Breaking News

မြင့်ကျော် - ယုတ္တိဗေဒ အမှား


မြင့်ကျော် -  ယုတ္တိဗေဒ အမှား

(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၂၀

ကျနော် ကောလိပ်ကျောင်းသားဘဝ ဝိဇ္ဇာ ဘာသာရပ်ယူတော့ ယုတ္တိဗေဒကို ပထမနှစ်မှာ သင်ယူရပါတယ်။ ယုတ္တိဗေဒကို စိတ်ဝင်စားတော့ အဲဒီဘာသာရပ် နဲ့ပတ်သက်တဲ့သင်ခန်းစာတွေကို အလေးထား လေ့လာကျက်မှတ်ဖြစ်တယ်။ အဲဒီခေတ်က ယုတ္တိဗေဒ ပါမောက္ခဒေါက်တာခင်မောင်ဝင်း ရေးသားတဲ့ သင်ရိုးစာအုပ်ကို တန်ဖိုးထားလေ့လာဖြစ်ခဲ့တယ်။ (စကားမစပ် ဒေါက်တာခင်မောင်ဝင်းဟာ မဆလခေတ်မှာ ပညာရေးဝန်ကြီးတာဝန်ယူခဲ့ပြီး သူ့လက်ထက်မှာ ဒေသကောလိပ်လို့ခေါ်ဆိုတဲ့ ပညာရေးစနစ်တခုကို ပြဌါန်းခဲ့သူပါ။)

ကျနော်ပထမနှစ်မှာ ယုတ္တိဗေဒမှာ အတန်းထဲ အမှတ်အများဆုံးလည်း ရခဲ့ဖူးပါတယ်။ ဘာကြောင့်ယုတ္တိဗေဒအကြောင်းပြောနေလဲလို့ ဆိုရင် လတ်တလော ဆွေးနွေးဝေဖန်နေကြတဲ့ မဲမပေးခွင့် မဲမပေးရေး ပြောဆိုမှုတွေအပေါ် မဲမပေးသူတွေက ဘယ်သူ့ကို ထောက်ခံသူပဲလို့စွပ်စွဲမှုတွေက လောဂျစ် အမှားဖြစ်တယ်လို့ ပြောချင်လို့ လောဂျစ်အကြောင်း စကားပလ္လင်ခံတာဖြစ်ပါတယ်။ ဒီလိုစွပ်စွဲပြောဆိုတာတွေက ယုတ္တိဗေဒ အမှားတွေဖြစ်နေလို့ပါဘဲ။

နိုင်ငံတိုင်းမှာ ရွေးကောက်ပွဲရလဒ်က သူတို့အတွက် အပြောင်းအလဲသိသိသာသာ မဖြစ်နိုင်ဘူးလို့ ယူဆကြတဲ့အခါ မဲမပေးတော့ပဲ ရွေးကောက်ပွဲကို ဘာသိဘာသာ နေလိုက်ကြတာတွေရှိပါတယ်။ အဲလိုအခါမှာ မဲမပေးသူတိုင်းကို မဲပေးရမယ် မဲမပေးရင် ဘာဖြစ်မယ်လို့ အတင်းအဓမ္မ စေခိုင်းခွင့်မရှိသလို တံဆိပ်တပ်တာမျိုးလည်း မသင့်လျော်ပါဘူး။ အဲလို တံဆိပ်တပ်တာ စွပ်စွဲတာဟာ ဒီမိုကရေစီစံနှုန်းကို မလေးစားရာကျပါတယ်။ မဲပေးလာအောင် နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေက သက်သေပြဖို့ပဲ လိုပါတယ်။

အခုလိုပြောလို့ ကျနော်ကမဲမပေးရေး လှုံ့ဆော်သူလည်းမဟုတ်ပါဘူး။ ပေးချင်တဲ့ ကိုယ်စားလှယ်လောင်းရှိရင်ပေးမှာပါ။