Breaking News

နေဇော်နိုင်၊ လင်းနွေးအိမ်နှင့် ရန်လင်းအောင်တို့၏ ကြေကွဲဖွယ်ဖားကန့်ဖြစ်ရပ်အပေါ်ခံစားမှုကဗျာများ

ဖားကန့်
နေဇော်နိုင်

မြေကြီးအောက်မှာ ကျနော်ရှာတယ်
ကျူးကျော်အိမ်ကို စွန့်ခွာဖို့
ညီမလေး ကျောင်းတက်ဖို့
အဖေ့ကား ဝစ်သောက် ပျောက်ချင်လို့
ကျနော်တို့မှာ ပါလာတဲ့ကံကို
မှန်မှန်ကန်ကန် ဝယ်ချင်လို့
မြေကြီးအောက်မှာ ကျနော်ရှာတယ်။

မတွေ့ရင်
မြေကြီးအောက်မှာ ကျနော့်ကို ရှာပါ။

၂ ဇူလိုင် ၂၀၂၀
...
သိုက်တူးသမားနဲ့အမှိုက်တူးသမား
လင်းနွေးအိမ်

ဝေခါမှာ
မြေစာပြိုလို့
သေရွာသွားကြရပြီဆို
သေချာတယ်
အဲဒါ မြေဇာပင်တွေပဲ။

မြေဇာပင်ဟာ
ကျွဲနှစ်ကောင်ပဲခတ်ခတ်
ခွေးနှစ်ကောင်ပဲကိုက်ကိုက်
အရှိုက်ထိတယ်။

သိုက်တူးသူတောင်ဖြိုပြီးတဲ့အခါ
ကမ္ဘာကြီးတောင်ဝယ်နိုင်သလို
အမှိုက်တူးသူတောင်ပြိုပိတဲ့အခါ
စျာပနတောင်အနိုင်နိုင်။

ဇူလိုင် ၂ ရက် ၂၀၂၀။
....
ဖားကန့်
ရန်လင်းအောင်

ဖားကန့်
ဆင်းရဲတွင်းကို ရပ်တန့်မလို့ပါ
ဖားကန့်

မဝရေစာအသက်ကလေးတွေ
ဆွဲဆန့်မလို့ပါ 
ဖားကန့်

ဒီမြေဒီကမ္ဘာကလည်း
ကြမ်းကြုတ်တဲ့အကန့်အသတ်တွေနဲ့
မမျှတလိုက်တာ
မြေစာပုံပြိုလေတိုင်းငို ငိုနေရတာ
ခေတ်တစ်ခေတ်ရဲ့
မြေဇာပင်တွေပါ 

ဖားကန့်
ရပ်တန့်ပါတော့
မတရားတွေ ရပ်တန့်ပါစေတော့
တရားတွေ လူရာဝင်ဆံ့ပါစေတော့
ဖားကန့်။ ။