Breaking News

မောင်လူပေ - ကိုရိုနာ ၂၀/၀၇/၂၀



မောင်လူပေ - ကိုရိုနာ ၂၀/၀၇/၂၀

(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၂၀

အောက်စဖို့တက္ကသိုလ်သိပ္ပံပညာရှင်များနှင့် AstraZeneca တို့ ပူးတွဲစမ်းသပ်နေသော ဗိုင်းရပ်ကာကွယ်ဆေး စမ်းသပ်မှု ဒုတိယအကြိမ်ရလာဒ်များ အလွန်ကောင်းမွန်ကြောင်း သိရသည်။တတိယအကြိမ်စမ်းသပ်မှုကို လူငါးသောင်းဖြင့် မကြာမီပြုလုပ်ကြမည်။ နှစ်မကုန်မီ ကာကွယ်ဆေး ထွက်ရှိမည်ဟု မျှော်မှန်းထားသည်။

အင်္ဂလန်ပြည်ကလည်း Pfizer ဆေးကုမ္ပဏီထုတ်ကာကွယ်ဆေး အလုံးရေ သန်း(၉၀)ခန့်ဝယ်ယူရန် သဘောတူညီချက် ရခဲ့သည်။

ရုရှားကလည်း ကာကွယ်ဆေးစမ်းသပ်မှုကို ဩဂတ်လမှာပြီးဆုံးမည်ဟု မျှော်မှန်းထားပြီး နှစ်ကုန်တွင် ကာကွယ်ဆေးအလုံးရေ သန်းနှစ်ရာခန့်ထုတ်လုပ်ရန် စီမံနေသည်။

အာဖရိကတိုက်တွင် ကူးစက်မှုမြန်ဆန်နေခြင်းကို စိတ်ပူကြောင်း WHO အကြီးအကဲကဆိုသည်။ ဆင်းရဲမွဲတေမှုနှင့် စစ်ပွဲများ ကြုံတွေ့နေရသော အာဖရိကတိုက်အနေဖြင့် ရောဂါကိုကာကွယ်ခုခံနိုင်စွမ်းရှိမည်မဟုတ်ဟု ပြောသည်။ ရောဂါကူးစက်မှုသည် ကမ္ဘာပေါ်ရှိ လူနည်းစု တိုင်းရင်းသားမျိုးနွယ်များတွင် ရာခိုင်နှုန်းအလွန်များပြားသည်ဟုလည်း ဆိုသည်။

တရုတ်ပြည်၌ ကပ်ရောဂါကြောင့် ခြောက်လကျော်ပိတ်ထားရသည့် ရုပ်ရှင်ရုံအချို့ကို ဒေသအလိုက် ပြန်လည်ဖွင့်ပေးမည်ဟု သိရသည်။ ဒေသန္တရအာဏာပိုင်များထံမှခွင့်ပြုချက် စောင့်နေကြသည်။

အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်းလေးသောင်းကျော်အထိ စံချိန်တင်ကာ ကူးစက်သူ တွေ့ရှိခဲ့သည်။ ကူးစက်သူ ၁.၁၅)သန်းရှိကာ သေဆုံးသူ နှစ်သောင်းရှစ်ထောင်အထိရှိနေသည်။

အမေရိကန်ပြည်ထောင်စုတွင် ကူးစက်မှုမြင့်တက်ဆဲဖြစ်ကာ တစ်ရက်အတွင်း ကူးစက်သူ ခြောက်သောင်းကျော်တွေ့ခဲ့သဖြင့် စုစုပေါင်း (၃.၉)သန်းအထိ ရှိလာသည်။ သေဆုံးသူ စုစုပေါင်း တစ်သိန်းလေးသောင်းသုံးထောင်ခန့်ရှိသည်။

မြန်မာပြည်တွင် ကူးစက်မှုအသစ်မရှိပါ။

ကမ္ဘာ့လူဦးရေ (၁၄.၇)သန်းကူးစက်ခံရပြီး ခြောက်သိန်းတစ်သောင်းခန့် သေဆုံးသည်။ (၈.၈)သန်း သက်သာပျောက်ကင်းသည်။