Breaking News

မောင်စွမ်းရည် - စာအုပ်အင်္ဂါမစုံတဲ့ ဘုရား တရား စာအုပ်များ



မောင်စွမ်းရည် -  စာအုပ်အင်္ဂါမစုံတဲ့ ဘုရား တရား စာအုပ်များ

(မိုးမခ) ဇူလိုင် ၁၊ ၂၀၂၀


ယခုမျက်မှောက်ကာလမှာ တကမ္ဘာလုံး ကပ်ရောဂါဘေးကြီး ကျရောက်နေပါတယ်။ လူတွေအားလုံး ဒုက္ခရောက်နေကြရပြီး တောင်မင်း မြောက်မင်း မကယ်နိုင် ဆိုသလို ကြုံတွေ့နေကြရပါတယ်။ ငွေကြေး ချမ်းသာတာနဲ့လည်း မဆိုင်၊ လက်နက်တို့၊ အာဏာပါဝါတို့ ရှိတာနဲ့လည်း မပိုင်၊ မနိုင်။ အမေရိကန်တို့၊ တရုတ်တို့လို့ အင်အားကြီးနိုင်ငံတွေလည်း ဘာမှ မတတ်နိုင်၊ သူများခံသလို လူးလှိမ့်ခံနေကြရတာပါပဲ။

ဒီလို ဒုက္ခတွေရောက်ကြတဲ့အခါမှာ ‘ခလုတ်ထိမှ အမိတ’ ဆိုသလို ‘နှာဖျားထိမှ ဘဂဝါဘုရား သတိရ’ကြတဲ့ အဖြစ်ကို ရောက်လာကြပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အိမ်တွေမှာတော့ တီဗွီမှာ၊ တယ်လီဖုန်းပေါ်မှာ၊ ကက်ဆက်ပေါ်မှာ မျက်နှာအပ်ပြီး တရားနာနေကြလေရဲ့။ တချို့လည်း လက်ထဲမှာ ပရိတ်ကြီး ၁၁ သုတ် စာအုပ် ကြီး ငယ်တွေကို မလွတ်တမ်း ကိုင်ဆောင်နေကြပြီး ပုတီးကို လည်ပင်းမှာချိတ်ရင်း ဘုရားစာတွေ၊ ပရိတ်ကြီးတွေ ရွတ်ဖတ်သရစ္ဇျာယ်နေကြလေရဲ့။ ကျွန်တော်တို့အိမ်မှာလည်း ဘာနေမလဲ။ တီဗွီကို တနေကုန် ဖွင့်ထားတာပေါ့။ တီဗွီပေါ်မှာလည်း ဆရာတော်ကြီးတွေ တပါးပြီး တပါး ဟောကြာ ပြောကြ၊ ရွတ်ကြ ဖတ်ကြနဲ့ ပေါ်ထွက်လာကြပါတယ်။ ဦးဥတ္တမသာရ တောင်တန်းသာသနာပြုဆရာတော်ကြီး၊ ဦးဝိစိတ္တသာရာဘိဝံသ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိကဆရာတော်ကြီး၊ သီတဂူဆရာတော်ကြီး စသဖြင့် ဆရာတော်ကြီးတွေ တပါးပြီး တပါး ပေါ်ထွက်လာကြလို့ လက်အုပ်ချီလိုက်ကြရတာလည်း အမောတကော။ တချို့ ဆရာတော်တွေ ပေါ်ထွက်လာတာကို ရောပြီး ဖူးလိုက်ကြရပေမယ့် တီဗွီပေါ်မှာ ဘွဲ့ဖော်ပြမထားကြလို့ ရတနာသုံးပါးထဲက တပါးအဖြစ်နဲ့ပဲ လက်အုပ်ချီလိုက်ကြရတာပေါ့။ တင်ဆက်သူများကို တရားဟော ဆရာတော်ရဲ့ ဘွဲ့အမည် ဖော်ပြပါလို့ ပန်ကြားပါတယ်။

ကျွန်တော့်အိမ်မှာ ဗမာပြည်က မိတ်ဆွေတွေ၊ ဆွေမျိုးတွေက လူကြုံရင် ကြုံသလို ဘုရား တရားစာအုပ်တွေ၊ တိပ်ခွေတွေ ပို့ပေးကြပါတယ်။ စာအုပ်တွေမှ ပုံလို့။ စာအုပ်တွေက ကိုယ့်မျက်စိအောက်ကို ရောက်လာပြီ ဆိုတော့ အကုန်အစင် မဖတ်နိုင်တောင်မှ မျက်နှာဖုံးကြည့်ပြီး ရွေးရတာပေါ့။ ပရိတ်ကြီးစာအုပ်တွေကတော့ လက်စွဲပြုပြီး ရွတ်ရ၊ ဖတ်ရမှာဆိုတော့ သီးခြားရွေးကောက်ထားရတာပေါ့။ ပရိတ်ကြီးစာအုပ်တွေကိုတော့ လက်စွဲပြုရမှာဆိုတော့ အကိုင်ခံအောင် ကတ်ထူဖုံးတွေ၊ စာရွက်ကောင်းတွေနဲ့ အသေအချာ ချုပ်လုပ်ထားတာ တွေ့ရပါတယ်။

ကျွန်တော် ငယ်စဉ်က ရွာဦးဆရာတော်ကြီးက ကျွန်တော် မွေးစမှာပဲ အန္တရာယ်ကင်းစေလိုတဲ့ စေတနာနဲ့ ကောက်ယူမွေးစားထားသတဲ့။ ဘုန်းကြီးကျောင်းကို ရောက်ပြီး ကျက်သရေခန်းက ငှက်ပျောသီးတွေ၊ သရက်သီးတွေ၊ မုန့်ပဲသရေစာတွေ အဝအလန် စားရဖူးပေမယ့် ဘုန်းကြီးကျောင်းတော့ မနေရဘူးပေါ့။ လူကျောင်း ခေါ် လောကဓာတ်ကျောင်းကို တန်းတက်ခဲ့ရလို့ပါ။ ဒါကြောင့် ပရိတ်ကြီး ၁၁ သုတ်တွေ ဘာတွေ မကျက်ခဲ့ရဖူးပါ။ ဝန်ကြီးချုပ်ဦးနုခေတ်မှာ အလယ်တန်းကျောင်းသားဘဝကျမှ မင်္ဂလသုတ်ကို ကျက်မှတ်ပြီး စာမေးပွဲတောင် ဖြေခဲ့ရဖူးပါတယ်။

ဘုရားဖူး ဩကာသကိုတော့ မိဘဘိုးဘွားတွေက သင်ပေးလို့ စာမတတ်ခင်ကပဲ ရခဲ့ပါတယ်။ အဖေတို့ ညီအစ်ကိုတတွေ ပုဒ်မ-၅ နဲ့ ထောင်ကျကြလို့ အချုပ်အနှောင်ဘေးက လွတ်အောင်ဆိုတဲ့ မောရပရိတ် ခေါ် ဥဒေါင်းမင်းပရိတ် ဥဒေတယံ၊ အပေတယံ တို့ကို ကျက်မှတ်ခဲ့ရပါတယ်။ မပြတ် ရွတ်ဆိုပြီး ဘုရားဝတ်တက်ခဲ့ရ ပါတယ်။ ဓာရဏပရိတ်လည်း ရွတ်ရ၊ ဓမ္မစကြာလည်း ရွတ်ကြရပါတယ်။ မေတ္တသုတ်ကိုတော့ ကြီးမှ ကိုယ် ကြိုက်လို့ ကျက်မှတ်ခဲ့ရပါတယ်။ မိုးမရွာလို့ ငါးရံ့မင်းပရိတ် ရွတ်ရတာတို့၊ မီးဘေး မကြာခဏ ကျရောက်လို့ ငုံးမင်းပရိတ် ရွတ်ရတာတို့လည်း ရှိပါတယ်။ စက်ကြီး တဆယ့်သုံးပါးနဲ့ သုံးဆယ့်နှစ်ကောဋ္ဌာသ ဘုရားစာများကိုတော့ လူကြီးတွေ ရွတ်သံကြားလို့ နားရည်ဝခဲ့ပါရဲ့။ ဒါတွေက ကျွန်တော့်ရဲ့ ပရိတ်ကြီး အတွေ့အကြုံကို ကြုံတုန်းကြုံခိုက် တင်ပြလိုက်တာပါ။

အိမ်မှာ ဘုရားစာအုပ်တွေ ပုံနေတော့ ကောက်ကိုင်မိတဲ့ စာအုပ်တချို့အကြောင်းကို ပြောချင်ပါတယ်။ ဗမာလူမျိုး စာအုပ် ထုတ်ဝေသူတွေဟာ ရောင်းကောင်းတဲ့ စာအုပ်တွေကို ပုံနှိပ်စက်ထောင်ပြီး စာတွေပါရင် ပြီးရော၊ စာအုပ်ဖြစ်ရင် ပြီးရောလို့ သဘောထားပြီး ထုတ်ဝေနေကြတာ တွေ့ရပါတယ်။ အစဉ်အလာအရက တော့ ပုံနှိပ်စက်တွေကို ဦးဆောင်ပြီး အလုပ်လုပ်နေကြတာဟာ လူပျံတော်ပညာရှိ ခေါ် ဘုန်းကြီးလူထွက်တွေ များပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းတောင်မှ လူထွက်ပြီး ပုံနှိပ်စက်မှာ အလုပ်လုပ်ရင်း စာရေးဆရာကြီး ဖြစ်လာခဲ့ ရတာ မဟုတ်လား။ ရှေးကတော့ ဘုန်းကြီးလူထွက်မှ စာတတ်တယ် ထင်ခဲ့ကြပေမယ့် လူထွက်များက လောကီစာ၊ ခေတ်စာတတ်သူ နည်းပါတယ်။ ခုခေတ်က ဘီအေဓမ္မာစရိယတွေ ရဟန်းလောကမှာ အများကြီးပါပဲ။ လူကျောင်း(တက္ကသိုလ်) မတက်တောင် အင်္ဂလိပ်စာကိုတော့ အနည်းနဲ့အများ ဆိုသလို အလွတ်သင်ယူဖူးကြပါတယ်။ ဒါပေမဲ့ စာအုပ်ပညာက သီးခြားပါ။

ယခု ပရိတ်ကြီး ၁၁ သုတ် စာအုပ်တွေမှာ စိတ်ပျက်တာကတော့ ပါဠိနဲ့ အသံထွက် ပါရှိပြီး အနက် မပါရှိတာပါပဲ။ အနက်မပါဘဲ ဘုရားရှိခိုးရင် ကုသိုလ်ရသင့်သလောက် ရမယ် မထင်ပါ။ တကယ်တော့ ရှေးဦး ပုဂံခေတ်က ရာဇကုမာရ်မင်းသားကို အတုယူသင့်ပါတယ်။ သူကတော့ ပျူ၊ မွန် ပါဠိ၊ မြန်မာ လေးဘာသာတောင် ကျောက်စာထူခဲ့ပါတယ်။ ခုခေတ်ကျတော့ ပိုပြီး မြန်မာအနက် လိုအပ်တာပါ။ ပါဠိက လူတိုင်းမှ မတတ်တာ။ ကျွန်တော့်ဇနိးဟာ ပါဠိနဲ့ ဘွဲ့ရပေမယ့် ပါဠိကို ဘွဲ့ယူခိုက်ပဲ သင်ယူခဲ့တာပါ။ ကျွန်တော်ကတော့ ကြားဖူးနားဝပဲ ရှိပြီး ပါဠိက ‘ခက်ဆစ်’အဖြစ်ပဲ ဖတ်ဖူးတာပါ။ ဒါကြောင့် ပိုအကျိုးရှိအောင် ပရိတ်ကြီးစာအုပ်တွေမှာ အနက်ပါ ထည့်ပေးပါလို့။

ကျွန်တော် ခု ကောက်ဖတ်မိတဲ့စာအုပ်က ‘ရှေးရှေးတုန်းက ရွှေတိဂုံ’ (ဓာတ်ပုံ ရုပ်ပုံ မြင်ကွင်းစုံ)တဲ့။ မြင်ကွင်းက စုံပါရဲ့။ ကောက်ကြောင်းပုံတွေကို ဘယ်စာအုပ် (အင်္ဂလိပ်စာအုပ်)၊ ဘယ်နှစ်က ပန်းချီဆရာ ဘယ်သူဆွဲတယ် ဆိုတာလည်း မပါရှိဘူး။ မူရင်းမှာ ပါရှိမှာပါ။ အင်္ဂလိပ်တွေက စနစ်ကျပါတယ်။ ရက်စွဲက အရေးကြီးပါတယ်။ ဒါက သမိုင်း မဟုတ်လား။ ခုစာအုပ်တွေမှာ စာအုပ် ကက်တလောက်လေး ပါတာ သိပ်ကောင်းတယ်။ စာပေစိစစ်ရေးက ကပ်ခိုင်းတာနဲ့ တူပါတယ်။ ပုံနှိပ်တိုက် နာမည်၊ မြို့အမည်၊ ထုတ်ဝေသူနဲ့ စာရေးဆရာ အမည်၊ ပုံနှိပ်ထုတ်ဝေတဲ့နှစ် စသည် အစုံပါရှိပါတယ်။ မာတိကာမဲ့၊ အညွှန်းဒက်စ် မပါ။ လူအမည်၊ အကြောင်းအရာအမည်၊ စသည် အညွှန်းတွေ ကောက်ယူသုံးစွဲမှုက ပညာရပ်တရပ်ဖြစ်လို့ ထုတ်ဝေသူများကို သက်ဆိုင်ရာက သင်တန်းပေးသင့်တယ် ထင်ပါကြောင်း။

မောင်စွမ်းရည်

၃ မတ် ၂၀၂၀

နယူးယောက်