Breaking News

မောင်စွမ်းရည် - အာဇာနည်


မောင်စွမ်းရည် - အာဇာနည်

(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၂၀

အာဇာနည်ဆိုတာ
အာဇာနည်ပီပီ
နီရမယ် ပီရတယ်။

အရေးအခင်းကလဲ နီရမယ်၊
သွေးအဆင်းကလဲနီရတယ်၊
အတွေးရင်းကလဲနီနီ ညီရမယ်။

သည်တော့မှ
အာဇာနည်ဆိုတဲ့ဘွဲ့အမည်
ပြည်သူက ပေးသင့်ရင် ပေးလိမ့်မယ်။

အာဇာနည်မှာ ...
အာဇာနည်ဆိုတဲ့ စာမေးပွဲလဲ မရှိ
အာဇာနည်ဆိုတဲ့ သင်တန်းလဲ မရှိ
တိုက်ရဲသူသာ အာဇာနည်
စွန့်ရဲသူသာ အာဇာနည်
သေရဲသူသာ အာဇာနည်
ပြည်သူတွေအတွက် ပြည်သူဘက်က
အသက်ပေးသူ ပြည်သူထဲကပြည်သူမို့
ပြည်သူထူတဲ့ ကျောက်စာတိုင်မှာ
အာဇာနည် အမည်စာရင်းကို
ပြည်သူကရေးထွင်း
အာဇာနည်ရဲ့သွေးနဲ့ ရေးသွင်းရတာကလား။

ရာဇဝင်ဆရာက သည်တော့မှ ရာဇဝင် စာတင်ခွင့်ရပြီး
စာသင်တဲ့ ဆရာက သည်တော့မှ စာသင်ခွင့်ရတဲ့ခါ
စာသင်ကျောင်းသားတွေကလဲ သည်တော့မှ
စာသင်ခွင့်ရတိုင်း သမိုင်းကွန်ရက်
တံတွေးကွက်မှာ
"မသမာသူ လူသတ်သမား" ကိုလဲ သကြားမင်းရဲ့ ခွေးရေပုရပိုက်ထဲ
ခေါင်းငိုက်စိုက် ကြိုးကွင်းနဲ့ ငရဲမင်းယူစေတဲ့ ၊
မိန့်ခြွေတဲ့ အချက် ဖျက်မရ မှိန်မရ
အချိန်ကျရင် ကစုန်စိုင်း မဆိုင်းဘဲ ကြွပေရော့။

အာဇာနည်အမည်စာရင်းကတော့
အာဇာနည်ကျောက်တိုင်မှာ
အာဇာနည်ရေးသွင်းလို့
ရွှေရောင်နဲ့ ဝင်းလက်
ဘယ်တော့မှ မပျက်တော့။

သည်နေ့အာဇာနည်နေ့တိုင်ခဲ့ပြီ၊
"ဆယ့်ကိုးဇူလိုင်မမေ့နိုင်"
"ဇူလိုင် ဆယ့်ကိုး မေ့ရိုးမရှိ" တဲ့၊


အာဇာနည်ကုန်းမှာ၊ စုရုံးပြည်သူ
ကြည်ဖြူလေးနက်၊ ညီတူဆွေးလျက်
မပျက်စဥ်လာ၊ ဦးညွတ်ပါပြီ။

ကမ္ဘာကိန်းခန်း သာစေအပြီး။ ။
ဗမာငြိမ်းချမ်းသာစေသတည်း။ ။


မောင်စွမ်းရည်
၂၀၂၀၊ ၁၅ ဇူလိုင်