Breaking News

ဒေါင်းလန်း - ဒိုင်ယာလော့ဝိုင်းထဲက မျက်နှာများ


ဒေါင်းလန်း  - ဒိုင်ယာလော့ဝိုင်းထဲက မျက်နှာများ

(မိုးမခ) ဇူလိုင် ၄၊ ၂၀၂၀

- စားပွဲဝိုင်းတစ်ခုမှာ ….
လူနှစ်စု ဝိုင်းထိုင်နေကြ။

- ဘာကိစ္စတဲ့လဲ …ဆိုတော့
ဒိုင်ယာလော့ ကိစ္စတဲ့။

- ညာဘက်ခြမ်းမှာ တချို့ထိုင်နေ
မျက်နှာသေတွေနဲ့
နှုတ်ခမ်းတွေလည်း တင်းတင်းစေ့လို့။

- ဘယ်ဘက်ခြမ်းမှာ ထိုင်သူတချို့က
စိတ်ရင်းကောင်း ပြချင်ပုံရတယ်

- ဒါပေမယ့် ပြုံးစစ မျက်နှာနောက်ကွယ်မှာ
ဘယ်လိုအနက်တွေ ဝှက်ထားသလဲ
အသိရခက်ပေရဲ့။

- ဒိုင်ယာလော့ရဲ့ သဘောက စေ့စပ်ညှိနှိုင်း
ရိုင်းပင်းရိုးသားစွာ အပေးအယူလုပ်ကြတာပဲ။

- အပေးအယူလုပ်မှတော့ အလျော့အတင်းရှိမှာပဲ
တင်းမာခက်ထန်နေလို့ မရ ပျော့ပျောင်းမှုရှိရမယ်။

- ဒိုင်ယာလော့ ဆိုတာ ယုံကြည်မှု အခြေခံ
မှန်ကန်ဖြောင့်မတ်မှု ခိုင်ကြည်စေရမယ်။

- မင်းမှာသစ္စာ လူမှာကတိ ရှေးစကားရှိတယ်
ဒိုင်ယာလော့ လုပ်သူဟာ သစ္စာရှိဖို့လိုတယ်
ဒိ်ုင်ယာလော့လုပ်သူဟာ ကတိတည်ဖို့လိုတယ်
ကတိသစ္စာဟာ ယုံကြည်မှုရဲ့အသက်ဝိဉာဉ်ပဲ။

- ဒိုင်ယာလော့စားပွဲဆိုတာ
ဆန့်ကျင်ဘက်တို့ရဲ့ ပေါင်းစည်းခြင်းကို ရှာတာပဲ။
လွတ်လပ်စွာ သဘောကွဲလွဲခွင့်ကို အသိအမှတ်ပြုခြင်းပဲ။

- ငါမှငါဆိုသူများ ဒိုင်ယာလော့မှာ ပါခွင့်မရှိ

- ကတိသစ္စာတည်သူဆိုရင်
ရန်သူဖြစ်သော်လည်း အကောင်းမြင်ခံရတာ သဘာဝပဲ။

- ကတိမတည်တဲ့ လူဆိုရင်
မျက်နှာမှာ အလင်းမဲ့နေတာ မြင်သာတယ်။

- လောဘ ဒေါသ မာန်မာန ဗိုလ်ကျလိုစိတ် ရှိနေသရွေ့
တည်ကြည်ရိုးဖြောင့်တဲ့ ပင်ကိုယ်အလင်းဓါတ် ကင်းပြတ်နေတတ်တယ်။

- ဒိုင်ယာလော့ စားပွဲဝိုင်းမှာ ထိုင်မယ်ကြံရင်
ကိုယ်မျက်နှာမှာ အလင်းရောင် ရှိ မရှိ
ကိုယ့်ဘာသာသိအောင် လုပ်ဖို့လိုတယ်။

- အကောက်ကြံသူတွေရဲ့ မျက်နှာဟာ မည်းနက်နေတယ်။

- သစ္စာရှိသူရဲ့ မျက်နှာဟာ အလင်းရောင် ထွက်နေတယ်။

- ဒိုင်ယာလော့ စားပွဲဝိုင်းမှာ ဝင်မထိုင်မီ
မှန်ရှေ့မှာ ရဲရဲရပ် အလင်းဓါတ် ရှိ မရှိ
ကိုယ့်မျက်နှာ ကိုယ် ဆန်းစစ်ကြည့်ဖို့တော့လိုလိမ့်မယ်။