Breaking News

ဟာရှိန်း - မိစ်ဆဂီရိ

Photo- Myanmar NOW
မိစ်ဆဂီရိ
ဟာရှိန်း
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၂၀

တောတန်းတွေရဲ့ ဟိုဘက်မှာ ဘာတွေရှိလဲဆိုတော့
နောက်ထပ်တောင်တန်းတွေပဲ ရှိပါတယ်
ဒါဖြင့်...
ဘဝတွေရဲ့ ဟိုဘက်မှာရော ဘဝတွေပဲ တကယ်ရှိတာလား။

နွေမြူ မိုးမှိုင်း ဆောင်းနှင်း 
စက္ကန့်မလပ် အမြဲစိမ်း သစ်ကပ်ပင်တွေ
လွယ်ပလိုင်း တောင်ယာ ပန်းသီး လိမ္မော်တွေ
ချယ်ရီ တောင်ဇလပ် နွားနောက် အောက်ချင်းငှက် 
မှုန်ပြာရီ ရှုမျှော်ခင်း အစိမ်းတွေ။

အသွားခက် အပြန်ခက် 
မြေလိမ်မြွေကောက် တောင်ယာလမ်းလေးတွေ
စပါး ပြောင်း လက်ဆုံထောင်းတဲ့အခါ 
လက်ဖက်ရွက်နု အတူတူခူးဆွတ်တဲ့အခါ
အရင်လို လူမစုံတော့ဘူး။

ကန္တာရတွေအဆုံးမှာ နောက်ထပ်ကန္တာရတွေတဲ့
ညှာတံတွေအဆုံးမှာတော့
ရေကြည်ရာ မြက်နုရာပွင့်တဲ့ သစ်ခွ၊ ချယ်ရီ၊ တောင်ဇလပ်ပန်းပွင့်တွေ
တောင်တန်းတွေရဲ့ ဟိုဘက်မှာ ဘာတွေရှိလဲဆိုတော့
နောက်ထပ်တောင်တန်းတွေပဲရှိပါတယ်

ဟာရှိန်း
၂၀၁၉။