Breaking News

ကိုစိမ်းလန်း(သုံးခွ) - " ငါတို့သည်..."

Saw Ngo


ကိုစိမ်းလန်း(သုံးခွ) - " ငါတို့သည်..."

(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၂၀

ခေါင်းနဲ့မရွက်နိုင်လည်း
ပခုံးနဲ့ထမ်းပေးမယ်..
ရှေ့ဆုံးကအလံမကိုင်ရလည်း
နောက်တန်းကကြွေးကြော်ကြမယ်..
ဘဝဂ်လျှံအောင်ဆူညံ
ငါတို့အသံတွေဖြစ်ရမယ်။

ရေစီးအားတွေအကွဲကွဲပြောင်းလို့
မြောင်းမဖြစ်စေရ..
ရေစီးကြောင်းတွေပေါင်းဆုံသစ်ပြီး
မြစ်ကြီးအဖြစ်စီးကြမယ်..
အမှိုက်များ၊အညစ်အကြေးများ
ဘယ်လောက်များများ
ရေစီးအားနဲ့ဖယ်ရှားမယ်။

ညီနောင်တွေချစ်ဖို့
ပြည်ထောင်သစ်အတွက်
ကိုယ့်စိတ်ကိုမညာနဲ့..
ကိုယ့်ကိုယ်ကိုမညှာနဲ့..
အမှားကြီးတဲ့
အတားအဆီးတွေကိုလည်းမညှာနဲ့..။

ကျားရဲတွေမာန်ဖီနေသလား
မီးတုတ်ကိုယ်စီကိုင်ကြမယ်..
ဝံပုလွေတွေအုပ်ဖွဲ့နေသလား
လေးမြားကိုယ်စီပြင်ကြမယ်..။
ချောင်ပိတ်မိတဲ့ခွေးကကိုက်တတ်တယ်။

သတိတမံ ဉာဏ်မြေကတုတ်တဲ့
နောက်မဆုတ်တဲ့ခြေလှမ်းနဲ့
ငါတို့ညီညီလှမ်းကြမယ်
ပန်းတိုင်ရောက်မှငြိမ်းချမ်းမယ်။ ။

ကိုစိမ်းလန်း(သုံးခွ)