Breaking News

မောင်ရစ် - အမေရိကန်ဖြစ်ရတာ ဂုဏ်ယူစရာတဲ့လား

ဝါရှင်တန်ဒီစီ ပြတိုက်တခုက ရုပ်တု၊ ရုစဗဲ့နှင့် မြင်းအောက်က အမေရိကန်တိုင်းရင်းသားနဲ့ အာဖရိကန်တိုင်းရင်းသား။


မောင်ရစ် - အမေရိကန်ဖြစ်ရတာ ဂုဏ်ယူစရာတဲ့လား

(မိုးမခ) ဇွန် ၃၀၊ ၂၀၂၀

အမေရိကန်စာရေးဆရာတယောက်က ရေးတယ်။ ဖေ့စ်ဘွတ် တွစ်တာပေါ်မှာ မောင်ရစ်လို ပေါလောပေါလောတွေ ရေးတာမဟုတ်ပါ။ အတည်အခန့်ရေးထားတာ။ မှတ်မိသလောက်လေး ပြန်ကောက်နုတ်ပါရစေ။

အမေရိကန်အရှေ့ဘက်ကမ်းခြေမှာ အပမ်းဖြေနေတုန်း ဂျော့ဖလွိုက်အရေးတော်ပုံဖြစ်တယ်လို့ သတင်းတွေ ထွက်လာတယ်။ အမေရိကန်ဟာ ခုချိန်ထိ အသားအရောင်ခွဲခြားမှုတွေ ရှိနေတုန်းပဲ။ အခုလည်း ပေါက်ကွဲကြပြန်ပြီ။ အခုလည်း ပြေလည်အောင် ဖြေရှင်းမှာ မဟုတ်ဘူး။ ဒီလိုနဲ့ ချွေးသိပ် အချိန်ဆွဲပြီး မြောကြဦးမှာပဲလို့ ထင်မိတယ်။


ဒါနဲ့ စာရေးသူက အတွေးနယ်ချဲ့မိတယ်။ ကျေးကျွန်စနစ် နဲ့ လူမျိုးရေးခွဲခြားမှုကို သင်းဂြိုဟ်မြုတ်နှံခဲ့ပြီလို့ အနှစ် ၂၀၀ ကျော်က အမေရိကန်သမိုင်းမှာ ရေးခဲ့တာ ခုထိ မဖြစ်နိုင်သေးဘူး။ ခုထိအမြစ်မပြတ်သေးဘူး။ သူ ဂျာမဏီသွားခဲ့တယ်။ ဘာလင်တံတိုင်းပြိုကြီးဟာ ပြတိုက်ထဲမှာ။ တိုးရစ်အိတ်ဆောင် အရောင်းဆိုင်ထဲမှာ။ အဲသည်မှာ ဟစ်တလာနှုတ်ခမ်းမွှေး မရှိဘူး။ နာဇီအလံ မရောင်းဘူး။ အာဏာရှင် နာဇီ ဖက်ဆစ် ဂျုးလူသတ်သမားတွေကို ဂုဏ်တင်ထားတာ ဘာမျှ မမြင်ရဘူး။ ဒါဟာ ဂျာမဏီမဟုတ်ဘူး။ ဒါဟာ ဂျာမာန်လူမျိုးမဟုတ်ဘူး။ ရှက်စရာ ကျက်သရေမရှိတဲ့ သမိုင်း၏ အရိုးပုံကြီး ရောဂါဆိုးကြီး အပြီးဖျက်သိမ်း ပိတ်ဆို့ထားခဲ့ပြီ။ ဂျာမာန်တွေဟာ သူတို့အပြစ်ကို ဂုဏ်ယူပြီး ပြသထားတာထက် သင်ခန်းစာယူပြီး ဝန်ခံထားတဲ့ သက်သေတွေကို ခင်းကျင်း ပြသထားတယ်။ သည်လိုမျိုး သူ ဂျာမဏီကို မြင်မိတယ်။

အခုကော သူ အမေရိကန်ကမ်းခြေမှာ အပမ်းဖြေရင်း အမေရိကန်၏ ကျေးကျွန်စနစ်ဆိုးအမွေ လူမျိုးရေးခွဲခြားမှု မပြီးဆုံးသေးသော ပဋိပက္ခများကို တွေးမိတယ်။ သူ ထိုင်နေတဲ့ ကမ်းခြေဆိုတာ အမေရိကန်ကို အာဖရိကကျွန်တွေ အဓမ္မဖမ်းဆီးချုပ်နှောင် ပို့ဆောင်ခဲ့တဲ့ သွေးပင်လယ်ဝေခဲ့သော မျက်ရည်ပင်လယ်ဝေခဲ့သော ဆိပ်ကမ်း။ သည်သမိုင်းဆိုးခြေရာကိ်ု ဝှက်ကွယ်ပြီး လူတွေအပမ်းဖြေတဲ့ ကမ်းခြေလုပ်ထားတဲ့ မိတ်ကပ်တွေနဲ့ အမေရိကန်။ အိမ်ဖြူတော်နားက လာဖိယက်ပန်းခြံဆိ်ုတာ လူမည်းကျွန်တွေ လှောင်ဖမ်း လေလံတင်စျေးခေါ်ရောင်းခဲ့တဲ့ အကျည်းတန် သွေးခင်းသော စျေးတန်း။ ဒါကို ပန်းခင်းသော ဥယျာဉ်အသွင်ပြောင်း လူတွေ ပွဲစျေးပျော်စရာလုပ်ပြီး ဖွက်ကွယ်ထားခဲ့ကြတယ်။ ဒါ အမေရိကန် တဲ့လား။ တောင်ပိုင်းပြည်နယ်တွေမှာ လူမည်းသတ်သမား လူဖြူ ဗိုလ်ချုပ်တွေ၏ ကြေးရုပ်၊ ပန်းခြံ၊ စစ်စခန်း အမှတ်တရတွေ။ တောင်ပိုင်းက ကျွန်ပိုင်ရှင်နိုင်ငံတော်အလံဟောင်း တလူလူ။ အဲဒါ အမေရိကန် တဲ့လား။

စာရေးသူဟာ အဲသလို စဉ်းစားမိပြီး မိမိကိုယ်ကိုမိမိ အမေရိကန်ကြီးလုပ်နေမိတာကို အန်ပစ်လိုက်ချင်လာတယ် ... တဲ့။

သူများရေးတာကို ပြန်ရေးပြတာနော်။