Breaking News

အောင်မော်ဦး - "ကိုယ့်လူတန်းစားကို ကိုယ့်ဘာသာ ကိုယ်စားပြုမယ်"


ကိုယ့်လူတန်းစားကို ကိုယ့်ဘာသာ ကိုယ်စားပြုမယ်
အောင်မော်ဦး
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၂၀

ဧရာဝတီသတင်းတပုဒ်မှာ အလုပ်သမားသမဂ္ဂနဲ့ လယ်သမားသမဂ္ဂတွေက ကိုယ်စားလှယ်တွေက တသီးပုဂ္ဂလတွေအဖြစ်နဲ့ ရွေးကောက်ပွဲဝင်ကြမယ်လို့ သိရပါတယ်။

ဘဝအတွေ့အကြုံတွေဟာ သီအိုရီတွေထက် လက်တွေ့ကျနေတတ်တယ်လို့ ဆိုကြပါတယ်။ အထူးသဖြင့် သိပ္ပံစမ်းသပ်ခန်းမဟုတ်တဲ့ လူမှုဘဝနယ်ပယ်မှာ လူတန်းစားအတွေ့အကြုံက ပိုလက်တွေ့ကျနေတတ်ပါတယ်။

ဒီဘက်ခေတ်မျိုးဆက်တွေအဖို့ ၂၀၁၀၊ ၂၀၁၅ ဆိုတဲ့ ရွေးကောက်ပွဲ (၂) ခုကို ဖြတ်သန်းခဲ့ဖူးကြပါပြီ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ဘောင်းဘီချွတ်တွေပေးခဲ့တဲ့ ကတိကဝတ်တွေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပင်နီဝတ်တွေ ပေးခဲ့တဲ့ ကတိကဝတ်တွေက မဲရရုံထက် မပိုခဲ့ကြဘူးဆိုတာကို အလုပ်သမား၊ လယ်သမားလူတန်းစားဟာ သူတို့ဘဝနဲ့ရင်းပြီး နားလည်သွားခဲ့ကြပုံပါပဲ။

ဒါတင်မက ၂၀၁၀ ဘောင်းဘီချွတ်အစိုးရနဲ့ ၂၀၁၅ ပင်နီဝတ်အစိုးရနှစ်ရပ်ရဲ့လက်ထက်မှာ သိမ်းပိုက်ခံခဲ့ရတဲ့ သူတို့ရဲ့ ဓားမဦးချထွန်ယက်ရာမြေတွေဟာ ဘယ်နှစ်ဧကတောင်ရှိခဲ့ပြီဆိုတာကိုလည်း ဒီ အလုပ်သမား၊ လယ်သမားလူတန်းစားဟာ သူတို့ဘဝနဲ့ရင်းပြီး သိခဲ့ကြရပါပြီ။

ဒါတင်မက ၂၀၁၀ ဘောင်းဘီချွတ်အစိုးရနဲ့ ၂၀၁၅ ပင်နီဝတ်အစိုးရနှစ်ရပ်ရဲ့ လက်ထက်မှာ အလုပ်ထုတ်ခံရတဲ့၊ လုပ်အားအမြတ်ထုတ်ခံရတဲ့၊ တရားစွဲခံရတဲ့၊ ဖမ်းဆီးထောင်ချခံရတဲ့၊ အသတ်ခံကြရတဲ့သူတွေ ဘယ်ရွေ့ဘယ်မျှရှိခဲ့ပြီဆိုတာကိုလည်း ဒီအလုပ်သမား၊ လယ်သမားလူတန်းစားဟာ သူတို့ဘဝနဲ့ရင်းပြီး  သိရှိခဲ့ကြပါပြီ။

ဒါတင်မက ကြိုးဆွဲချသေကြတဲ့၊ မိသားစုလိုက် အဆိပ်ခတ်သေကြတဲ့၊ ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေတဲ့သူတွေဟာ ဘယ်လောက်အထိ ရှိခဲ့ကြပြီဆိုတာကိုလည်း ဒီ အလုပ်သမား၊ လယ်သမားလူတန်းစားဟာ သူတို့ဘဝနဲ့ရင်းပြီး သိခဲ့ကြပါပြီ။

ဆိုတော့ကာ သူတို့နဲ့အတူ ဒိုးတူဘောင်ဘက် မရုန်းကန်ခဲ့ကြဘူးတဲ့သူတွေက သူတို့အရေးကို သူတို့ကိုယ်စား လုပ်ပေးပါမယ်ဆိုတဲ့ ကတိကဝတ်မျိုးတွေကို သူတို့မယုံကြည်ကြတော့ဘူးဆိုတာ အလုပ်သမား၊ လယ် သမားတွေရဲ့အမှားမဟုတ်ပါဘူး။ ခင်ဗျားတို့နားခါးနိုင်တဲ့ ပစ္စည်းမဲ့လူတန်းစားရဲ့တရားသာလျှင်ဖြစ်ပါလိမ့်မယ်။

ဒီအတွေးအခေါ်၊ ဒီလှုပ်ရှားမှုဟာ ခုမှစတာဖြစ်လို့ အချိန်သိပ်နီးကပ်လွန်းပြီး၊ တရားမျှတမှုနည်းနိုင်တယ်လို့ ဝေဖန်နေကြတဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ရာနှုန်းပြည့် မဲမရနိုင်ပေမယ့် နောင်ရွေးကောက်ပွဲတွေမှာတော့ ကိုယ့်လူတန်းစားကို ကိုယ့်ဘာသာကိုယ်စားပြုမှုဟာ မနေ့တနေ့ကတင် ကမ္ဘာကျော်ခဲ့တဲ့ Black Lives Matter လို လျော့တွက်လို့မရနိုင်တာကတော့ သေချာလှပါတယ်။ မြန်မာပြည်တော်လှန်ရေးဟာ ဒီလူတန်းစားနှစ်ရပ်အပေါ် မူတည်တာပါ။

ကိုယ့်ဆီကမဲကိုယူပြီး ကိုယ့်ကိုထောင်ထဲထည့်တဲ့ ကိုယ်စားလှယ်တော်ကြီးငယ်များကိုပယ်ချပြီး၊ ကိုယ့်လူ တန်းစားကို ကိုယ့်ဘာသာ ကိုယ်စားပြုကြမယ်ဆိုတဲ့ ဒီ လူတန်းစားလှုပ်ရှားမှုကို ကျနော်ကတော့ ကြိုဆိုပါတယ်။ အရေအတွက်အရ နည်းတာ များတာ အသာထားလို့ " နင်းပြားတွေရဲ့အား " ကို တွေ့ခွင့်ရတော့မှာမို့လည်း စိတ်လှုပ်ရှားမိပါတယ်။

အောင်မော်ဦး
ဇူလိုင်၊ ၂၁၊ ၂၀၂၀။