Breaking News

အောင်မော်ဦး၊ သူရထိုက်တို့၏ ကြေကွဲဖွယ်ဖားကန့်ဖြစ်ရပ်အပေါ်ခံစားမှုကဗျာများ

“ လူတန်းစားသံယောစဉ်ဆိုတာ ... ”
အောင်မော်ဦး

မြေစာပုံပြိုတာ
အမေ ငိုတာလောက် မခါးပါဘူးကွာ
ငါတို့မှာ
သေစရာ အသက်တွေရှိဖို့ပဲ လိုတာပါ။

ငါတို့ ဘိုးဘေးတွေဟာ
သေမင်းတမန် ရထားလမ်းကြီးကို
ဖောက်ပေးခဲ့ကြရသလိုမျိုး
ငါတို့မျိုးဆက်တွေရော ဘာထူးလို့လဲ
သေမင်းတမန် ရတနာတွင်းကြီးကို 
နက်နက်တူးပေးခဲ့ကြရတာပဲမဟုတ်လား။

အဖေ ဘယ်တော့ပြန်လာမလဲဆိုတဲ့မေးခွန်းကို 
ဖြေနိုင်မှာမဟုတ်တော့တဲ့  ငါ့ဇနီးဟာ
ငါ့သမီးကိုဖက်ပြီး ငိုနေမှာ သေချာပါတယ်
မင်း ဇနီးလည်း
မင်း သမီးကိုဖက်ပြီး ငိုနေမှာပါပဲ။

ကျေးကျွန်သာသာ ဝမ်းစာရှာကြရတဲ့ဘဝမှာ
မြေစာပုံပြိုလို့ မသေလည်း
မြေသိမ်းခံရလို့ သေနိုင်တာပါပဲ။

သေရေးထက် နေရေးခက်တဲ့ဘဝမှာ
ကြိုးဆွဲချ မသေလည်း
ကျည်ဆန်နဲ့သေနိုင်တာပါပဲ။

တပ်ထဲဝင်မလား၊ ထောင်ထဲဝင်မလားဆိုတဲ့
ဒီ ဒုစရိုက်မှုနှစ်ခုကိုမှ မကျူးလွန်လိုဘူးဆိုရင်
ငါတို့လို လူတန်းစားတွေအတွက်
ဒီတိုင်းပြည်မှာ အသက်မွေးရတာ
တကယ့်ကို ကျေးကျွန်သာသာပါပဲကွာ။

နိုင်ငံတော်အဆင့် ဝမ်းနည်းမှုကိုရဖို့
နိုင်ငံတော်အတွက် မဲ မပေးနိုင်ခဲ့တာကိုသာ
ငါတို့မှာ စိတ်မကောင်းခြင်းကြီးစွာဖြစ်ကြရပါရဲ့
နိုင်ငံတော်ဟာလည်း
သူ မရနိုင်တော့တဲ့ မဲတွေအတွက်
တကူးတက ပူဆွေးပြနေဖို့မလိုတော့ဘူးပေါ့ကွာ။

တကယ်တော့
လူတန်းစားသံယောစဉ်ဆိုတာ
အစိုးရကိစ္စမှ မဟုတ်တာ
ဒီခေတ်မှာ လူဖြစ်ရတာကိုက
ဒီစနစ်အတွက် အသက်ရှင်ပေးနေရတာပဲလေ။

ငါတို့လိုကောင်မျိုးတွေ သေသွားတာ
ဘာများဆန်းလို့လဲ
အေးတာပဲ မဟုတ်လား
သေသွားအေးတာပဲ မဟုတ်လား။ ။ 

ဇူလိုင်၊ ၃၊ ၂၀၂၀
...
ရင်နင့်ကျိန်စာ
သူရထိုက်

ဝမ်းနည်းပါတယ် ဆိုတဲ့စကားနဲ့
နှုတ်ဆက်ရတာ
မလုံလောက်တာလဲ ကြေကွဲစရာပါပဲ။

လုပ်အားဆိုတာ ရောင်းကုန်ပေပမယ့်
ဒီလောက်တော့ စျေးမပေါသင့်ဘူး။

သယံဇာတ ကျိန်စာတဲ့
စကားလုံးလှလှ ရှတတအောက်
အဖြစ်တွေ ပျောက်ဆုံးကြွေပျက်သွားလိုက်တာ
ရင်နင့်စရာ။

ဆင်းရဲခြင်းလွတ်ကင်းအောင်
လမ်းပြဆောင်ပါမည်ဆိုတဲ့
နဂါးနီသီချင်းနားထောင်ရင်း
သက််ပြင်းတာ ချမိတာ အခါခါ...

မြေစာပြိုကျတဲ့သတင်း
လူတွေသေတဲ့သတင်း
မကြာမကြာ ကြားနေရ
ပိုးဖလံတွေအဖြစ်နဲ့
သိပါလေလျက်
မီးကိုတိုးနေကြရသလိုမျိုးဘဝေတွေ ...

ပြယ်သင့်ပါပြီ....
ရပ်သင့်ပါပြီ
ဒီကျိန်စာက
လွတ်ကင်းသင့်ပါပြီ.....
ဝဋ်ကြွေးတွေဆိုရင်လည်း
ဒီမျှနဲ့ ကျေနပ်ပါတော့ ဖားကန့်ရေ....။    ။
...