Breaking News

ကိုအောင်မှိုင်း - “ပုံစံသစ် ယဉ်ကျေးမှု”


ကိုအောင်မှိုင်း - “ပုံစံသစ် ယဉ်ကျေးမှု”

(မိုးမခ) ဇူလိုင် ၁၊ ၂၀၂၀

ရေကြည်တပေါက် သောက်ရဖို့
အသက်ကိုရင်း ကပ်ရောဂါစစ်တလင်းမှာ
စစ်ခင်းနေရသူတွေ အတွက်တော့
ရေကြည်တပုလင်းဟာ နှိုင်းမရ

အောက်စီဂျင်စက်တွေတပ်ရင်း
သန်းချီတဲ့လူတွေမှာ ကပ်ရောဂါနဲ့
သိန်းချီတဲ့လူတွေကိုလဲ နှုတ်ဆက်
အရေးအကြီးဆုံးက စီးပွားရေးဆိုဘဲ
အရင်းအနှီး ဆုံးရှုံးမှုတွေအတွက်
ကုမ္ပဏီကြီးတွေ စားခွက်လုနေကြလေရဲ့။

ကမ္ဘာကြီးမှာ လူ့အသက်တွေ
ဈေးပေါပြီး ဒေါ်လာတွေရှားနေရဲ့
ကမ္ဘာကြီးမှာ တောတောင်တွေ
ဈေးပေါပြီး ဒေါ်လာတွေရှားနေရဲ့
ကမ္ဘာကြီးမှာ မြစ်ချောင်းတွေ
ဈေးပေါပြီး ဒေါ်လာတွေရှားနေရဲ့
ကမ္ဘာကြီးမှာ အတ္တတွေ
ပေါများပြီး ပရတွေ ရှားနေရဲ့။

လူတွေကတော့ ရုပ်ထုတွေလို
စုတ်ပြတ်သတ်နေတဲ့
သမိုင်းရာဇဝတ်မှုတွေအတွက်
ဆင်ခြင်တုံမဲ့ ယုံကြည်မှုတွေကို
မြေမြုတ်သဂြိုဟ်ဖို့ ကြိုးစားနေကြပြီ။

ဇောက်ထိုးပြုတ်ကျလာတဲ့
နာရီလက်တန်နဲ့အတူ
ပုံစံသစ်ယဉ်ကျေးမှုအတွက်
လူကိုလူလို ဆက်ဆံတဲ့ခေတ်
အခွင့်ထူးခံတွေကို ကန်ချတဲ့ခေတ်
ပန်းတိုင်းပွင့်ပြီး ပွင့်တဲ့ပန်းတိုင်းမွှေးဖို့ဟာ
လူသားအားလုံးအတွက်
အနာဂတ်ဖြစ်လာဖို့လိုတယ်။

ကိုအောင်မှိုင်း (၂၉ ရက်ဇွန်လ ၂၀၂၀ခုနှစ်)