Breaking News

ဇင်လင်း - အာဇာနည်ကြီးများ၏ ကျေးဇူးသစ္စာကို စောင့်သိခဲ့ကြပါရဲ့လား


ဇင်လင်း - အာဇာနည်ကြီးများ၏ ကျေးဇူးသစ္စာကို စောင့်သိခဲ့ကြပါရဲ့လား

(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၂၀

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကွယ်လွန်ခဲ့သည်မှာ ယခု ၂၀၂၀ ဇူလိုင်ဆိုလျှင် (၇၃)နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။ ဗိုလ်ချုပ်နှင့် အာဇာနည်များ ကျဆုံးပြီးနောက် တိုင်းပြည့်ကံကြမ္မာလည်း ကျဆင်းခဲ့ရသည်။ ဗိုလ်ချုပ် အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဇွဲ လုံ့လဝိရိယ သတ္တိ ဗျတ္တိ ကိုယ်ကျိုးစွန့်အနစ်နာခံမှုတို့ကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သော်လည်း ထိုစဉ်က နိုင်ငံ့အရေးအရာကို ဆက်ခံခဲ့ကြသူ ခေါင်းဆောင်များအကြား စည်းလုံးညီညွတ်မှု ပြိုကွဲခဲ့သဖြင့် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရသည်။ မိမိတို့ ပါတီနှင့် မိမိတို့နိုင်ငံရေးလမ်းစဉ်သည်သာ မှန်ကန်သည်။ မိမိတို့သည်သာ ပြည်ထောင်စုကို ချစ်မြတ်နိုးသည်။ မိမိတို့နှင့် မတူသူ များ၏ နိုင်ငံရေးလမ်းစဉ်များသည် မှားယွင်းသည်။ ထိုဆန့်ကျင်ဘက်အုပ်စုပါတီများသည် တစ်ဖက်စွန်းရောက်သူများ၊ ပြည်ထောင်စုကို သစ္စာဖေါက်သူများဟု စွပ်စွဲသည်။ ထိုသူများကြောင့် ပြည်တွင်းစစ်ဖြစ်ခဲ့ရသည် ၀ါဒဖြန့်ကြသည်။ ထိုသို့ ငါနှင့်မတူ ငါ့ရန်သူ လုပ်ခဲ့ကြသော ဂိုဏ်းဂဏဝါဒီများကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ အသက်ပေး ကြိုးပမ်းရယူခဲ့သည့် လွတ်လပ်သည် အချည်းနှီးဖြစ်ခဲ့ရသည်။

လုပ်ကြံသတ်ဖြတ် မခံရမီ ရက်ပိုင်းအလို ၁၉၄၇ ခုနှစ် ဂျူလိုင်လ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း မြို့တော်ခမ်းမ၌ နောက်ဆုံးပြောကြားခဲ့သည့် မိန့်ခွန်းကို သတိရစရာဖြစ်သည်။

“ခေါင်းဆောင်မှုဆိုတာ ဘာလဲ၊ အချောင်သမားဆိုတာ ဘာလဲ၊ အဲဒါတွေ ကျွန်တော် ရှင်းချင်တယ်။ သို့ပေမဲ့ ဝမ်းထဲမှာ တော့ အများကြီးဘဲ၊ ပုံနေတာဘဲ၊ သို့သော်လဲဘဲ ကျွန်တော့်မှာ အချိန်က မရတော့ မရှင်းနိုင်အားဘူး။ အဲဒီတော့ သတင်းစာထဲ ရေးချင်တာရေး၊ တချို့ ပြောချင်တာပြော၊ ကြည့်နေရတာဘဲ။ ဘာမှ မတတ်နိုင်ဘူး။ ခင်ဗျားတို့ ကြားချင်တာ ကြားပြီး၊ ထင်ချင်တာ ထင်နေတာဘဲ ဆိုတာလဲ ကျွန်တော် သိပါတယ်။ (လက်ခုပ်တီးသံနှင့် သြဘာသံများ)။”
“အဲဒီတော့ ခင်ဗျားတို့ သေသေချာချာ သတိထားကြည့်စေချင်တာက ဒီ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ဟာ ဘယ်လို ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်လဲ ဆိုတာ ရာဇဝင်နှင့် ပြန်ကြည့်စေချင်တယ်။ လူတွေကိုလဲ ရာဇဝင်နှင့် ပြန် ကြည့်စေချင်တယ်။ ကျွန်တော်တို့ ဗမာပြည်မှာ ပေါ်ခဲ့တဲ့ နိုင်ငံရေး အဖွဲ့တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ အားလုံး တယောက်စီ တယောက်စီ ခင်ဗျားတို့ စိတ်ကူးထဲမှာ စဉ်ပြီး၊ မာတိကာ စဉ်ပြီး စဉ်းစားကြည့်စမ်းပါ။ ဘယ်လို လူစားတွေလဲ၊ ဘယ်လို အဖွဲ့လဲ ဆိုတာ၊ အဲဒီအခါမှာ အဖြေ ထွက်လာမယ်။ ယခုအခါမှာ ကျွန်တော်တို့က အစိုးရ လုပ်နေတဲ့ အချိန်အခါမျိုး ဖြစ်တယ်။ သို့သော်လဲဘဲ ကျွန်တော်တို့က အစိုးရ လုပ်နေတဲ့ အချိန်အခါမျိုးမှာဆိုယင် အတိုက်အခံ ဆိုတာ ရှိစမြဲပါဘဲ။”

“ဘုရားလက်ထက်က ဘုရားကိုယ်တိုင် အတိုက်အခံနှင့် မကင်းလို့ရှိယင်၊ ကျုပ်တို့လဲ မလွတ်ကင်းနိုင်ဘူး။ အဲဒီလို အတိုက်အခံနှင့် မကင်းတဲ့အပြင် တပ်ပျက်ဗိုလ် လုပ်ရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ ဒီလို တပ်ပျက်ဗိုလ် လုပ်ရတဲ့ အခြေအနေမျိုး ဖြစ်နေတော့ ချွတ်ယွင်းချက်တွေ အမြောက်အမြား ရှိတယ် ဆိုတာ ကျုပ်တို့ ကိုယ်တိုင် သိတယ်။ ဘယ်အစိုးရမှလဲ ချွတ်ယွင်းချက် မရှိတဲ့ အစိုးရ မရှိဘူး။ သို့သော်လဲဘဲ တိုင်းပြည်အပေါ်မှာ စေတနာ ရှင်းရှင်း ထားပြီးတော့ တဆင့်ထက် တဆင့် ကျွန်တော်တို့ လုပ်လာတဲ့ လုပ်ငန်းဟာ တိုးတက်သလား၊ မတိုးတက်ဘူးလား ဆိုတာ ခင်ဗျားတို့ ပြန်ကြည့်ပါ။”

“ကျွန်တော်တို့ ဒီအစိုးရနှင့် အရင်က ရှိတဲ့ အစိုးရတွေနှင့် ယှဉ်ကြည့်လိုက်ယင် ကျုပ်ပြောရဲတယ်။ ယခု အစိုးရထဲမှာ လာဘ်စားတဲ့ လူတွေ မရှိပါဘူးဆိုတာ ကျုပ် ပြောရဲတယ်။ (သြဘာသံများ)။ အရင် အစိုးရတွေတုန်းက ကျုပ် အတိအလင်း ပြောတယ်။ လာဘ်စားတဲ့ လူတွေ ရှိတယ်။ ခင်ဗျားတို့ ဘာပြောဦးမလဲ။ အဲဒီလို လူတွေက ယခုနေအခါမယ် တိုင်းပြည်ကို မိမိတို့ ပါတီ ပြန် အာဏာရအောင် ခြေထိုးကြတဲ့ ကိစ္စမှာ ယောင်ယောင်မှားမှား ဖြစ်တဲ့ လူတွေဟာ စေတနာ ပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ တိုင်းပြည်သစ္စာဖောက်တဲ့ ကိစ္စမှာ ရန်သူ နံပတ် ၁ တွေ ဖြစ်တယ်။ (သြဘာသံများ)။”

“အဲဒီ ရန်သူ နံပတ် ၁ တွေကို ခင်ဗျားတို့ ထောက်ခံချင်တယ်ဆိုယင် ခင်ဗျားတို့ လည်ပင်း ခင်ဗျားတို့ ကြိုးတပ်ကြတာဘဲ၊ (သြဘာသံများ)။ ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရ ဖြစ်အောင် အတင်းအဓမ္မ လုပ်လာလို့ အစိုးရ ဖြစ်တာ မဟုတ်ဘူး။ တိုင်းပြည် လူထုရဲ့ ထောက်ခံမှုနဲ့ ကျုပ်တို့ အစိုးရ ဖြစ်နေတာ၊ တိုင်းပြည်က မကြည်ညိုဘူးဆိုတာ ကျုပ်တို့ သိတဲ့တနေ့မှာ ကျုပ်တို့လဲ မနေဘူး။ တွယ်မနေပါဘူး။ ထွက်မှာပါဘဲ။ သို့သော်လဲဘဲ တနှစ်လောက် ကျုပ်တို့ကို စောင့်ကြည့်တဲ့အခါမှာ ကျုပ်တို့ဟာ ဘယ်လို လူစားတွေလဲ၊ ရာဇဝင်မှာ အရေးခံမဲ့ လူစားမျိုးတွေလား၊ ရာဇဝင်မှာ အဆဲခံမဲ့ လူစားမျိုးတွေလား ဆိုတာ ခင်ဗျားတို့ ကိုယ်တိုင် သိပါလိမ့်မယ်။”

“တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသား လူထု ညီညွတ်ရေး၊ စားဖား သမားတွေ ညီညွတ်တာ ကျုပ်မလို ချင်ပါဘူး။ တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ တိုင်းသူ ပြည်သား လူထု ညီညွတ်ရေး။ အဲဒီ ညီညွတ်ရေး နှစ်ခု မရှိသမျှ ကာလ ပတ်လုံး၊ ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်းပဲ၊ ဘယ်ပါတီတက်တက် ဘယ်အစိုးရ လုပ်လုပ် ဖာသည် နိုင်ငံဖြစ်နေမှာပဲ။ အဲဒီလိုပဲ ကျွန်တော် ပြောချင်တယ်။ အဲဒီတော့ကာ ဒီနှစ်ခုကို ခင်ဗျားတို့က မပျက်ပါစေနဲ့။ ဘယ်သူက ဘာလုပ်လုပ် မပျက် ပါစေနဲ့။ အဲဒါ အင်မတန် အရေးကြီး ပါတယ်။” ဟု ဗိုလ်ချုပ်က ပြောခဲ့ဖူးသည်။

ဗိုလ်ချုပ်အောင်ဆန်း စိုးရိမ်သည့်အတိုင်းပင် သူကျဆုံးသွားပြီးနောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပြိုကွဲခဲ့ရသည်။ ၀န်ကြီးချုပ် ဦးနုနှင့် ဖဆပလအစိုးရ ဆယ်နှစ်ဆယ်မိုးကာလ (၁၉၄၈-၅၈) တွင်ရောင်စုံသူပုန်ထခဲ့ကြသည်။ ရန်ကုန်အစိုးရ ဟု အခေါ်ခံရသည့် အခြေအနေအထိ ပြည်တွင်းစစ်မီးတောက်လောင်ခဲ့သည်။ သေသူကို ရှင်သူက တကြရသည်ဟု ဆို သည့်အတိုင်း ထိုစဉ်က စစ်ဒဏ်ခံ ပြည်သူလူထုမှာ ဗိုလ်ချုပ်အောင်ဆန်းကို တိုင်တည်ကာ စစ်ပွဲဖန်တီးသူများကို ပြစ်တင် ရှုံ့ချခဲ့ကြသည်။ နောက်ဆုံးတွင် စစ်တပ်က သြဇာကြီးလာပြီး ၁၉၆၂ တွင် စစ်အာဏာရှင်စနစ် ပေါ်ပေါက်ခဲ့ရသည်အထိ တိုင်းပြည်၏ အခြေအနေ ဖရိုဖရဲဖြစ်ခဲ့ရသည်။

ထိုစဉ်မှ စတင်၍ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် စစ်အာဏာရှင်လူတစ်စုက ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်ခဲ့ကြသည်။ ကျောင်းသင်္ခန်းစာများတွင် ဗိုလ်ချုပ် အောင်ဆန်းအကြောင်းကို မဆို စလောက်သာ ထည့်သွင်းခဲ့သည်။ ငွေစက္ကူများပေါ်မှ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံများကို ဖယ်ရှားခဲ့ကြသည်။ နှစ်စဉ် အာဇာနည်နေ့ ဗိုလ်ချုပ်တို့ကျဆုံးချိန်တွင် ဥသြဆွဲကာ အလေးပြုကြသည့် အစဉ်အလာကို တားမြစ်ပိတ်ပင်ခဲ့ကြသည်။ အာဇာနည်ဗိမာန်နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ပြည်သူများ မလာချင်အောင် လုံခြုံရေးတင်းတင်းကြပ်ကြပ်ဖန်တီး ခြိမ်းခြောက်ခဲ့သည်။ တက္ကသိုလ်နှင့် ကျောင်းများတွင် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲများ၊ စာစီစာကုံးပြိုင်ပွဲ များ၊ စကားရည်လုပွဲများ ပိတ်ပင်ခံခဲ့ရ သည်။ ဖဆပလခေတ်က အာဇာနည်နေ့ နီးပါက ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း များကို မြန်မာ့အသံရေဒီယိုမှ လွှင့်ပေး သည့် အစဉ်အလာကိုလည်း စစ်အာဏာရှင်ခေတ်တွင် ပိတ်ပင်ခံရသည်။ အစိုးရရုံး များနှင့် ကျောင်းခမ်းမများတွင် ဗိုလ်ချုပ် အောင်ဆန်း၏ ရုပ်ပုံများချိတ်ဆွဲခွင့်ကိုပင် တားမြစ်သည်အထိ မလျော်မကန် လုပ်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းကို သမိုင်းစာမျက်နှာများပေါ်မှ ပျောက်ကွယ်သွားစေရန်အထိ လုပ်ခဲ့ကြသည်။ သို့သော် ပြည်သူလူထု၏ နှလုံးသားထဲမှ ဗိုလ်ချုပ်အောင်ဆန်း၏ အာဇာနည်ခေါင်းဆောင်ပုံရိပ်ကိုကား စစ်အာဏာရှင်တို့ ဖျောက်ဖျက်၍ မရခဲ့ပေ။

၁၉၉၀ ခုနှစ်မှ ၂၀၁၀ ခုနှစ် ကြား နှစ်ပေါင်း ၂၀ ကာလတွင် စစ်အာဏာရှင်တို့က ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းအစဉ် အလာတို့နှင့်တကွ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုပါ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှ လုံးဝဖယ်ရှား ဖျောက်ဖျက် ပစ်ရန် နည်းလမ်းပေါင်းစုံသုံးခဲ့ကြသည်။ အရှက်အကြောက်ကင်းမဲ့စွာ မာဖီးယားဂိုဏ်းများဖွဲ့၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများအား ဒီပဲယင်းတွင် အကြမ်းဖက်တိုက်ခိုက်ခဲ့ကြသည်။ အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အား အောက်လမ်းနည်းမျိုးစုံ သုံး၍ ချေမှုန်းရန် အားထုတ်ခဲ့ကြသည်။

သို့သော် ပြည်တွင်းပြည်ပမှ ပြစ်တင်ရှုံ့ချကန့်ကွက်မှုများ အဆမတန်ကြီးမားလာသဖြင့် နောက်ဆုံးတွင် စစ်အာဏာရှင် တို့အလျှော့ပေးကာ လမ်းကြောင်းပြောင်းခဲ့ရသည်။ သို့ဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ရသည်။ ဒေါ်အောင် ဆန်းစုကြည်ကိုလည်း အသိအမှတ် မပြုချင်သော်လည်း ပြည်တွင်းပြည်ပဖိအားများကြောင့် အသိအမှတ်ပြုခဲ့ရသည်။ နေအိမ်၌ အကျဉ်းချထားမှုမှ လွှတ်ပေးခဲ့ရသည်။ ညစ်ပတ်မှုမျိုးစုံသုံးကာ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံ့ခေါင်းဆောင် နေရာ ရောက်မလာနိုင်အောင် ကြိုးစားကြသော်လည်း မအောင်မြင်ခဲ့ပေ။

သို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ဦးသိန်းစိန် အစိုးရ ကြီးမှူးကျင်းပသည့် အာဇာနည်နေ့ အခမ်းအနားသို့ တက် ရောက်၍ အာဇာနည်ဗိမာန်၌ လွမ်းသူ့ပန်းခွေချခဲ့သည်။ ထိုသို့ ဆောင်ရွက်နိုင်ခြင်းသည် ၉ နှစ်အတွင်း ပထမဆုံးအကြိမ် အာဇာနည်ဗိမာန်၌ သွားရောက် ဂါရဝပြုခွင့် ရခဲ့ခြင်းဖြစ်သည်။ “အာဇာနည်မျိုး သေရိုးမရှိ” ဆိုသည့် ကြွေကြော်သံ သည် လည်း ပြည်သူလူထုအတွင်း ပြန်လည် ကျယ်လောင်ခဲ့ပေသည်။ ထို ၂၀၁၁ ခုနှစ် ၆၄ ကြိမ်မြောက် အာဇာနည်နေ့တွင် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများ အား ရည်စူး၍ ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်နှင့် ဗဟန်း ရွှေဂုံတိုင်လမ်း ရှိ NLD ရုံးချုပ် တို့တွင် သံဃာတော်များအား ဆွမ်းဆက်ကပ်နိုင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်း၌ ကျင်းပသော ၆၄ ကြိမ် မြောက် အာဇာနည်နေ့အခမ်းအနားတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်း ပြောကြားခဲ့သည်။

“အဲ ဒီတော့ အာဇာနည် ခေါင်းဆောင်ကြီးများဟာ ကျမတို့နိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ကျဆုံးခဲ့တယ်။ လွတ်လပ်ရေး ဘာဖြစ်လို့ ရစေချင်လဲ။ လွတ်လပ်ရေး ရစေချင်တယ်ဆိုတာ လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ကံကြမ္မာကို ကိုယ် တည်ဆောက်ခွင့် ရဖို့အတွက် ဒါအတွက် ကျမတို့ လွတ်လပ်ရေး ရချင်ကြတာ။ အဲဒီတော့ ကိုယ့်ကံကြမ္မာကို ကိုယ် တည်ဆောက် ချင်တယ်ဆိုရင် တခြားသူကို အားကိုးနေလို့ မရဘူး။ အကောင်းအတွက်ကော အဆိုးအတွက်ကော တခုခု မဟုတ်တာ ဖြစ်လို့ရှိရင်လည်း သူများကြောင့်ဆိုပြီးတော့ လက်ညှိုးထိုးနေလို့ မရဘူး။ သူများကြောင့် ဆိုရင်လည်း ကိုယ်က ဒီဟာကို ဘယ်လို ပြန်ပြင် ယူမလဲ ဆိုတာကို စဉ်းစားရမယ်။ ကိုယ့်ကိုယ်ကိုယ် အားကိုးရမယ်။ ဒီတော့ ကိုယ့်ကိုယ်ကို အားကိုးမှ ကိုယ့်ကိုယ်ကို အားကိုးပီးတော့ နောက်ဆုံး အသက်ပါ စတေးသွားတဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးတွေကို ကျမတို့ လေးစားရာရောက်မှာပါ။”

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်နှင့် လူမျိုးအတွက် ကျဆုံးခဲ့ရသော အာဇာနည် ခေါင်းဆောင်ကြီးများကို လေးစား တန်ဖိုးထားတတ်ရန်၊ အာဇာနည်ကြီးများကဲ့သို့ မြင့်မြတ်သည့် စိတ်ဓါတ် မွေးမြူကြရန်၊ အာဇာနည်ကြီးများနှင့် အလားတူ မြင့်မြတ်သည့် ပုဂ္ဂိုလ်များ ပေါ်ပေါက်လာအောင် ၀ိုင်းဝန်း လုပ်ဆောင်ကြရန်လည်း ပြောကြားခဲ့သည်။ မြန်မာ နိုင်ငံကို အာဇာနည် နိုင်ငံတော်ကြီး ဖြစ်လာအောင် အားလုံးဝိုင်းဝန်း ကြိုးစားကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းနေစဉ် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဗိုလ်ချုပ် ခေါင်းဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့ဝင်များဖြစ်ကြသော သခင်မြ (ပြည်ထဲရေး ဝန်ကြီး) ၊ ဒီးဒုတ်ဦးဘချို (ပြန်ကြားရေး ဝန်ကြီး) ၊ ဦးရာဇတ် (ပညာရေးနှင့် အမျိုးသား စီမံကိန်း ဝန်ကြီး)၊ မန်းဘခိုင် (စက်မှုလက်မှုနှင့် အလုပ်သမား ဝန်ကြီး) ၊ စဝ်စံထွန်း (အတိုင်ပင်ခံ တောင်တန်း ဒေသရေးရာ ဝန်ကြီး)၊ ဦးဘဝင်း (ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး)၊ လမ်းပန်းဆက်သွယ်ရေး အတွင်းဝန် ဦးအုံးမောင်နှင့် ဦးရာဇတ်၏ သက်တော်စောင့် ရဲဘော်ကိုထွေးတို့သည် အာဏာရူး ဂဠုန််ဦးစောနှင့် အပေါင်းအပါများ၏ လုပ်ကြံပစ်ခတ်မှုကြောင့် ၁၉၊ ရ၊ ၁၉၄၇ တွင် ကျဆုံးခဲ့ကြရသည်။

ယခု ၂၀၂၀ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် ရ၃ နှစ်မြောက် အာဇာနည်နေ့အတွက် ပြည်သူအများ မျှော်လင့် နေသော သတင်းကောင်းတစ်ရပ်ကြားရသည်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ် တန် ငွေစက္ကူ ပုံစံအသစ် ဂုဏ်ပြု ထုတ်ဝေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားသည်။ ၎င်းအပြင် အာဇာနည်နေ့၌ အာဇာနည်ခေါင်း ဆောင်ကြီးများ ကျဆုံးချိန်တွင် မော်တော်ယာဉ် မောင်းနှင်သူများအနေဖြင့် ခေတ္တရပ်တန့်၍ ဟွန်းတီးကြရန် ယခင်နှစ်များကပင် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက်ထုတ်ပြန်ထားပြီးဖြစ်သည်။ ယခင်စစ်အစိုးရများလက်ထက်က ထိုသို့သတိတရ ဂုဏ်ပြုခွင့်ကို ပိတ်ပင်ဟန့်တားခဲ့သည်။ အကြောင်းရင်းမှာ ဗိုလ်ချုပ် အောင်ဆန်း၏ အမည်ကို နောက်မျိုးဆက်လူငယ်များ မသိရှိစေရန် ဖြစ်သည်။ အလွန်အံ့သြတုန်လှုပ်ဖွယ် နိုင်ငံတော် သစ္စာ ဖေါက်ဖျက်မှုဖြစ်သည်။ ကျေးဇူးသစ္စာကို စောင့်သိရကောင်းမှန်း မသိကြသူများ၏ မိုက်မည်းလွန်းသော လုပ်ရပ်အဖြစ် လည်း သမိုင်းတွင် မှတ်တမ်းဝင်ပေသည်။

ယခုအခါ ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်များဖြစ်ကြ သော သခင်မြ ၊ ဒီးဒုတ် ဦးဘချို ၊ ဦးရာဇတ် ၊ မန်းဘခိုင် ၊ စဝ်စံထွန်း ၊ ဦးဘဝင်း ၊ လမ်းပန်းဆက်သွယ်ရေး အတွင်းဝန် ဦးအုံးမောင်နှင့် ဦးရာဇတ်၏ သက်တော်စောင့် ရဲဘော်ကိုထွေး တို့အကြောင်း သတိရအောက်မေ့ဖွယ်ရာများကို နိုင်ငံပိုင်သတင်းမီဒီယာများ၌ ဤဇူလိုင်လတွင် အဆက်မပြတ်ရေးသား ဖေါ်ပြလျှက်ရှိသည်ကို တွေ့ရသဖြင့် ၀မ်းသာကြည်နူးဖွယ်ဖြစ်ရသည်။ NLD ပါတီ၏ ၂၀၁၅ (၆၈) နှစ်မြောက် အာဇာနည် နေ့ ကြေညာချက်တွင် “မိမိတို့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ အတွက် ၀မ်းနည်းနာကျင်မှုများအား အမျိုးသားသွေးစည်းညီညွတ် ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးအတွက် ခိုင်မာသော ရုန်းကန်မှုအင်အားအဖြစ် ပြောင်းလဲအစားထိုးကြရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံနိုင်သော အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို မုချစွမ်းဆောင်နိုင်သော အာဇာနည်နိုင်ငံနှင့် ထိုက်တန်သူများ၊ အာဇာနည်များ အပေါ် ကျေးဇူးသိတတ်၊ ကျေးဇူးဆပ်သူများအဖြစ် သမိုင်းကမ္ပည်း တင်နိုင်ရန် လက်တွေ့အကောင်အထည်ဖော်ကြရန် တိုက်တွန်းကြောင်း” - ထုတ်ပြန်ကြေညာခဲ့ဖူးသည်။

“အာဇာနည်နိုင်ငံနဲ့ ထိုက်တန်တဲ့ လူမျိုးဖြစ်အောင် ကြိုးစားကြပါ၊ ပြုပြင်ကြပါ၊ ပျိုးထောင်ကြပါ၊ အချိန်တွေ အများကြီး မဖြုန်းဘဲနဲ့ အာဇာနည်များ အသက်စတေးရကျိုးနပ်တဲ့ တိုင်းပြည်ဖြစ်အောင် ကြိုးစားကြပါ၊ ၀ုိင်းဝန်းကြပါလို့ ဆော်သြချင်ပါ တယ်” ဟု ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းကြောင်းလည်း ၎င်းကြေညာချက်၌ ထည့်သွင်းဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအပေါ် အမှတ်တကယ် စေတနာရှိသော ပုဂ္ဂိုလ်အားလုံး အာဇာနည်ဖြစ်နိုင်သည်ဟု ဆိုပါ သည်။ အာဇာနည်ဖြစ်ခြင်း- ဆိုသည်မှာ အသက်စွန့်ခြင်းကို မဆိုလို၊ အာဇာနည်စိတ်ဓာတ် အမှန်တကယ် မွေးမြူခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း၊ အာဇာနည်ဆိုသည်မှာ အာဇာနည်တဦး၌ ရှိသင့်ရှိထိုက်သော စိတ်ဓာတ်နှင့် အကျင့်သီလရှိသူ အားလုံးကို အာဇာနည်ဟု သတ်မှတ်ရမည်ဖြစ်ကြောင်း ထိုစဉ်က ပြောကြားခဲ့သည်။

မည်သို့ဆိုစေ ယခုနှစ် အာဇာနည်နေ့ကို လွတ်လပ်ရေးအတွက် အသက်ပေးခဲ့သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူကျဆုံးခဲ့သည့် ခေါင်းဆောင်ကြီးများအား အမြဲတမ်းအမှတ်ရနေစေရန် အာဇာနည်နေ့ အခမ်းအနား ကျင်းပရခြင်းဖြစ်သည်ဟု ကြားသိရ၍ ၀မ်းမြောက်မိပါသည်။ လွတ်လပ်ရေးသည် အသက်သွေးချွေးများကို စတေးပြီးမှ ခက်ခက်ခဲခဲရရှိခဲ့ခြင်း ဖြစ်သည်။ လွတ်လပ်ရေးရရှိရန် အသက်ပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ အား နောင်လာနောက်သား မျိုးဆက်အသစ် အသစ်များ မမေ့မလျော့စေရန် အာဇာနည်နေ့ ဂုဏ်ပြုအခမ်းအနားကို နှစ်စဉ် ကျင်းပခြင်းအားဖြင့် ကျေးဇူတင်ထိုက်သူတို့၏ ကျေးဇူးကို မမေ့စေရန် ဆောင်ရွက်ကြရပေမည်။

လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို မမေ့မလျော့စေရန်နှင့် နောင်လာနောက်သား မျိုးဆက်အသစ် အသစ်များ မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် အာဇာနည်နေ့ အခမ်းအနားကို နှစ်စဉ် ကျင်းပရခြင်းဖြစ်သည်။ ရှေးယခင်က အာဇာနည်များကို ပစ်ပယ်ထားခဲ့သူများ အားလုံး အနေဖြင့်လည်း ကျေးဇူးတင်ထိုက်သူတို့၏ ကျေးဇူးကို မမေ့ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ကြောင်း မှတ်သားသင့်သည်။ နိုင်ငံသားတိုင်း မိမိကိုယ် မိမိ ပြန်လည်မေးခွန်းထုတ်ရန်လည်း လိုသည်။ "အာဇာနည်ကြီး များ၏ ကျေးဇူးသစ္စာကို မိမိတို့ စောင့်သိခဲ့ကြရဲ့လား" -- အာဇာနည်များအပေါ် ကျေးဇူးသိတတ်သူများသည်သာ နိုင်ငံတော် ၏ သစ္စာကို စောင့်သိသူများဖြစ်နိုင်သည်ဟု သုံးသပ်မိပေသည်။။။
(၁၈ ဇူလိုင် ၂၀၂၀။)