Breaking News

မောင်လူပေ - ကိုရိုနာ ဒုတိယလှှိူင်းလား - ဇွန် ၂၂၊ ၂၀၂၀



မောင်လူပေ - ကိုရိုနာ ဒုတိယလှှိူင်းလား - ဇွန် ၂၂၊ ၂၀၂၀

မိုးမခ၊ ဇွန် ၂၃၊ ၂၀၂၀

ရုရှားပြည်တွင် ကူးစက်သူစုစုပေါင်း ခြောက်သိန်းအထိ ရှိလာခဲ့သည်။ တရားဝင်စာရင်းအရ သေဆုံးသူ ရှစ်ထောင်ကျော်ရှိသော်လည်း ထုတ်ပြန်သည့်စာရင်းထက် များစွာပိုမည်ဟု ယူဆကြသည်။ ကျဆင်းနေသောစီးပွားရေးလုပ်ငန်းများကို ကယ်တင်ရန်အတွက် ချမ်းသားသူများကိုကောက်ခံသည့်အခွန်ငွေကို ၂% တိုးကာ ၁၅% ကောက်မည်ဟု သိရသည်။

​အောက်စဖို့ဒ်တက္ကသိုလ် ဆေးသိပ္ပံအနေဖြင့် ရောဂါကာကွယ်ဆေးစမ်းသပ်မှုကို ဘရာဇီးတွင် လူတစ်ထောင်ကျော်ဖြင့် စမ်းသပ်မည့်အစီအစဉ်ကို ဘရာဇီးတာဝန်ရှိသူတို့က ခွင့်ပြုခဲ့သည်။

တရုတ်ပြည် ပီကင်းမြို့တော်မှာ ရောဂါစမ်းသပ်မှုကို ဆယ်ရက်အတွင်း ၂.၉သန်းမျှအထိ ပြီးစီးခဲ့သည်ဟု ဆိုသည်။ တစ်ရက်မှာ လူသုံးသိန်းခန့် စမ်းသပ်နေပြီး ပိုမိုလျှင်မြန်သောနှုန်းဖြင့် ဆက်လက်စစ်ဆေးမည်ဟု သိရသည်။ တရုတ်တွင် ကူးစက်မှုအသစ် (၂၂)မှုတွေ့ခဲ့ပြီး (၁၃)ဦးမှာ ပီကင်းမှဖြစ်သည်။

တောင်ကိုးရီးယားတွင် ကူးစက်သူအသစ်(၄၆)ဦး ထပ်မံတွေ့ရသည်။ ဘူဆန်ဆိပ်ကမ်းတွင် ရပ်တန့်ထားသည့် ရုရှားကုန်သင်္ဘောမှ ကူးစက်မှုများဖြစ်ပေါ်နေသည်။ သင်္ဘောသား(၂၁)ဦးအနက် (၁၆)ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့သည်။ သင်္ဘောသားများနှင့် ထိတွေ့ခဲ့သူ တောင်ကိုးရီးယားနိုင်ငံသား(၁၆၀)ကျော်ကို ကွာရမ်တင်းဝင်စေခဲ့သည်။

ရောဂါကြောင့် ကျဆင်းခဲ့သော စီးပွားရေးလုပ်ငန်းများကြောင့် ဂျာမဏီ၏ စီးပွားရေးသည် ယခုနှစ်တွင် ၆.၅ % အထိ ကြုံ့သွားမည်ဟု ဆိုသည်။ ၂၀၂၂ ထက်စောပြီး ရောဂါမတိုင်မီအခြေအနေကို ပြန်ရောက်ရန် မမြင်ဟုဆိုသည်။ အသားထုတ်ပိုးစက်ရုံဝန်ထမ်း (၁၅၀၀)ကျော်လည်း ရောဂါကူးစက်မှု ခံရကြောင်း သိရသည်။

မြန်မာပြည်တွင် ဘင်္ဂလားပြန်(၂)ဦး ကူးစက်ခံရကြောင်းတွေ့ရသဖြင့် စုစုပေါင်း(၂၉၂)ဦး ကူးစက်ခံရသည်။ ပိုးကင်းစင်သူ (၂၀၄)ဦး ရှိလာသည်။

ကမ္ဘာ့လူဦးရေ ၉.၃သန်းမျှ ကူးစက်ခံရပြီး လေးသိန်းခုနှစ်သောင်းကျော် သေဆုံးသည်။

ကိုဗစ်၊ တရုတ်၊ တိုင်ဝမ်၊ အမေရိကန်ပြည်ထောင်စု

တရုတ်ပြည်အနေဖြင့် ပီကင်းတစ်ဝိုက်မှာ ပြန်ပေါ်လာသော ကိုဗစ်ရောဂါတိုက်ဖျက်ရေးအတွက်သာ အာရုံထားသင့်ကြောင်း၊ တိုင်ဝမ်ကို နည်းမျိုးစုံဖြင့် နှောက်ယှက်စော်ကားမနေသင့်ကြောင်း တိုင်ဝမ်ဝန်ကြီးချုပ်က ပြောသည်။ တရုတ်လေတပ်သည် တိုင်ဝမ်ရေလက်ကြားအနီးတွင် စစ်ရေးလေ့ကျင့်လျှက်ရှိပြီး လွန်ခဲ့သည့်နှစ်ပတ်အတွင်း တိုင်ဝမ်ပိုင်နက်ထဲသို့ ရှစ်ကြိမ်မျှအထိ ကျူးကျော်ပျံသန်းကာ ရန်စခဲ့သဖြင့် တိုင်ဝမ်လေတပ်လေယာဉ်များက သတိပေးကာ ပြန်မောင်းထုတ်ပစ်ရသည်ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောဆိုသည်။

အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်ကမ္ဘာအနေဖြင့် ကိုဗစ်ရောဂါကြောင့် အလုပ်ရှုပ်နေချိန်တွင် တရုတ်ပြည်သည် သူ၏ဩဇာအာဏာကို ပိုမိုတည်ဆောက်လာခဲ့သည်။ တောင်တရုတ်ပင်လယ်ရှိ နိုင်ငံများစွာက ပိုင်ဆိုင်မှု အငြင်းပွားနေကြသည့် ကျွန်းစုများတွင် ရေတပ်အင်အားတိုးချဲ့ခြင်း၊ အမာခံတပ်စွဲခြင်းတို့ကို ပြုလုပ်ခဲ့သည့်အပြင် အိန္ဒိယနှင့်အငြင်းပွားနေသော တရုတ်နယ်စပ်တွင်လည်း စခန်းများတိုးချဲ့ခြင်း၊ တပ်အင်အားတိုးချဲ့ခြင်းတို့ လုပ်ဆောင်ခဲ့သည်။ ဟောင်ကောင်ကျွန်းတွင်လည်း အာဏာတည်ဆောက်ရေးအတွက် ဥပဒေသစ်များ ချမှတ်ခဲ့သည်။

ပြီးခဲ့သည့် တိုင်ဝမ်ရွေးကောက်ပွဲတွင် ပြည်သူအများစု၏ ထောက်ခံမှုမရသည့် တရုတ်လိုလားသူ တိုင်ဝမ်အတိုက်အခံခေါင်းဆောင် အပြတ်အသတ်ရှုံးနိမ့်ခဲ့ပြီး တရုတ်နှင့်မပေါင်းလိုသူ လက်ရှိသမ္မတက ဒုတိယသက်တမ်းအဖြစ် ဆက်လက်အောင်ပွဲခံခဲ့သည်။ သူမအနိုင်ရပြီးနောက်တွင် တိုင်ဝမ်ကို တရုတ်ပြည်မှ နည်းလမ်းမျိုးစုံဖြင့် အနှောက်အယှက်ပေးနေခဲ့သည်။

တိုင်ဝမ်နှင့်ပေါင်းစပ်ကာ တရုတ်နိုင်ငံတစ်ခုတည်းဖြစ်ဖို့ကို သူ၏ လက်ထက်တွင် အကောင်အထည်ဖေါ်ရေးအတွက် စိတ်အားထက်သန်နေသော တရုတ်သမ္မတစီကျင်းပင်သည် တရုတ်ကိုမှီခိုနေရသည့် နိုင်ငံငယ်များကို တိုင်ဝမ်နှင့် အဆက်အသွယ်ဖြတ်ခိုင်းခြင်း၊ ထိုင်ဝမ်မှ ဝယ်ယူနေသည့် လယ်ယာထွက်ကုန်များကို ဆက်လက်မဝယ်ယူခြင်း၊ တရုတ်ပြည်တွင်းမှာ ရင်းနှီးမြှုတ်နှံထားသော တိုင်ဝမ်လုပ်ငန်းရှင်များအား စည်းကမ်းတင်းကြပ်ခြင်းတို့အပြင် စစ်ရေးခြိမ်းခြောက်မှုကိုပါ တောက်လျှောက် လုပ်ဆောင်နေခဲ့သည်။ ကိုဗစ်အချိန်တွင် စစ်ရေးအင်အားပြမှုမှာ ယခင်ကထက် ပိုမိုကြီးထွားလာသည်ဟု ဆိုသည်။

တရုတ်ပြည်သည် လွန်စွာစစ်အင်အား ကြီးမားသည့်အလျှောက် တိုင်ဝမ်ကို စစ်ပွဲကြီးဖြင့် သိမ်းပိုက်မည့်သဘောမျိုးဆောင်သော လှုပ်ရှားမှုများဖြင့် ခြိမ်းခြောက်နေသော်လည်း တိုင်ဝမ်အနေဖြင့် ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးအတွက်သာ စစ်ရေးအရလုပ်ဆောင်လိုသည်ဟု တိုင်ဝမ်ဝန်ကြီးချုပ်က ဆက်လက်ပြောဆိုသည်။ တိုင်ဝမ်သည် တရုတ်ပြည်နှင့် မယှဉ်သာသော်လည်း တိုင်ဝမ်လေတပ်နှင့် ရေတပ်သည် ဒေသတွင်း အင်အားကြီးမားသော တပ်များဖြစ်သည်။

တရုတ်၏ ဒေသတွင်း စစ်အင်အားတိုးချဲ့နေမှု ကို တန်ပြန်ရန်အတွက် ပစိဖိတ်သမုဒ္ဒရာအတွင်း၌ အမေရိကန်ရေတပ်မတော်ကလည်း USS Theodore Roosevelt, USS Nimitz နှင့် USS Ronald Reagan စသည့် လေယာဉ်တင်သင်္ဘောအုပ်စုကြီး သုံးစုကို စေလွှတ်ထားသည်။ ဒေသတစ်ခုတွင်း၌ အမေရိကန်စစ်တပ်၏အင်အားကြီးမားစွာ ချထားမှုသည် ကိစ္စကြီးမားမှုမရှိပဲ ဖြစ်လေ့ဖြစ်ထမရှိပါ။ တရုတ်ပြည်ကမူ အမေရိကန်ရေတပ်အင်အားကြီး ဒေသအတွင်းရောက်ရှိနေမှုကိုပြင်းထန်စွာ ကန့်ကွက်လျှက်ရှိသည်။