ရပ်က တက္ကသိုလ်များမှာ အဲဒီအကြောင်းအရာတွေကို ဟောပြောပို့ချရာမှာ အလွန်လူကြိုက်များတာ တွေ့ရပါတယ်။ အထူးသဖြင့် (၂၁) ရာစုကို အာရှတိုက်ရာစုအဖြစ် သတ်မှတ်ပြီး အာရှရဲ့တန်ဖိုးများအပေါ် အလေးထားဖို့ အနောက်နိုင်ငံတွေကို သတိပေးရေးသားလာရာမှာ၊ အနောက်နိုင်ငံက ပညာရှင်များနဲ့ အပြန်အလှန်ဆွေးနွေး ပြောဆိုချက်တွေ အများအပြားရှိလာပြီး အတွေးအခေါ်ပညာရှင်တယောက်အဖြစ် အသိအမှတ်ပြုလေးစားခံလာရသူဖြစ်ပါတယ်။

၁၉၄၀ ခုနှစ် များမှာ စင်ကာပူကို ရောက်ရှိခိုလှုံလာရတဲ့ ဟိန္ဒူမိသားစုက ပေါက်ဖွားလာတဲ့ မာဘူဘာနီဟာ (ဆင်းရဲချို့တဲ့ပေမယ့်) အနောက်တိုင်းယဉ်ကျေးမှုနဲ့ တန်ဖိုးများကြောင့် အလွန်အကျိုးရရှိလိုက်ပြီး၊ အဆင့်မြင့်ပညာတတ်တယောက် ဖြစ်လာရတဲ့အတွက် သူရဲ့အခြေခံအရှေ့တိုင်းယဉ်ကျေးမှုနဲ့ အနောက်တိုင်းတန်ဖိုးတွေ အတူယှဉ်တွဲပြီး ပိုမို ကောင်းမွန်သာယာတဲ့၊ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးဖြစ်လာရေးအတွက် ရည်ရွယ်ပြီး ဒီလို စာအုပ်မျိုးတွေရေးတာလို့ သူကဆိုပါတယ်။ အထူးသဖြင့် အမေရိကန်နဲ့ တရုတ်တွေရဲ့ ပွတ်တိုက်မှုတွေများပြားလာပြီး၊ ထိပ်တိုက်ရင်ဆိုင်မှုတွေပေါ်လာမှာ စိုးရိမ်မှုတွေရှိလာတာမှာ၊ ဒီလိုအခြေအနေမျိုးကို ဘယ်လိုကျော်လွှားမလဲ ဆိုတာတွေကို အကြံပေး(သတိပေး) ရေးသားတာပါ ... တဲ့။

၂၀၁၈ တုန်းကလည်း အနောက်ကမိတ်ဆွေများအတွက် လှုံ့ဆော်ချက်ဆိုပြီး အနောက်ကရှုံးနေပြီလား - (Has The West Lost) ဆိုတဲ့စာအုပ် ထုတ်ခဲ့ဖူးပါသေးတယ်။ အဲဒီတုန်းကလည်း အတော်လေး ပွဲဆူသွားခဲ့ဖူးပါတယ်။(အဲဒီစာအုပ် မိတ်ဆက်ချက်လည်း ရေးဖူးပါတယ်)

အခုလည်း တရုတ်တွေ နိုင်နေပြီလား ... ဆိုတဲ့စာအုပ် ထုတ်ဝေပြီးနောက် အများအပြားပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းတွေမှာ ဒီသဘောထားတွေကိုပဲ ပြောနေတာတွေ့ရပါတယ်။

သူ့ပြောဆိုချက်တွေကို ကြည့်ရအောင်ပါ။

(၁) စာအုပ်ရဲ့အမည်က တရုတ်တွေနိုင်နေပြီလား - အမေရိကန်ရဲ့ရှေ့ဆောင်နေရာကို တရုတ်ရဲ့ စိန်ခေါ်မှု ... တဲ့။
ဒီစာအုပ်ရေးရတဲ့ ရည်ရွယ်ချက်ကတော့ တရုတ်ရဲ့ အလျင်အမြန်တိုးတက်လာမှုနဲ့ အမေရိကန်ရဲ့ အပြင်းအထန်ထိန်းချုပ်ရန် ကြိုးပမ်းမှုများဟာ ဒီအတိုင်း ဆက်သွားနေရင်၊ မကြာမီ အလွန်အန္တရာယ်ကြီးတဲ့ တကမ္ဘာလုံးဆိုင်ရာအဖြစ်ဆိုးကြီးတရပ်နဲ့  ကြုံတွေ့နိုင်ပြီး ဒီအဖြစ်ဟာ အမေရိကန်နဲ့ တရုတ် (၂) နိုင်ငံနဲ့ပဲ သက်ဆိုင်နေမှာမဟုတ်ပဲ ၊ တကမ္ဘာလုံးကိုပါ ဂယက်ရိုက်မယ့် ပထဝီနိုင်ငံရေးဆိုင်ရာ အခြေအနေဆိုးကြီး တရပ် ဖြစ်လာမှာပါ။ ဒီမလိုအပ်တဲ့၊ မလိုလည်း မလိုလားအပ်တဲ့ ပဋိပက္ခကြီးကို အားလုံးက ဝိုင်းတားဆီးရပါလိမ့်မယ်။ ဒီအတွက် ဒါကိုဘေးကြည့်ပရိသတ်လို ကြည့်မနေနိုင်လို့ ရေးရတာပါတဲ့ ။ 

(၂) ဒီစာအုပ်ကို ဘာလို့ဒီနာမည်ပေးရသလဲ ဆိုတာကတော့ တကယ်တော့ တရုတ်က မနိုင်ပါဘူးတဲ့။ အတိအကျပြောရရင် မနိုင်သေးပါဘူး။ ဒါပေမယ့် ဒီအတိုင်း တရုတ်က ဆက်လုပ်ဆောင်သွားရင်တော့ တနေ့ ဒီအခြေအနေမျိုးဖြစ်လာနိုင်ပါတယ် ... တဲ့။

ဒါဖြင့် အမေရိကန်က ဘယ်လိုသဘောထားသင့်သလဲ။

တကယ်တော့ အမေရိကန်အပါ အနောက်နိုင်ငံများ (လစ်ဘရယ် ဒီမိုသမားတွေ) က ဆိုဗီယက်ယူနီယံကြီး ပြိုကွဲပြီး စစ်အေးခေတ်အပြီး ဖူကူရာမားရဲ့ သမိုင်းနိဂုံးချုပ်သွားပြီဆိုတဲ့ မှိုင်းလုံးအောက်မှာ ဘိန်းမိသလိုဖြစ်ပြီး အိပ်ပျော်သွားကြတယ် ... တဲ့။ တကမ္ဘာလုံး လစ်ဘရယ်ဒီမိုကရေစီအောက်ရောက်သွားပြီ၊ တို့က ဘာမှလုပ်စရာထိန်းညှိစရာမလို၊ ကျန်သူများကသာ တို့နဲ့တူအောင် ထိန်းညှိကြရမှာဆိုတဲ့ အမြင်(လွဲ)တွေ ဝင်ကုန်သွားကြတယ်။

အဲဒီအချိန်မှာ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် (တနည်း) အနောက်နိုင်ငံများကြောင့် အိပ်ရာနိုးလာတဲ့ (တရုတ်-အိန္ဒိယ အပါ) အာရှနိုင်ငံများဟာ ကမ္ဘာ့အခင်းအကျင်း အပြောင်းအလဲများနဲ့အညီ၊ ပြည်တွင်း ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ကြပြီး စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်လာကြတယ်။ (လွန်ခဲ့တဲ့ အနှစ် (၂၀၀) လောက်ကတည်းက နပိုလီယံက ပြောခဲ့ဖူးတာပဲ။ အိပ်ပျော်နေတဲ့ တရုတ်နဂါးကြီးကို သွားပီး မနှိုးနဲ့။ သူနိုးလာရင် ကမ္ဘာကြီးကို ကိုင်လှုပ်လိမ့်မယ် ... တဲ့။)

တကယ်တော့ အာရှနိုင်ငံအများအပြားမှာ အသံမထွက်တဲ့ တော်လှန်ရေးတွေဖြစ်ပေါ်နေတာ ... တဲ့။ ဒီနိုင်ငံတွေရဲ့ အခြေခံယဉ်ကျေးမှုကြီးများက သူတို့ကို အကျိုးသင့်အကြောင်းသင့် စဉ်းစားဆင်ခြင်နှိုင်းဆတတ်တဲ့ပညာ ( Art of reasoning) ကို သင်ပေးထားတာ၊ ဒါတွေကြောင့် အနောက်နိုင်ငံက စက်မှုလက်မှုတော်လှန်ရေးများကိုလေ့လာသင်ယူကြပြီး (က) စီးပွားရေးအရ လွတ်လပ်တဲ့ဈေးကွက် (ခ) ငါတို့လည်း ချမ်းသာလာအောင် လုပ်နိုင်တယ် ဆိုတဲ့ စိတ်ဓာတ်ရေးရာလွတ်မြောက်မှု။ အဲဒီကတဆင့် စီးပွားရေးဆိုင်ရာလုပ်ငန်းတွေကို ရဲရဲဝံ့ဝံ့ စွန့်စားလုပ်ကိုင်တဲ့စိတ်ဓာတ်။ (ဂ) ကောင်းမွန်တဲ့အုပ်ချုပ်မှုအတတ်ပညာတွေ အသုံးပြုပြီး၊ နိုင်ငံတွင်းမှာ ကျန်းမာရေး၊ပညာရေး ၊အခြေခံအဆောက်အအုံ စသဖြင့်ဘက်ပေါင်းစုံတိုးတက်အောင် လုပ်လာနိုင်ကြပါတယ်။

ဒါ့အပြင် အနောက်နိုင်ငံများအနေနဲ့ တခြား (ဆန္ဒစွဲကျတဲ့) အထင်အမြင် လွဲမှားမှုများလည်း ရှိတယ်တဲ့။ ဒါတွေကတော့ ...  တရုတ်ပြည်ဟာ ဆိုဗီယက်ယူနီယံလိုပဲ အလွန်တင်းကျပ်စွာ မိမိပြည်သူလူထုကို ဖိနှိပ်တဲ့ ကွန်မြူနစ်အုပ်ချုပ်မှုအောက်မှာရှိနေပြီး (အထူးသဖြင့် အခု ရှီးကျင့်ပင်းလက်ထက်မှာ) ပိုပြီး အာဏာရှင်ဆန်လာတယ် ဆိုတဲ့ အမြင်။

တကယ်က တရုတ်ပြည်ဟာ သူတို့ အနှစ် (၄၀၀၀) သမိုင်းအတွင်း တခါမှမရခဲ့ဘူး မကြုံခဲ့ရဖူးတဲ့ လွန်ခဲ့တဲ့အနှစ် (၄၀) တွင်း ရခဲ့တဲ့ တရုတ်ပြည်သူတွေရဲ့ လွတ်လပ်မှုကို ရခဲ့တာပါ။ အထူးသဖြင့် တရုတ်လူအဖွဲ့အစည်းရဲ့ အောက်ခြေ ၅၀% သော လူတွေရဲ့ အဆက်မပြတ် ဘက်ပေါင်းစုံ တိုးတက်မှုကို တွေ့မြင်လာရပါတယ် ... တဲ့။

စာရေးသူ ဥပမာပေး ပြောတာကတော့ တရုတ်ပြည်ရဲ့ နှစ်စဉ် နိုင်ငံခြားခရီးထွက်သူပေါင်း သန်း(၁၃၀) ကျော်ရှိတာ ၊ အားလုံး ကိုယ့်တိုင်းပြည်ကို ပြန်လာတဲ့ကိစ္စပါ။ နိုင်ငံခြားပညာတော်သင် ထွက်သူများကလည်း နှစ်စဉ်သိန်းချီ ရှိပါတယ်။ တကယ်လို့သာ တရုတ်ပြည်မှာ (အနောက်တိုင်းနိုင်ငံတွေ ပြောနေသလို) လူ့အခွင့်အရေးတို့၊တဦးချင်းလွတ်လပ်ခွင့်တို့ မရှိဘူးဆိုရင် ဒီလူတွေ တရုတ်ပြည်ပြန်ကြမှာလား တဲ့။ အမေရိကန်ပညာရှင်အချို့ရဲ့လွတ်လပ်တဲ့ ဆန်းစစ်လေ့လာချက်စာတမ်းတစောင်မှာ တရုတ်ပြည်မှာ တရုတ်လူမျိုး ၉၀% က သူတို့အစိုးရကို ယုံကြည်စိတ်ချမှုရှိပြီး အမေရိကမှာတော့ ၃၉% ပဲရှိတယ် တဲ့။
 
တရုတ်လူမျိုးတွေအတွက် လက်တွေ့အားဖြင့် နေ့စဉ်ဘဝတွေမှာ ပိုမိုလွတ်လပ် ပိုမိုကောင်းမွန်ပြီး ကြွယ်ဝချမ်းသာလာအောင် အစိုးရက လုပ်ဆောင်ပေးနေရင်၊ တချို့ (နိုင်ငံရေးအခွင့်အရေးတွေ) ကန့်သတ်မှုတွေကိုလက်ခံနိုင်ကြတယ် တဲ့။

ဒါ့အပြင် တရုတ်မှာ အတော်အောင်မြင်တဲ့ ( Meritocracy) အရည်အသွေးအရ ရွေးချယ်မြှောက်စားတဲ့စနစ် ကိုတည်ထောင်ထားပြီးဖြစ်တယ်။ ဒါက လူထုအများကို စိတ်တည်ငြိမ်စေရုံသာမက တိုင်းပြည်ရဲ့ အဘက်ဘက်က တိုးတက်ဖွံ့ဖြိုးရေးကို ရေရှည်မှာ ရစေနိုင်တယ်။ အမေရိကန်တွေလို ရေတို ရွေးကောက်ပွဲဆိုင်ရာစဉ်းစားမှုတွေ ရှိစရာမလိုဘူး တဲ့။

အခုလောလောဆယ် ဖြစ်ပွားခဲ့တဲ့ (ဖြစ်ပွားနေဆဲလည်းဖြစ်တဲ့) ကိုဗစ်၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးအတွင်းက အဖြစ်အပျက်များကိုပဲ ကြည့်ပါ။ အစပိုင်းလိုအပ်မှုတွေရှိခဲ့ပေမယ့် နောက်ပိုင်း တရုတ်အစိုးရရဲ့ ကိုင်တွယ်ပုံတွေဟာ အလွန်ထိရောက် မြန်ဆန်တာ တွေ့ရပါတယ်။ 

ဗဟိုချုပ်ကိုင်မှုစနစ်က သိပ်ထိရောက်တာ တွေ့ရပါတယ်။ ဒါကြောင့် အမေရိကန်များအနေနဲ့ တရုတ်အစိုးရနဲ့  တရုတ်ယဉ်ကျေးမှုစံနစ်ကြီးတခုလုံးရဲ့ စွမ်းအားနဲ့ ကြံ့ခိုင်မှု (strength and resilient) ကို ကောင်းစွာနားမလည်ဘဲ၊ လျှော့တွက်မှုတွေကြောင့် အခုလို အမြင်မှားယွင်းမှုတွေရှိလာနေတာ။ တရုတ်တွေလည်း တနေ့ကျရင် ဆိုဗီယက်ကလူတွေလိုပဲ ဖိနှိပ်မှုကို မခံနိုင်ဘဲ သူ့အလိုလို ပြိုကျသွားလိမ့်မယ် လို့ တွက်ထားကြတာ။ တကယ်တော့ တရုတ်တွေဟာ သူတို့သမိုင်းတလျှောက် ဒီနေ့အချိန်အခါလောက် အင်အားတောင့်တင်း ချမ်းသာလွတ်လပ်တာ မရှိခဲ့ဘူးပါဘူး။ ဒီလို ရရှိလာတဲ့အခြေအနေကိုလည်း သူတို့က တပြားမှမလျှော့အောင် ဆက်ထိန်းသွားမှာပါ။ အဓိကကတော့ လွန်ခဲ့တဲ့ အနှစ် (၂၀၀) (အတိအကျပြောရရင် ၁၉ရာစု ဘိန်းစစ်ပွဲ) ကစလို့ အနောက်နိုင်ငံများရဲ့ မတရား အရှက်ခွဲ အနိုင်ကျင့်ခံရမှုတွေကို အလွန်နာကြည်းကြပြီး၊ နောင်ဒါမျိုး ဘယ်တော့မှ မဖြစ်ရလေအောင်၊ တမျိုးသားလုံး အစွမ်းကုန် မနေမနား နည်းလမ်းပေါင်းစုံသုံး ကြိုးစားနေကြတာ။ တရုတ်ရဲ့ ဒီလို ကြီးမားခိုင်မာ အစွမ်းထက်လှတဲ့ အမျိုးသားရေးစိတ်ဓာတ်ကို အမေရိကန်အပါ အနောက်နိုင်ငံများက လျှော့မတွက်သင့်ဘူး ... တဲ့။

ဒါ့အပြင် တရုတ်တွေဟာ ဆိုဗီယက်တွေလို အမေရိကန်အရင်းရှင်စနစ်ကို ဖျက်သိမ်းပြီး ဆိုရှယ်လစ်စနစ်နဲ့ အစားထိုးမယ်ဆိုတဲ့ စိတ်ကူးလည်း မရှိဘူး ... တဲ့။

( ဒီနေရာမှာ စကားချပ်အဖြစ် ပြောလိုတာတွေရှိပါတယ်။
တရုတ်အနေနဲ့ ကုလမှာ ကြီး(၅)ကြီးထဲ ပါဝင်နေရပေမယ့်၊ သူတနိုင်ငံတည်းကသာ တစည်းတလုံးတည်း မရှိသေးတဲ့နိုင်ငံလို့ ကိုယ်ဟာကိုယ် သတ်မှတ်ပြီး ကြိတ်ရှက်နေတာ။ ဒါ့ကြောင့် သူပြည်တွင်းရေးလို့ သတ်မှတ်ထားတဲ့ တိဘက်ကိစ္စ၊ ဟောင်ကောင်ကိစ္စ၊ စင်ကျန်ကိစ္စ၊ ထိုင်ဝမ်ကိစ္စတွေနဲ့ ပတ်သက်လာရင် ဆတ်ဆတ်ထိမခံဖြစ်နေဟန်ရှိပါတယ်။ ကိုလိုနီ ဆန့်ကျင်ရေး အခြေခံစိတ်ဓာတ်အရလည်း ဖြစ်ဟန်ရှိပါတယ်။)

အမေရိကန်ဘက်က သေနင်္ဂဗျူဟာအမှားကတော့ -- တရုတ်ကို ရင်ဆိုင်ရာမှာ ရေရှည်အမြင်နဲ့ ဘက်ပေါင်းစုံစဉ်းစားခြင်းမရှိဘဲ၊ တရုတ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းချုပ်ဖို့ ကြိုးစားနေတာပါပဲ ... တဲ့။ တကယ်က တရုတ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ တားလို့ဆီးလို့ မရနိုင်တော့ဘူး ... တဲ့။ ဒီတော့လုပ်ရမှာက ဒီတရုတ်ရဲ့ဖွံ့ဖြိုးမှုနဲ့ လိုက်လျောညီထွေ ဘယ်လို လုပ်ဆောင်မလဲ  ဆိုတာသာ စဉ်းစားကြရတော့မှာ ... တဲ့။
အမေရိကန်အနေနဲ့ ပြုပြင်သင့်တဲ့အရာတွေကတော့ (M) (၃) လုံးပါ ... တဲ့။

၁။ စစ်ရေးအရ ကုန်ကျမှုတွေကို လျှော့ချဖို့။ တခြားနိုင်ငံတွေမှာ ပါဝင်ပတ်သက်နေတဲ့ စစ်ဆင်ရေးကိစ္စတွေလျှော့ချရေး ... တဲ့ (Minimum Military)

အကြမ်းဖက်တိုက်ဖျက်ရေး ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ တိုက်ခဲ့တဲ့တိုက်ပွဲတွေ (အီရတ်၊ အာဖဂန်နစ္စတန်၊ လစ်ဗျား) အတွက် ကုန်ကျစာရိတ်တွေဟာ ထရီလျံပေါင်းများစွာရှိတဲ့ အပြင် အမေရိကန်စစ်သည်များလည်းအများအပြား သေဆုံးရတာပါ။ ဒီစစ်ရေးအသုံးစားရိတ်တွေ လျှော့ပြီး အခုအမေရိကန်မှာ လိုအပ်နေတဲ့-အောက်ခြေအများစုအတွက် ကျန်းမာရေး၊ ပညာရေး၊ အိုးအိမ်၊ အခြေခံအ ဆောက်အအုံ တွေမှာ သုံးစွဲဖို့ လိုပါတယ်။ ဒါပေမဲ့ ဒါကို တချို့အကျိုးစီးပွားသမားများ (vested interest groups) က သဘောတူနိုင်မယ် မထင်ဘူး ... တဲ့။ သူဆိုလိုချင်တာက လက်နက်ကုမွဏီကြီးများရဲ့ အရှိန်သြဇာကို ဆိုလိုဟန်တူပါတယ်။

၂။ ဗဟုစုံဝါဒ (Multilaterism) ကို ကျင့်သုံးရေး တဲ့။

ဘာကိစ္စဘဲဖြစ်ဖြစ် ငါတကောကော လုပ်မယ့်အစား အများနဲ့ စုပေါင်းတိုင်ပင် လုပ်ဆောင်တာ (ဥပမာ-ကုလသမဂ္ဂကတဆင့်) ပို အဆင်ပြေနိုင်မယ် ... တဲ့။ အခုတော့ အဲသလို စုပေါင်းအဖွဲ့အစည်းအမျိုးမျိုးကနေ အမေရိကန်တွေ နှုတ်ထွက်နေမှုက အထီးကျန်ဖြစ်လာစေတယ် ... တဲ့။

၃။ Machiavellia (မက်ခယ်ရာဗယ်လီအတွေးအခေါ်၊ ဘယ်လိုနည်းနဲ့ရရ ရဖို့အဓိက - အတွေးအခေါ် ) ဒီစကားကို များသောအားဖြင့် မကောင်းတဲ့လက္ခဏာအနေနဲ့ အသုံးများပေမယ့် တကယ်ကတော့ စဉ်းစားနည်းတွေမှာလက်တွေ့ကျရေးကို ဦးတည်တဲ့သဘော သက်ရောက်ပါတယ် ... တဲ့။

တကယ်တော့ အမေရိကန်ရော၊ တရုတ်ရော၊ မိမိတိုင်းပြည်နဲ့ လူမျိုးအကျိုးစီးပွားတွေကို အဓိက ဦးစားပေးစဉ်းစားကြတာ သဘာဝကျပါတယ် ။ ဒါ့အပြင် သူတို့ (၂) နိုင်ငံအနေနဲ့ တူညီတဲ့ အမျိုးသားအကျိုးစီးပွားတွေလည်း ရှိပါတယ်။ တနိုင်ငံတည်းဖြေရှင်းလို့မရတဲ့ ကိစ္စများပါ။ ဥပမာ - ရာသီဥတုအပြောင်းအလဲ ကိစ္စမျိုး၊အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးလို ကိစ္စမျိုး၊ ...  အခုဖြစ်ပေါ်နေတဲ့ ကိုဗစ်၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ။

ဒါတွေကို စုပေါင်းလုပ်ဆောင်ကြရင်း ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်တဲ့နည်းလမ်းတွေ၊
အတူ တိုးတက်ဖွံ့ဖြိုးနိုင်မယ့် နည်းလမ်းတွေ ရှာကြရပါလိမ့်မယ်။

တနေ့ထက်တနေ့ ကျဉ်းမြောင်းလာနေတဲ့ ကမ္ဘာ့ရွာကြီးမှာ အပြန်အလှန် ပူးပေါင်းလုပ်ဆောင်နိုင်မှသာ ကမ္ဘာကြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အကျိုးရှိမှာပါ။ ဒီအတွက် ဒီကမ္ဘာ့ရွာကြီးကို ကောင်းမွန်စွာအုပ်ချုပ်နိုင်မယ့် ရွာအုပ်ချုပ်ရေးကော်မတီတရပ်( ကုလသမဂ္ဂလိုမျိုး အဖွဲ့အစည်း) လိုအပ်ပါတယ် ... တဲ့။

ဒီအတွက် နိုင်ငံအားလုံးက ဝိုင်းဝန်းကြိုးစားရမှာပါ။ တာဝန်သိတတ်သူ ပညာရှင်များကလည်း ဝိုင်းဝန်းပြီး သက်ဆိုင်ရာအစိုးရများ၊ ပေါ်လစီရေးဆွဲနေကြသူများကို အကြံပေးတာ ၊ သတိပေးတာတွေ လုပ်သင့်ပါတယ် ... တဲ့။

ဒီတာဝန်သိစိတ် တာဝန်ယူမှုနဲ့ ဒီစာအုပ်ကို ရေးဖြစ်တာပါ ... တဲ့။

လှကျော်ဇော
၂၂-၆-၂၀၂၀။
ကိုးကား - 
https://www.bing.com/videos/search…