Breaking News

မောင်လူပေ - ကိုရိုနာ ၂၉/၀၆/၂၀



မောင်လူပေ - ကိုရိုနာ ၂၉/၀၆/၂၀

(မိုးမခ) ဇွန် ၃၀၊ ၂၀၂၀

ကမ္ဘာ့ကပ်ရောဂါကြီး ပြီးဆုံးရန် အနည်းငယ်မျှပင် မနီးစပ်သေးကြောင်း WHO အကြီးအကဲကဆိုသည်။ အားလုံးက ပြီးဆုံးလိုကြပြီး အရင်ကအတိုင်း ပြန်လည်လှုပ်ရှားလိုသော်လည်း အမှန်ကိုဝန်ခံရလျှင် လုံးဝမနီးစပ်သေးကြောင်း၊ တိုးတက်မှုအနည်းအပါးရှိသော်လည်း ကမ္ဘာအနှံ့တွင် ကူးစက်မှု အရှိန်မြင့်နေသေးကြောင်း ပြောဆိုသည်။


​ရောဂါကြောင့် သေဆုံးသူဦးရေ ငါးသိန်းကျော်အနက် လေးပုံတစ်ပုံခန့်မှာ အမေရိကန်ပြည်ထောင်စုမှ ဖြစ်သလို ကူးစက်သူ ဆယ်သန်းကျော်အနက် လေးပုံတစ်ပုံခန့်မှာလည်း အမေရိကန်ပြည်ထောင်စုမှပင်ဖြစ်သည်။ လူစုလူဝေးများတွင် နှာခေါင်းစည်းများမတတ်မှု၊ ခပ်ခွာခွာမနေမှုများမှာ ကပ်ရောဂါပိုမိုဆိုးဝါးစေရေးအတွက် မီးထိုးပေးသလိုဖြစ်လာကြောင်း ကူးစက်ရောဂါပညာရှင်ဒေါက်တာဖေါ့စီက ထပ်မံသတိပေးခဲ့သည်။

ပြည်နယ်ပေါင်း(၃၆)ခုတွင် ကူးစက်မှုထပ်မံမြင့်တက်လာသဖြင့် ထပ်မံဖွင့်လှစ်ရန်ရှိသော အဆင့်များကို ပြည်နယ်အလိုက်ပြန်လည် လျှော့ချခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ်တွင် ကူးစက်မှုများသောခရိုင်(၆)ခုတွင် ညကလပ်များ ဘားများဖွင့်လှစ်ခွင့်ကို ပြန်လည် ရုပ်သိမ်းခဲ့သည်။ လွတ်လပ်ရေးနေ့ ချီတက်ပွဲအစီအစဉ်များကိုလည်း ဒေသအလိုက် ပြန်လည်ရုပ်သိမ်းခဲ့ကြသည်။

ရောဂါစတင်ခဲ့ရာ ပီကင်းတစ်ဝိုက်တွင် ကူးစက်သူခုနှစ်ဦးခန့်သာ တစ်ရက်အတွင်းတွေ့ရှိခဲ့သည်။ မြို့နေလူထု၏ သုံးပုံတစ်ပုံအထိ စစ်ဆေးပြီးပြီဟုသိရသည်။ တရုတ်ပြည်ပီကင်းတစ်ဝိုက်၏ ဒုတိယလှိုင်းကူးစက်မှုကို ထိန်းသိမ်းနိုင်ပြီဟု ကြေညာထားသည်။

ပါကစ္စတန်နိုင်ငံတွင် ကူးစက်သူဦးရေ နှစ်သိန်းကျော်အထိ ရှိလာသည်။ တရုတ်ပြည်၏ အထောက်အပံ့အပေါ်မှီခိုရသဖြင့် နိုင်ငံပိတ်ဆို့ရန် နောက်ကြခဲ့သည့်အပြင် ရှေးရိုးစွဲ ဘာသာရေးအယူအဆများကြောင့် လူစုဝတ်ပြုမှုများကို မတားမြစ်နိုင်ခဲ့ခြင်းကြောင့် ကူးစက်မှုလွန်စွာမြင့်တက်လာခြင်းဖြစ်၏။ ရောဂါစစ်ဆေးနိုင်မှုအားနည်းခြင်းကြောင့် အမှန်တကယ်ကူးစက်သူသည် စာရင်းထက် များစွာပိုမည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံ၌လည်း ကူးစက်သူ တိုးနေဆဲဖြစ်ကာ ငါးသိန်းခြောက်သောင်းကျော်ရှိလာခဲ့သည်။ တစ်ရက်အတွင်းမှာကူးစက်သူ နှစ်သောင်းကျော် ထပ်မံတွေ့ခဲ့သဖြင့် ပြည်နယ်အချို့တွင် တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံးကို ပြန်လည်ပိတ်ဆို့ရန် စီစဉ်နေကြသည်။

ရောဂါကြောင့်သေဆုံးမှုအများဆုံးနိုင်ငံများစာရင်းတွင် အမေရိကန်ပြည်ထောင်စု၊ ဘရာဇီး၊ အင်္ဂလန်၊ အီတလီနှင့် ပြင်သစ်တို့ အစဉ်လိုက် ရပ်တည်နေကြသည်။

မြန်မာပြည်တွင် ကူးစက်မှုအသစ် မတွေ့ရှိရပါ။