Breaking News

မောင်ရစ် - ပုလိပ်ကားတွေဆိုရင် လုံး၀မကြိုက်


မောင်ရစ် - ပုလိပ်ကားတွေဆိုရင် လုံး၀မကြိုက်

(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၂၀

လွန်ခဲ့တဲ့ အနှစ်၃၀က ခေတ်ဟောင်းတေးတပုဒ်ဖြစ်တဲ့ အဆိုတော်ကြီး (ဦး) မျိုးကျော့်မြိုင် ဆိုခဲ့တဲ့ သီချင်းခေါင်းစဉ်လို - "ရက်ပ်သီချင်းဆိုရင် လုံး၀မကြိုက်" - ဆိုတာကို မှီပြီး သည်စာကို ခေါင်းစဉ်တပ်လိုက်တယ်ပေါ့။

ဟုတ်တယ်။ ပုလိပ်ကားဆိုတာက ပုလိပ်တွေ ဇာတ်လိုက်လုပ်တဲ့ကားတွေ ရုပ်သံတွေကို ဆိုလိုတာပါ။ စုံထောက်တွေ ရဲတွေ မှုခင်းဇာတ်လမ်းကားတွေကို မကြိုက်တော့ဘူး။ မကြည့်တော့ဘူး။ အရင်တုန်းကတော့ ရာဇဝတ်မှုကို ဖော်ထုတ်တဲ့ကားတွေ ကြိုက်ပါတယ်။ နောက်ဆုံးတနေ့ ရာဇဝတ်ဘေး ပြေးမလွတ်ဘူး ဆိုတဲ့ ဆောင်ပုဒ်ကို သရုပ်ဖော်တဲ့ ဇာတ်ကားတွေ ဇာတ်လမ်းတွေဆို အများနည်းတူ သိပ်ကြိုက်ခဲ့တာ။ အခု မကြည့်တော့ဘူး မကြိုက်တော့ဘူး။

အကြောင်းကတော့ လူမည်းတဦးကို လည်မြိုနင်းပြီး သတ်လိုက်တဲ့ အမေရိကန်ပုလိပ်တွေကြောင့်ဆိုတာက နောက်ဆုံးပြတ်တောက်သွားတဲ့ ကောက်ရိုးတမြင်ပါ။ ပုလိပ်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ အပြင်လောကမှာ ဆိုးဝါးထင်ရှားလွန်းလှတော့ - ရုပ်ရှင်တွေ ရုပ်မြင်တွေထဲက ဝါဒဖြန့်လှိုင်းလုံးတွေကို အပြီ ရုန်းထွက် ကျောခိုင်းပစ်လိုက်တဲ့ သဘောပါပဲ။

မြန်မာပြည်မှာလည်း ပုလိပ်တွေက အပြစ်မဲ့သူတွေကို ရိုက်ပုတ်ညှင်းဆဲနေတာပဲ။ ဥပမာ - မတ် ၁၀၊ ၂၀၁၅၊ လက်ပံတန်း ပင်မကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ခံရမှု။ (ပြည်-ရန်ကုန်လမ်း၏ ၈၈/၅ မိုင်တိုင်တွင် သမိုင်းတွင်သည့်ကျောင်းသားများ သွေးမြေကျခဲ့ရသည့်နေ့ရက်ပေတည်း။ ငြိမ်းချမ်းစွာဆန္ဒပြနေသော ကျောင်းသားများကို ရဲ လုံထိန်းတပ်ရင်း ၁၊ ၁၀၊ ၁၁ တို့က လက်နက်ဖြင့်အကြမ်းဖက်ခဲ့သည့်နေ့ပင်ဖြစ်သည်။) လို့ ဝီကီပီးဒီးယားမှာ ရေးထားတယ်။ ခုထိလည်း မြန်မာပုလိပ်တွေဟာ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖမ်းဆီးနေတုန်းပဲ။ သည်တော့ နှစ်ပေါင်းများစွာ ပုလိပ်တွေဘက်ကလိုက်ပြီး လူစွမ်းကောင်းလုပ်ပြနေတဲ့ ပုလိပ်ကားတွေ ဘာလို့ ဆက်ကြည့်နေမှာလဲ။ လိမ်ညာထားတဲ့ ဝါဒဖြန့် ဦးနှောက်ဆေးနေတာတွေကို ဘာလို့ လက်ခံနေမှာလဲ။

ပုလိပ်တွေက ခုထိလည်း မတရားလုပ်သူတွေကို အပြစ်မပေးနိုင်ဘူး။ ဂျော့ဖလွိုက်သတ်လိုက်တဲ့ ပုလိပ်ဟာ ခုချိန်ထိ အေးအေးဆေးဆေးပဲ။ ဆန္ဒပြတဲ့လူတွေကိုသာ ကျန်တဲ့ပုလိပ်တွေအပြင် စစ်တပ်ကကော အခြား အက်ဖ်ဘီအိုင်လို လုံခြုံရေးတပ်သားတွေက ရိုက်နှက် ပစ်ခတ် ဖမ်းဆီးနေတာ ခုထိ အထိန်းအကွပ်မဲ့ လုပ်နေကြတုန်းပဲ။ သမတကြီး ဒေါ်နယ်ထရန့်က မြန်မာပြည်က စစ်ဗိုလ်ချုပ်တွေလိုပဲ လုံခြုံရေးတပ်သားတွေကို လွှတ်ပြီး ဆန္ဒပြသူတွေကို လိုက်ဖမ်းတယ်၊ ကားပေါ်ဆွဲတင်တယ်၊ ဘယ်မှန်းမိသတဲ့ဆီမှာ ချုပ်ထားတယ်။ ဆန္ဒပြသူအမေရိကန်နိုင်ငံသားတွေ၏ လွတ်လပ်ခွင့်အတွက် အာမခံချက်ကို ပုလိပ်တွေက မပေးဘူး။ သည်တော့ ခင်ဗျားက ပုလိပ်ကားတွေကြည့်ပြီး စိတ်ကူးယဉ်ပြီး သူတို့ကို ကြည်ညိုနေတာ အဓိပ္ပါယ်ကော ရှိသေးရဲ့လား။

(ဦးကိုနီသည် အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သော Senior Leadership Programme ကို တက်ရောက်ပြီး အပြန် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လုပ်ကြံခံခဲ့ရပြီး ကွယ်လွန်ခဲ့သည်။ ) ရှေ့နေကြီး ဦးကိုနီလုပ်ကြံခံရမှု၏ အမှုမှန် ခုထိ မပေါ်သေးဘူး။ ရာဇဝတ်ဘေးဟာ ပုလိပ်တွေ မျက်မှောက်မှာ ပြေးလွတ်ပါတယ်။ ရုပ်ရှင်ထဲကလို မဟုတ်ပါဘူး။

(၂၀၁၉ မေလ ၁၆ရက် - နေပြည်တော် ဗစ်တိုးရီးယား မုဒိမ်းမှု သည် မြန်မာနိုင်ငံရှိ ပြည်သူအများကို အမျက်ဒေါသထွက်စေခဲ့သော နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်း၌ ဖြစ်ပွားခဲ့သည်ဟု ယူဆရသော ၎င်းမူကြိုကျောင်းမှ နှစ်နှစ်အရွယ် ကျောင်းသူလေး ဗစ်တိုးရီးယား၏ သက်ငယ်မုဒိမ်းမှုကို ခေါ်ဆိုခြင်းဖြစ်သည်)။ နေပြည်တော်က ဗစ်တိုးရီးရား ကလေးအဓမ္မမှုလည်း ခုထိ မပေါ်သေးပါဘူး။ ပုလိပ်တွေက ဆားပုလင်းနှင်းမောင်တို့ စုံထောက်ဦးစံရှားတို့လို စိတ်ကူးယဉ်ဇာတ်ကောင်တွေ အကာအကွယ်ယူပြီးတော့ လက်တွေ့မှာ လက်ပူးလက်ကြပ် ဘာမှ မထုတ်ဖော်နိုင်ပါဘူး။

ပုလိပ်ကားတွေကြည့်ပြီးတော့ ပုလိပ်တွေကို ဆက်ပြီး ယုံကြည်ကိုးကွယ်နေကြဦးမှာလားဆိုတာ လူတဦးချင်းစီအတွက် မေးခွန်းပဲ။ ပုလိပ်ကားတွေမှာ တရားခံဆိုသူကို မသေမချင်း သေနတ်နဲ့ ဝိုင်းပစ်သတ်လိုက်တာကို ပရိသတ်တွေ အရသာခံကြည့်ခဲ့ကြတယ်။ အပြင်မှာလည်း အပြစ်မဲ့တဲ့ လူမည်း လူဝါ လူညိုတွေကို လူဖြူပုလိပ်တွေက သေနတ်တွေ တဖောင်းဖောင်းနဲ့ ပစ်သတ်လိုက်ကြတာပဲ။ ပြီးတော့ ၂၀၀၇ ရွှေဝါရောင်မှာ သံဃာတော်တွေကို ပုလိပ်တွေက စစ်ဖိနပ်နဲ့ ကန်၊ ဝါးရင်းတုတ်နဲ့ ရိုက်၊ ကားပေါ်ဆွဲတင်၊ အင်းစိန်ဂျီတီအိုင်ကို စစ်စခန်းလုပ်ပြီး ဂျူးတွေကို နာဇီဖက်ဆီတွေ နှိပ်စက်သလို လုပ်ခဲ့ကြတာဟာလည်း မြန်မာပြည်က ပုလိပ်တွေပဲ။

ပုလိပ်ကားတွေ ဆက်ကြည့်နေဦးမှာလား။ ပုလိပ်ကားဆိုလို့ ပြောရဦးမယ်။ စစ်ကားတွေ မကြည့်တာတော့ အတော်ကြာပါပြီ။ တရားသောစစ်အောင်ရမည်ဆိုပြီး စစ်ကားတွေမှာ စစ်သားတွေ လူသတ်ပြနေတာကို မကြည့်ခဲ့တာ ပုလိပ်ကားတွေ မတိုင်ခင်ကတည်းကပါ။ ပရဟိတစခန်းတခုမှာ မြ၀တီက စစ်ကားတခုကို သတိလက်လွတ် ဖွင့်ထားတယ်။ မိဘမဲ့ အိုးအိမ်မဲ့ ကလေးတွေကလည်း သတိလက်လွတ် ကြည့်နေကြတယ်။ ဟိတ် ... တီဗီကို ပိတ်လိုက် စစ်ကားတွေ ကလေးတွေကို မပြနဲ့။ သည်လိုမျိုး အော်ပစ်လိုက်တယ်။ အခုလည်း ဆက်အော်ရဦးမယ် - ပုလိပ်ကားတွေကို မပြကြနဲ့။

ပုလိပ်ကားတွေက မတရားမှုတွေကို တိုက်ဖျက်တယ်၊ အမှန်တရားကို ဖော်ထုတ်တယ်။ လူဆိုးတွေကို အောင်နိုင်တယ်။ သည်လိုမျိုး ရိုက်ပြကြတယ်။ တကယ်တန်းကတော့ သူတို့ရိုက်ပြနေတာက ပုလိပ်ယူနီဖောင်း ပုလိပ်အဆင့်တဆိပ်တွေ တပ်ဆင်ထားသူတွေဟာ ကျန်တဲ့သူတွေကို အနိုင်ကျင့်နိုင်တယ်၊ ဖမ်းဆီးနိုင်တယ်၊ သတ်ဖြတ်နိုင်တယ်၊ အဲသည်လိုလုပ်တာ တရားတယ်၊ မှန်တယ် ... ဒါကို ထင်ရှားအောင် တဖက်လှည့်နဲ့ ပြနေတာပါ။ ဒါကြောင့် ကားမောင်းလာရင်း ပုလိပ်က တားလိုက်ရင် လူတိုင်း ကြောက်နေကြတာ ထင်ရှားတဲ့ သက်သေပဲပေါ့။ ပုလိပ်ဆိုတာ လူကောင်းတွေကို ကာကွယ်တယ်ဆိုရင် ခင်ဗျားဘာလို့ ပုလိပ်က တားတဲ့အခါ ကြောက်နေရတာတုန်း။ မြန်မာပြည်မှာဆို ခင်ဗျားအိတ်ကပ်ထဲက ပိုက်ဆံတွေတောင် ကူညီပါရစေဆိုတဲ့ ပါးစပ်ပေါက်ထဲ ခုန်ဝင်ကုန်ကြတယ် မဟုတ်လား။

ပုလိပ်ကားတွေဆို လုံး၀မကြိုက်။ ဒါကြောင့် အခု အမေရိကန်မှာ လူတွေက အဲသည် လက်နက်ကိုင် ယူနီဖောင်းဝတ်တွေကို တန်ုပြန်အရေးယူနိင်ဖို့ လူထုတိုက်ပွဲ ဥပဒေတိုက်ပွဲ နိင်ငံရေးတိုက်ပွဲ ဆင်နွှဲနေကြတာ ဖြစ်တယ်။ ပုလိပ်တွေဆိုတာ လူသားတွေရဲ့ အထက်မှာ ရှိနေရမယ့် လူတန်းစားတရပ်မဟုတ်ဘူး။

ဆရာဝန်တွေမှာ PPE မရှိလို့ ကိုဗစ်အကူးစက်ခံပြီး လူ့အသက်တွေကို အသက်စွန့်ပြီး ကယ်နေချိန်မှာ - ပုလိပ်တွေက လက်နက်မဲ့ ဆန္ဓပြသူတွေကို နှိပ်ကွပ်ဖို့ ကျည်ကာဝတ်စုံအပြည့် လက်နက်အပြည့် ယူနီဖောင်းအပြည့် သံချပ်ကာကားတွေ အပြည့်နဲ့ ထွက်လာကြတာ ... အဲဒါ ဘာလဲ ... အဲဒါကို ဘာပြောမလဲ ... ကြည်ညိုလိုက်တာ ငါတို့ပုလိပ် မောင်မင်းကြီးသားတွေလို့ ပြောမလို့လား။ ထိုင်ရှိခိုးချင်လိုက်တာ လို့ ဆိုမလို့လား။

ပုလိပ်ကားတွေ စစ်ကားတွေဆိုတာ တဖက်လှည့်နဲ့ လူတွေကို ဝါဒဖြန့်ထားတာ၊ ဦးနှောက်ဆေးထားတာလို့ ပြောချင်တာပါပဲ။ အတိတ်သမိုင်းတွေကို ပြန်ကြည့်ပါ။ အရင်တုန်းက ကောင်းဘွိုင်ကားတွေမှာ အမေရိကန်ဖွားတိုင်းရင်းသားတွေကို လူနီရိုင်းတွေဆိုပြီး သတ်ဖြတ်ပြပြီး ဂုဏ်ယူခဲ့ကြတယ်။ ကိုလိုနီနယ်ချဲ့တွေဟာ အာရှသားလူရိုင်းသူပုန်တွေကို ခေါင်းဖြတ်တယ်၊ အာဖရိကားလူရိုင်းတွေကို ကျွန်ပြုတယ်။ ဒါတွေကို သူရဲကောင်းတွေလို ရုပ်ရှင်ရိုက်တယ်။ လူမည်း ဂိုဏ်းစတားတွေ တရုတ်လူဆိုးတွေဆိုပြီး လူဖြူတွေက နှိမ်နင်း သတ်ဖြတ်တဲ့ ဇာတ်ကားတွေ ခေတ်စားခဲ့ဖူးတယ်။ အခု ဒီဇာတ်တွေဟာ သမိုင်းရဲ့ ရှက်ရွံ့ တုန်လှုပ်ဖွယ်ရာအဖြစ် အမှိုက်ဖြစ်ကျန်ခဲ့ပြီ။ ဘယ်သူကမှ ငါဘိုးဘေးတွေဟာ လူနီရိုင်းတွေ သတ်ခဲ့သူတွေ လူမည်းကျွန်တွေ ပိုင်ဆိုင်ခဲ့သူတွေလို့ ဂုဏ်ယူရဲသူ မရှိတော့ဘူး။

အခု ပုလိပ်ကားတွေက ပုလိပ်တွေကို ရှေ့နေလိုက်နေကြတယ်။ ပရိသတ်တွေက မကြည့်ချင်တော့ဘူး။ ပုလိပ်လူမျိုးတွေ အလိုမရှိဘူး။ သူတို့တွေ ပြောင်းပစ်မှ အားလုံးအတွက် ကောင်းမယ်။ ဒါဟာ အခုခေတ်ရဲ့ စိန်ခေါ်သံတခုပဲ။

ပုလိပ်ကားတွေဆိုရင် လုံး၀မကြိုက်။