Breaking News

သခင်ဘမောင် ၏ ဆရာကြီးနှင့် လျင်မြန်ဖြတ်လတ်သောဉာဏ် (ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၆ နှစ်မြောက် အထိမ်းအမှတ်)

ဆရာကြီးနှင့် လျင်မြန်ဖြတ်လတ်သောဉာဏ်
သခင်ဘမောင်
(မိုးမခ) ဇူလိုင် ၂၃၊၂၀၂၀

ဂမ္ဘီရ- နက်နဲသော၊ တက္ခ - ထက်မြက်သော၊ ဇဝန- လျင်မြန်သော၊ တင်္ခနုပတ္တိ- ရုတ်ခြည်းဖြစ်ပေါ်ဖြတ်လတ်သောဟူ၍ ဉာဏ် (၄) မျိုးရှိသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရေးသားပြုစုခဲ့သည့် လေးချိုး၊ လင်္ကာ၊ ကဗျာ၊ စာပေများကိုဖတ်ရှုခြင်းဖြင့် အဆိုပါဉာဏ်လေးမျိုးအနက် ဂမ္ဘီရဉာဏ်၊ တိက္ခဉာဏ်ကြွယ်ဝ ကြောင်း သိကြရပါသည်။
ဇဝနဉာဏ်၊ တင်္ခနုပတ္တိဉာဏ်တို့နှင့်ပတ်သက်၍ကား အရေးအသားထက် ပြောဟော ဖြေကြားသည်တို့ကိုကြားနာရခြင်းက ပိုမိုသိရှိနိုင်ပါသည်။ ဇဝနဉာဏ်၊ တင်္ခနုပတ္တိဉာဏ် ကြွယ်ဝပြောင်မြောက်စွာပြော ဟော ဖြေကြားသည်တို့ကို အမျိုးမျိုးအကြိမ်ကြိမ် ကြားနာခဲ့ရဖူးပါသည်။ ထိုသို့ကြားနာခဲ့ရဖူးသည်တို့မှ အရာတခုကို တင်ပြလိုပါသည်။
၁၉၄၈- ခုနှစ်နောက်ပိုင်းက ဖြစ်ပါသည်။ ကွန်မြူနစ်ပါတီတောခိုသွားပြီးနောက် နယ်မြေဒေသအတော်များများတွင် ပြည်တွင်းစစ် စတင်ဖြစ်ပွားလျက်ရှိသည်။ ထိုအချိန်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် တို့ဗမာသခင်များအား ပြည်တွင်းစစ်ရပ်စဲရေး ငြိမ်းချမ်းရေးဆောင်ရွက်ကြရန်ကိစ္စကို မိန့်ကြားပါသည်။
ထိုအချိန်က သခင်အောင်ဆန်း၊ သခင်နု စသည်ဖြင့် ဖဆပလတွင် တသီးပုဂ္ဂလပါဝင်နေကြသော သခင်များ၊ သခင်မြ၊ သခင်တင်၊ သခင်ကျော်ဒွန်း စသည်ဖြင့် ဆိုရှယ်လစ်ပါတီတွင် တည်ထောင်ပါဝင်နေကြသော သခင်များ၊ သခင်လှဖေ(ဗိုလ်လကျာ်)၊ သခင်ရှုမောင် (ဗိုလ်နေဝင်း)၊ သခင်လှမြိုင်(ဗိုလ်ရန်အောင်)၊ သခင်ရွှေ(ဗိုလ်ကျော်ဇော) စသည်ဖြင့် ဗမာ့တပ် မတော်တွင် တည်ထောင်ပါဝင်နေကြသော သခင်များ၊ သခင်ဖိုးကွန်း(ဗိုလ်ဖိုးကွန်း)၊ သခင်အုန်းတင်(ဗို်လ်အုန်းတင်)၊ သခင်ဗဂျမ်း(ဗိုလ်လရောင်)၊ စသည်ဖြင့် ပြည်သူ့ရဲဘော်အဖွဲ့တွင် တည်ထောင်ပါဝင်နေကြသော သခင်များ၊ သခင်စိုး၊ သခင်ဖေဌေး၊ သခင်မြသွင် စသည်ဖြင့် အလံနီကွန်မြူနစ်ပါတီတွင် ပါဝင်နေကြသော သခင်များ၊ သခင်သန်းထွန်း၊ သခင်ဗသိန်းတင်၊ သခင်ဇင်၊ သခင်ချစ် စသည်ဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီတွင် ပါဝင်နေကြသော သခင်များ၊ သခင်ကိုယ်တော်မှိုင်း၊ သခင်ထိပ်တင်ကိုယ်တော်ကြီး၊ သခင်သိန်းမောင်၊ သခင်ဗဦး စသည်ဖြင့် တို့ ဗမာအစည်းအရုံးတွင် ကျန်ရှိနေသော သခင်များနှင့် တသီးပုဂ္ဂလရပ်တည်ကျန်ရှိနေကြသော သခင်များဟူ၍ အမျိုးမျိုးကွဲပြားနေကြသဖြင့် အထက်ပါစာပိုဒ် ၌ တို့ဗမာအစည်း အရုံးတွင် ကျန်ရှိနေသေးသောသခင်များကို ရည်ညွှန်း၍ “တို့ဗမာသခင်” ဟု ဖော်ပြထားခြင်းဖြစ်ပါသည်။
တို့ဗမာအစည်းအရုံးသခင်များသည် ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းများအပါအဝင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူထုလူ တန်းစားအဖွဲ့အစည်းကိုယ်စားလှယ်များအားဖိတ်ကြား ပြီး အစည်းအဝေးတရပ် ပြုလုပ်သည်။ ထိုအစည်းအဝေးတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ပြည်တွင်းစစ်ရပ်စဲငြိမ်းချမ်းရေးကြိုးပမ်း ဆောင်ရွက်ကြရန် မိန့်ကြားတိုက်တွန်းသည်။ ရောက်ရှိနေကြသော အဖွဲ့ပေါင်းစုံကိုယ်စားလှယ်တို့က လက်ခံသဘောတူကြသဖြင့် ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်ကြရန် နိုင်ငံတော် အေးချမ်း သာယာရေးအဖွဲ့ကို ဖွဲ့စည်းကြပါသည်။
အဖွဲ့နာယကအဖြစ် ဆရာကြီးသခင်ကိုယ်တော်မှိုင်းကိုတင်မြှောက်၍ ဥက္ကဋ္ဌ သခင်ထိပ်တင်ကိုယ်တော်ကြီး၊ ဒုတိယဥက္ကဋ္ဌ ဝန်ကြီးဟောင်း ဦးဘအုန်း၊ ငွေထိန်း ရှေ့နေကြီး ဦးတင်လှ၊ အတွင်းရေးမှူး ဆရာဖေ (အရဟံပူဇော်တပ်ဆင်ရေးအဖွဲ့) တို့ပါဝင်သော အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ကြသည်။
ဆရာကြီးသည် ရှေးဦးစွာ ရန်ကုန်မြို့ပေါ် ရပ်ကွက်အသီးသီးတွင်တရားပွဲများပြုလုပ်စေပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ကြရန် ဟောပြောသည်။ ထို့နောက် ဦးဥတ္တမပန်းခြံ (ယခင် ကန်တော်မင်ပန်းခြံ) ၌ မြို့လုံးကျွတ် ငြိမ်းချမ်းရေးလူထုဆန္ဒပြ အစည်းအဝေးပွဲကြီးပြုလုပ်ပြီး အစိုးရနှင့် တောတွင်းလက်နက်ကိုင်အင်အားစုများ ငြိမ်းချမ်းရယူကြရန် ဆုံး ဖြတ်ချက်များ ချမှတ်တောင်းဆိုသည်။
ယင်းသို့ လူထုဆန္ဒပြပွဲကြီးပြုလုပ်ပြီးနောက် အမှုဆောင်အဖွဲ့ဝင်များနှင့်အတူ မော်တော်ဘတ်စ်ကားကြီးဖြင့် ရန်ကုန်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်ပေါင်း (၁၀၀) ကျော်သို့ (၇) ရက်ကျော်ခန့် လှည့်လည်ပြီး သံဃာတော်များအား တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်တော်မူကြရန် လျှောက်ထားသည်။ ရောက်သမျှကျောင်းတိုက်အပေါင်းမှ ဆရာတော် သံဃာတော်များက အလွန်ခင်မင် မြတ်နိုးသောအမူအရာဖြင့် ဝမ်းသာရွှင်ပျစွာ “ဒကာကြီးနေထိုင်ကောင်းပါရဲ့လား၊ ဆရာ ကြီးကျန်းမာရဲ့လား၊ ဘာကိစ္စရှိသလဲဆရာကြီး ” စသည်ဖြင့် ဂရုတစိုက် မေးမြန်းတော်မူကြသည်။
ဆွမ်းစားချိန်ဖြစ်လျှင် ထမင်းပွဲကြီးများပြင်၍ ဆရာကြီးနှင့်တကွ အတူပါလာသူအားလုံးကိုပါ ကျွေးမွေးကြသည်။ နေ့လယ်ပိုင်း စောစောပိုင်းဖြစ်လျှင် မုန့်ပဲ ချိုချဉ် လက်ဖက်ရည် စသည်တို့ တိုက်ကျွေးကြသည်။ ဆရာကြီးက တိုင်းပြည်အရပ်ရပ်အခြေအနေများကိုတင်ပြကာ ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်ပေး တော်မူကြရန် လျှောက်ထားသည့်အခါ ဂရုတစိုက်နားထောင်တော်မူကြပြီး နှစ်ချိုက်သဘောတူကြောင်း ပြန်လည်မိန့်ကြားကာ ဆန္ဒပေးတော်မူကြသည်။

အချို့ဆရာတော်ကြီးများက ပြုံးရွှင်ရယ်မောရင်း “ ဒီနေ့ လက်နက်ကိုင်တိုက်ပွဲ ပြည်တွင်းစစ်ဖြစ်နေတဲ့အစိုးရနဲ့ တောတွင်းလက်နက်ကိုင်ခေါင်းဆောင်များဟာ ဆရာကြီးရဲ့ တပည့်သားမြေးတွေပဲမဟုတ်လား၊ ဆရာကြီးက သူတို့အားလုံးကို တော်ကြပါတော့၊ ရပ်ကြပါတော့လို့ ပြောလိုက်ရင် ပြီးမှာပါပဲ ” ဟု မိန့်ကြားတော်မူကြပါသည်။
ထိုအခါ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ရုတ်ခြည်းပင် “အင်္ဂလိပ်နယ်ချဲ့ကောင်၊ ဂျပန်ဖက်ဆစ်ကောင်တွေ ဆန့်ကျင်မောင်းထုတ်ဖို့အရေးတုန်းကဆိိုရင် အရှင်ဘုရားများထင်တော်မူကြတဲ့အတိုင်း တပည့်တော် သူတို့အပေါ် သြဇာရှိခဲ့ပါတယ်။ နယ်ချဲ့ဖိနှိပ်သွေးစုပ်မှုနဲ့ ဖက်ဆစ်ညှဉ်းပမ်းလုယူမှုအန္တရာယ်များက ကင်းလွတ်အောင် ကြိုးပမ်းနိုင်ကြတဲ့အထိပါပဲ။ ဒါပေမယ့် အင်္ဂလိပ်က လွတ်လပ်ရေးဆိုတာ ပြန်လည်ကြေညာပေးအပ်တဲ့အချိန်ကစပြီး ကိုယ့်အမြင် ကိုယ့်ဝါဒအရ ငြင်းကြခုံကြ ဝေဖန်ကြနဲ့ နောက်ဆုံးတော့ ပါးစပ်က စ၊ လက်ပါ ဆိုတာလို လက်နက်ကိုင်တိုက်ခိုက်တဲ့ပြည်တွင်းစစ်ထိ ရောက်ကြတော့တာပါပဲ။ တပည့်တော်ကိုယ်တိုင် ဘာနဲ့တူသလဲဆိုရင် သူရဲမွေးမိတဲ့ မှော်ဆရာလိုဖြစ်နေတော့တာပါဘဲဘုရား ” လို့ လျှောက်လိုက်ပါသည်။
ဆရာတော်သံဃာတော်များက အံ့သြသောအမူအရာဖြင့် “ ဘယ်လိုများ သရဲမွေးမိတဲ့ မှော်ဆရာနဲ့တူနေသလဲ၊ တူပုံကလေး ဆက်စမ်းပါအုံး ဆရာကြီးရဲ့ ” ဟု မေးမြန်းတော်မူကြသဖြင့် …
“ ဒီလိုဘုရာ့၊ ရှေးက ရွာကြီးတရွာမှာ မှော်ဆရာတယောက် သရဲကလေးတွေ အမဲသားငါးကျွေးပြီး မွေးထားသတဲ့။ ပြီးတော့ အဲဒီ့သရဲကလေးတွေကို လိုရာခိုင်းတာပေါ့ဘုရား။ သရဲကလေးတွေကလဲ သူခိုင်းသလို လုပ်ကြတယ်။ ဘယ်သူ့ပူးဆိုပူး၊ ဘယ်သူ့ခွာဆို ခွာပေါ့လေ။ သရဲပါးကလဲ ဝကြသေးဟန်မတူဘူး ဘုရာ့။ နောက် နှစ်ကာလ အတော်ကြာလာတဲ့အခါ သရဲကလေးတွေက သရဲကြီးတွေ ဖြစ်လို့ အစွယ်တွေကရှည်လာပြီး သရဲပါးလဲ ဝလာ၊ မှော်ဆရာကြီးကလဲ အသက်အရွယ်ကြီး အိုမင်းမစွမ်းဖြစ်လာလို့ အမဲသားငါးတွေ အရင်ကလို သိပ်မကျွေးနိုင်ဖြစ်လာတော့ သရဲတွေကို သူလိုသလိုခိုင်းမရတော့ဘူးတဲ့။ ဘယ်သူ့ပူးလိုက်ဆိုရင် ပူးချင်မှပူးတယ်။ ခွာဆိုရင်လဲ ခွာချင်မှ ခွာတယ်။ သြဇာမကိုက်တော့ဘူးပေါ့။ အဲဒီ့အခါ မှော်ဆရာကြီးက ဆရာတော်သံဃာတော်များထံ ချည်းကပ်ပြီး ကမ္မဝါဖတ် အခွာခိုင်းရသတဲ့ဘုရာ့ ” ဟုလျှောက်ထားပြီး သူ့ပါးစပ်ကို လက်ဝါးဖြင့်ကာလျက် ရယ်မောနေပါတော့သည်။

ဆရာတော်သံဃာတော်များမှာ အလွန်သဘောကျပြီး ပြုံးရွှင်ရယ်မောကြပါသည်။ ဆရာကြီးနှင့်အတူလိုက်ပါလာကြသော ကျွန်တော်တို့အားလုံးသည်လည်း မရယ်ဘဲမနေနိုင် ဖြစ်ကြပါသည်။
ဆရာကြီးကဆက်လက်ပြီး “ဒါကြောင့်မို့ အရှင်ဘုရားများကို ဒီပြည်တွင်းစစ် ရပ်စဲငြိမ်းချမ်းရေးအတွက် ကမ္မဝါဖတ်ပေးတော်မူကြဖို့ ရွာအမှု ဘုန်းကြီးကပ်ရတာပါဘုရား ” ဟု လျှောက်ထားပါသည်။

ဆရာတော်သံဃာတော်တိုင်းက အလွန်နှစ်ချိုက်သဘောကျတော်မူကြပါသည်။ ထပ်မံ၍ အခြားစကားမိန့်ကြားခြင်းမပြုကြတော့ဘဲ “ ဒကာကြီးဆန္ဒအတိုင်း အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ကြမယ် ” လို့သာ မိန့်ကြားကြပါတော့သည်။

ယင်းသို့ဖြင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် အသက်အရွယ်ကြီးရင့်ပြီဖြစ်သည် အထိ တဖက်မှတစုံတရာ မေးမြန်းပြောဆို မိန့်ကြားသည့်အကြောင်းအချက်ကို ဆီ လျော်တိုက်ဆိုင်သည့်အကြောင်းအချက်ဖြင့် လျင်မြန်စွာ ရုတ်တရက် ပြန် လည်ပြောဆို ဖြေကြားလျှောက်ထားနိုင်သည့် ဇဝနဉာဏ်၊ တင်္ခနုပ္ပတ္တိဉာဏ် ကြွယ်ဝပုံ ကို ဖော်ထုတ်ဂုဏ်ပြုအပ်ပါ သည်။
၁၉၇၅ ခုနှစ်၊ မတ်လ ၅ ရက်
သခင်ကိုယ်တော်မှိုင်း “ ၁ ” ရာပြည့်ကော်မတီမှ ကူးယူဖော်ပြသည်။
မိုးမခ-
(ဇူလိုင် ၂၃ ရက်နေ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၆ နှစ်မြောက် အထိမ်းအမှတ်နေ့အဖြစ် ပြန်လည်(စာရိုက်ကူးယူ) ဖော်ပြပေးလိုက်ပါတယ်။ ဆရာ ပန်းချီသန်းဌေးမောင်ရဲ့ လက်ရာကို အသုံးပြုထားပါတယ်)