Breaking News

မောင်နောင်မွန် - မှိုင်းပျပျစိတ်ရနံ့(၂)

မှိုင်းပျပျစိတ်ရနံ့(၂)
မောင်နောင်မွန်
(မိုးမခ) ဇူလိုင် ၄၊ ၂၀၂၀

မိုးဦးဟာ နေသာလိုက် မိုးစက်ကျလိုက်နဲ့။ နေအပူရှိန်က လျော့ကျသွားတယ်မရှိသေး။ ဒါပေမဲ့ မြက်ပင်လေးတွေကတော့ တလူလူနဲ့ အစိမ်းရောင်သမ်းလာပြီ။ ကိုဗစ်ကာလက အီလည်လည်နဲ့။ အများသူငါလည်း new normal ဆိုပြီး လမ်းမပေါ်ကိုပြန်တက်လာခဲ့ပြီ။ နွေနှောင်းနဲ့မိုးဦးကြားရာသီဥတုက တိမ်သားထူထူ။ ကိုယ့်ကိုယ်ကိုယ် သော့ခတ်ပိတ်လှောင်ထားတာ ရက်ပေါင်း ၆၀ လောက်ရှိနေရော့မယ်။ အခန်းထဲတွင် လိမ့်ပိတ်လှောင်ခံရင်နွေနေ့ရက်တွေကိုဖြတ်ကျော်ခဲ့ပြီ။ အပြင်ထွက်ချင်စိတ်ကို ထိန်းထားပေမဲ့ မရတော့။ အလုပ် အကိုင်ကလည်း ကိုဗစ်အကြောင်းပြုပြီး ဟုတ်တိပတ်တိမရှိတော့တဲ့အခါ ကျနော်ဟာ အခန်းထဲပိတ်လှောင်ရင် အလုပ်လက်မဲ့ဖြစ်ခဲ့ပြီ။

ပင်လယ်ကမ်းခြေတခုခုကိုသွားချင်နေတာအတော်ကြာပြီ။ မွန်းကျပ်ပိတ်လှောင်မှုတွေကိုပစ်ချ ပင်လယ်လေရနံ့ကိုရှုရှိုက်ချင်နေမိတယ်။ ကမ်းခြေ။ ကျနော်တို့ပတ်ဝန်းကျင်နဲ့အနီးဆုံးကမ်းခြေက စက်စဲကမ်းခြေသာ။ အခေါက်ခေါက်အခါခါရောက်ဖူးတိုင်း အဲဒီ့ကမ်းခြေဟာ အမှိုက်သရိုက်တွေနဲ့မို့ အလှအပလို့မမြင်မိ မခံစားမိ။ ဒါပေမဲ့ ခုတကြိမ်ရောက်တဲ့အခါ အရင်အတုန်းအတိုင်းရှိနေတဲ့ စက်စဲကမ်းခြေဟာ ကျနော်စိတ်ထဲမှာ လှနေတယ်။ ကမ်းခြေဟာ လူတွေရှင်းနေတယ်။ ဆိုင်တွေကတော့ ပိတ်ထားဆဲ။ ပင်လယ်လှိုင်းလုံးတွေဟာ ကမ်းခြေရဲ့သဲသောင်ပြင်ကိုလာရောက်ရိုက်ခတ်နေသံ ကြားရတယ်။ ပင်လယ်လေပြေဟာ ဆားအငွေ့ အသက်တွေနဲ့။ ပင်လယ်ရေဟာ ဘာကြောင့်ငန်နေမှန်းမသိ။ ကလေးဘဝကတည်းက စိတ်ကူးယဉ်အိပ်မက်ထဲမှာ ပင်လယ်ကမ်းခြေဘေးအနား ဘန်ဂလိုလေးတလုံးနဲ့နေထိုင်မယ်၊ နေထွက်တာကိုကြည့်မယ်။ နေဝင်တာကိုကြည့်မယ်။ ဒါတွေဟာ စိတ်ကူးထဲဝင်လာတိုင်း ပင်လယ်ကမ်းခြေနားကို ရောက်ရောက်သွားတတ်တယ်။

အိမ်ထဲတွင်လိမ့်ပိတ်နေခဲ့တဲ့ကာလတလျှောက်လုံးမှာ မျိုသိပ်ထားခဲ့တဲ့ဆန္ဒတွေ၊ စာတွေကဗျာတွေ ရုပ်ရှင်ဇာတ်လမ်းတွေနဲ့ ရေဒီယိုကထွက်ကျလာတဲ့သီချင်းသံစဉ်တွေနဲ့ စိတ်ဟာ ပိတ်လှောင်ထားခံရတယ်။ အဲ့ဒီ့အချိန်တွေကတည်းက စိတ်ထဲကို ခပ်တိုးတိုးလေးရောက်လာတတ်တဲ့ကဗျာတပုဒ်ဟာ ခုလို ကမ်း ခြေအရောက်မှာ ဖွင့်ဟကျလာတတ်တယ်။ အတူတူပါလာတဲ့ ညီနဲ့ညီမတွေက ရေထဲဆင်းသွားကြပြီ။ ကျနော်ဟာ ဝင်လုဆဲဆဲနေလုံးနဲ့လှိုင်းပုတ်သံကိုငေးရင်း ကဗျာတပိုင်းတစကို စိတ်ထဲကနေတိုးတိုးလေး ရေရွတ်မိနေတယ်ထင်တယ်။

"စက်စဲ''

အိမ်မှာပင်လယ်မရှိတော့
ပင်လယ်ရှိတဲ့အိမ်ကို ကျွန်တော်သွားတယ်။
ပင်လယ်ကိုပင်လယ်အတိုင်း
ရှိစေချင်တော့
ခရုမကောက်ဘူး
ရေဆင်းမကူးဘူး
သဲဖြူဖြူကလေးတွေပေါ်မှာ စာမရေးမိဘူး။
ကဗျာရွတ်ချင်တော့
လှိုင်းပုတ်သံစဉ်အနိမ့်အမြင့်ကိုစောင့်တယ်
ရေအတက်အကျကိုကြည့်တယ်
နေဝင်ဆည်းဆာကိုငေးတယ်။
ဘာလိုသေးလဲ
ဂစ်တာတစ်လက်နဲ့သူငယ်ချင်းသုံးယောက်ပါတယ်
ဘဝက နတ်စည်းစိမ်တွေလို၊
ပင်လယ်ကြီးကို အပိုင်လိုချင်တော့
ပင်လယ်ကြီးကို အပြီးစွန့်လွှတ်ခဲ့တယ်။
စွန့်လွှတ်လိုက်ခြင်းက
သိမ်းပိုက်ခြင်း အလှတရားမဟုတ်ပါလား
အိုဘယ့် ပင်လယ်။

ဆောင်းဒီ
မဟေသီမဂ္ဂဇင်း
စက်တင်ဘာ ၂၀၁၇

ဒီကဗျာကိုရွတ်နေရင်းက စိတ်ကအတော်ကို အရသာတွေ့သွားတယ်။ ပင်လယ်ကိုကြည့်လိုက်၊ ကဗျာကိုအထပ်ထပ်အခါခါရွတ်လိုက်။ စဖတ်ကတည်းစိတ်ထဲစွဲနေတဲ့ ကဗျာထဲကစကားလုံးတွေဟာ ပင်လယ်ရေလှိုင်းတွေနဲ့အတူ ကျနော့်စိတ်ထဲဝင်လာသလို။ ဟိုးအဝေးကြီးက နေလုံးဟာ ပုစွန်ဆီဆမ်းရောင်သမ်းနေပြီ။ အရင်အခါတုန်းကရောက်ဖူးကြည့်ဖူးနေကျ ဒီမြင်ကွင်းဟာ ခုတော့လည်း အတော်လှပနေတယ်ထင်မိတယ်။ ပင်လယ်ဟာ မာယာတွေဆိုပေမဲ့ သမာဓိရှိတဲ့ မိန်းမပျိုတဦးပမာ။ ခုတော့ အဲ့ဒီ့မာယာတွေဟာ ကျနော့်ကိုဖမ်းခေါ်နေပြီထင်တယ်။ ကျနော်ဟာ ပင်လယ်ရဲ့မာယာတွေအလယ် မျောနေတယ်။ ခရုခွံဖြူဖြူလေးတွေ တွေ့တယ်။ ကျနော်ဟာ နှလုံးသားထဲမှာစွဲနေတဲ့ကဗျာဆရာရဲ့စကားလုံးတွေအတိုင်း ခရုခွံတွေကိုမကောက်မိဘူး။ သဲဖြူလွှလွှလေးတွေပေါ် လမ်းမလျှောက်ချင်တော့ဘူး။ ကားပေါ်ကနေ ငေးကြည့်နေတာက ကောင်းတယ်။ ပင်လယ်ဟာ လောကကြီးမှာ အချိန်ကာလတခုလုံးရဲ့စီးနင်းခြင်းကိုခံခဲ့ရဖူးပြီးမဟုတ်လား။ ပင်လယ်ဟာ ကြားခံမီဒီယာတခုလို၊ ပင်လယ်ဟာ သယ်ဆောင်ရာ ယာဉ်တခုလို၊ အချိန်ယန္တားကြီးကိုသယ်ပြီး ကျနော်တို့ဆီကိုအရောက်ပို့ခဲ့ပြီမဟုတ်လား။ ယဉ်ကျေးမှုတခုလုံးကို သယ်ဆောင်ပေးခဲ့ပြီမဟုတ်လား။ တော်လှန် ရေးတခုလုံးကို ယူဆောင်ပေးခဲ့ပြီမဟုတ်လား။ ပင်လယ်ဟာ မောပန်းနေပြီထင်တယ်။ သူမကို အနားယူစေချင်မိပြန်တယ်။ ကျနော့်စိတ်ထဲမှာ ပင်လယ်ကို အားနာနေမိပြန်တယ်။ ဘာအတွက် အားနာနေပြန်တာလည်း ကျနော်မသိပေ။ ပင်လယ်ကို ပင်လယ်အတိုင်း ရှိနေစေချင်တယ်။ ရှက်သွေးဖြာနေတဲ့အပျိုစင်လေးတစ်ယောက်လို ပင်လယ်ဟာဖြူစင်နေတယ်။ ဒါပေမဲ့ စာတွေထဲမှာတော့ ပင်လယ်ဟာ မာယာတွေပဲ။

လှိုင်းသံတွေနဲ့အတူတူ ပင်လယ်ဟာ အမှိုက်သရိုက်တွေကို ကမ်းခြေနားကို ပို့ချသွားတယ်။ ကျနော်ဟာကြည့်နေရင်းက စိတ်ထဲမှာ ပင်လယ်ပြင်ကိုလေးစားသွားတယ်။ သူမဟာ သန့်ရှင်းစင်ကြယ်သူပဲ။ သူမက ဖြူစင်သူပဲ။ ပင်လယ်ဟာ ယဉ်ကျေးသူတယောက်ပဲ။ ပင်လယ်ဟာ လူကြီးလူကောင်းတယောက်ပဲ။ ဘာတွေကြောင့်လဲတော့မသိဘူး။ စိတ်ထဲမှာ ပင်လယ်ကိုလေးစားနေမိတယ်။ ကျနော်စိတ်တွေဟာ ပင်လယ်လှိုင်းတွေနဲ့အတူတူ ပါသွားတယ်။ ပြီးတော့ လှိုင်းလုံးတွေနဲ့အတူတူပြန်ပါလာတယ်။ ပင်လယ်ဆီက စကားသံတွေကြားရတယ်။ အဲ့ဒီ့စကားသံတွေက ကဗျာသံစဉ်တခုလိုသာယာနားပျော်ဖွယ်ဖြစ်နေတယ်။ ကမ္ဘာဦးရဲ့အသာယာဆုံးစကားသံတွေနဲ့ တေးသွားတွေပဲ။

ပင်လယ်ဟာ ဘယ်ချိန်ထိရှိနေမှာလဲ။ ပင်လယ်ဟာဘယ်ထိရှိနေဦးမှာလဲ တွေးနေမိတယ်။ ပင်လယ်ဆီကစကားသံတွေဟာ တဖြည်းဖြည်းတိုးပြီး နားထဲဝင်လာတယ်။ ပင်လယ်ဆီက လေတိုးသံတွေ၊ ပင်လယ်ဆီက လောကဓံတွေ။

ကျနော်ဟာ သဲဖြူလွှလွှလေးတွေကိုနင်းပြီး ပင်လယ်ကြီးဆီ ပြေးဆင်းသွားတယ်။ ပင်လယ်ဟာ ကျနော်ကိုနွေးနွေးထွေးထွေးဆီးဖက်ကြိုနေတယ်။ အဲလိုနဲ့ ကျနော်ဟာ လှိုင်းလုံးတွေနဲ့ကျနော်ဟာ ပင်လယ်ကြီးဆီသွားနေတော့တယ်။ ဒါပေမဲ့ တချိန်ချိန်မှာ ပင်လယ်ဟာ လှိုင်းလုံးတွေနဲ့ကျနော်ကို ကမ်းခြေတွေဆီ အရောက်ပြန်ပို့နေမှာပါ။

မောင်နောင်မွန်
၂၀၆၂၀