Breaking News

သားကြီးမောင်ဇေယျ - လော်ကြမယ် အော်ကြမယ်



သားကြီးမောင်ဇေယျ - လော်ကြမယ် အော်ကြမယ်

(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၂၀


ရွေးကောက်ပွဲနီးလာလို့ အချို့သူတွေဟာ ငွေပုံပေးပြီး လူမှုကွန်ယက်ပေါ်မှာ အုပ်စုဖွဲ့ ၊ ပေ့ချ် (page)ထောင်ကာ သတင်းမှားတွေ၊ လုပ်ကြံသတင်းတွေ ကို ဖြန့်ချိနေကြတယ်။ အထူးသဖြင့် နေပြည်တော် အသိုင်းအဝိုင်းက လုပ်နေတာဖြစ်တယ်။ ဒါကိုတိတိကျကျဖေါ်ထုတ်စိစစ်အရေးယူမယ်လို့ ဇွန်လ ၂၆ ရက် နေ့က သမ္မတရုံးသတင်းစာရှင်းလင်ပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးဇော်ဌေး က ပြောလိုက်တာကို Eleven ရုပ်သံသတင်းမှာ ကြားလိုက်ရပါတယ်။

ဒါမှ ငါတို့နေပြည်တော်ကွ။ ငါတို့ မြန်မာနိုင်ငံရဲ့ မင်းနေပြည်တော်ကြီးမှာ သမ္မတရုံးက အသိအမှတ်ပြုရတဲ့ အထိ သတင်း ကုန်ထုတ်လုပ်မှုတွေ တိုးတက်နေပြီ။ မြန်မာ့သတင်းကမ္ဘာကို လွှမ်းဖို့ ငါတို့နေပြည်တော်က ဦးဆောင်နေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ခုနှစ်ဆယ်နီးပါးက ဆင်သေချောင်းဘေးက သံပုရာကုန်းရွာကလေးမှာ မွေးခဲ့တဲ့ ကျွန်တော့်ကို တောသားလေးလို့ခေါ်ခဲ့တဲ့ ဆွေတော်မျိုးတော်တွေကို အခု ကျွန်တော် လက်ခမောင်းခတ်လို့ကြွားနိုင်ပါပြီ။ ငါ သည်ကား တောသား မဟုတ် နေပြည်တော်သားစစ်စစ်ဖြစ်ခြေပြီ။ နေပြည်တော်ကား မည်ကာမတ်တတ်နေပြည်တော်မဟုတ်၊ ကမ္ဘာကျော် လန်ကြုပ်သတင်းတွေကို ခေတ်မီနုည်းပညာနဲ့ အင်တိုက်အားတိုက် ထုတ်လုပ်နိုင်တဲ့နေပြည်တော်။ သမ္မတရုံးတော်ကြီးက သတင်းစာရှင်းလင်းပွဲမှာ အသိအမှတ်ပြု သတိပေးလိုက်ရတဲ့ လန်ကြုပ် နေပြည်တော်။ ကျွန်ပ်၏ မွေးရပ်ဌာနေ နေပြည်တော်ကြီးပါတကား။

နေပြည်တော်သားကြီး ကျွန်တော့်ကို သမ္မတကြီးများပါတီမှာ နာယကနဲ့ ဥက္ကဌ နေရာပေးထားတာ ဘယ်လောက်ထိုက်တန်ပါသလဲ။ ခု သူတို့သိလောက်ပေပြီ။

အခုလို ရွေးကောက်ပွဲနီးလာတဲ့ အခါ လူမှုကွန်ယက်ပေါ်မှာ ငါ့ ပါတီ ကမင်းပါတီထက် ပိုမိုက်ကြောင်းတွေ မှိုလိုပေါက်လာတယ်။ အရင်ခေတ်တုန်းက အဲဒီလို ပြောဆိုတာကို စည်းရုံးတယ်လို့ ပြောကြတယ်။ ဒီခေတ်မှာတော့ လော်တယ် လို့ ပြောကြတယ်။ ဗြိတိသျှ စကား lobby ကို မြန်မာမှုပြု လိုက်တာဖြစ်ဟန်တူပါတယ်။

ဦးဇော်ဌေးပြောသလို တချို့သူတွေဟာ သတင်းတုတွေ၊ လန်ကြုတ် လုပ်ကြံ သတင်းတွေကို ဖန်တီးပြီး ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် ၊ စိုးရိမ်ထိတ်လန့်အောင် အကြီးအကျယ် လုပ်လာကြတယ်။ ဒါကိုကြည့်ရင် နိုင်ငံရေးပါတီတွေဟာ စည်းရုံးရေးလုပ်ဖို့ တနည်းပြောရင် လော် ကြဖို့ အပြိုင်အဆိုင် ကြိုးစားနေကြောင်းသိသာလှပါတယ်။

ဒီအခွင့်အရေးကို ကျွန်တော်တို့ သမ္မတကြီးများပါတီက လက်လွတ်မခံနိုင်ပါ။ ဘယ်အခြေအနေမှာ ဖြစ်ဖြစ် အခွင့်ရေးသမားနဲ့ အချောင်သမားမပါရင် ပွဲမစည် တာကြောင့် ကျွန်တော်တို့ သမ္မတကြီးများပါတီက အနစ်နာခံကာ အခွင့်အရေးတွေကို အချောင်ရယူဖို့ တက်တက်ကြွကြွ ဆုံးဖြတ်လိုက်ရပါတယ်။

ကျွန်တော်တို့ပါတီရံပုံငွေ အသည်းအသန် လိုအပ်မှုကို ဖြည့်တင်းရန်အလို့ဌာ အောက်ပါ အစီအစဉ်ကိုဖုတ်ပူမီးတိုက် ချမှတ်လိုက်ရပါတယ်။

ကျွန်တော်တို့ပါတီ၏ မြင့်မြတ်သော သဘောထားကို ပြသသည့် အနေဖြင့် ရွေးကောက်ပွဲ ဝင်မည့် ပါတီများ အားလုံးအတွက် ခေတ်မီနည်းပညာများ ဖြင့် လော် ပေးပါမည်။ သတင်းစာကြော်ငြာမှလော်ပေးခြင်း၊ အွန်လိုင်းမှ လော်ပေးခြင်း၊ ဆိုင်းဘုတ်ထောင် လော်ပေးခြင်း၊ မီဒီယာများမှ လော် ပေးခြင်း၊ ဖေ့ဘုတ်ပေါ်မှ လော် ပေးခြင်းများကို အထူးဆောင်ရွက်ပေးနေပါပြီ။ ဈေးနှုံးမှာ ညှိနှိုင်းဈေး ဖြစ်ပါသည်။ စုံစမ်းလိုသူများ သမ္မတကြီးများပါတီ ဖေ့စ်ဘုတ်က တဆင့်အမြန်ဆက်သွယ်ပါ။

—-

ဒီအစီအစဉ်အောင်မြင်တယ်လို့ဆိုရပါမယ်။

နာရီဝက်အတွင်း ဖေ့စ်ဘုတ် ကတဆင့် ဆက်သွယ်မှုတွေအများကြီးတက်လာပါတယ်။

အဲဒီထဲကမေးခွန်းအချို့ကို အစဉ်အတိုင်းဖေါ်ပြရမယ်ဆိုရင်

– သမ္မတကြီးများပါတီမှ နာယကကြီများနဲ့ ဥက္ကဌကြီးများခင်ဗျား-

– ကျွန်တော်ဟာ ခွက်ခွက်လန် ပါတီ က အတွင်းရေးမှူးဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီဟာ ပြီးခဲ့ရွေးကောက်ပွဲမှာ အများသိကြတဲ့ အတိုင်းပဲ ခွက်ခွက်လန် ရှုံးခဲ့ပါတယ်။ ရှုံးရတဲ့ အကြောင်းက ကျွန်တော်တို့ပါတီဟာ အာဏာလက်ဝယ်ရှိစဉ်က ပြည်သူ့ဘဏ္ဍာ အမြောက်အမြားကို ခိုးယူခဲ့တယ်လို့ မတရားအစွတ်စွဲခံရပြီး လူထုယုံကြည်မှုပျက်ကာ ရွေးကောက်ပွဲမှာ ရှုံးခဲ့ရတာပါ။ တကယ်တော့ ကျွန်တော်တို့ ပါတီဟာ ပြည်သူ့ ဘဏ္ဍာ ကိုစိတ်နဲ့တောင် မပြစ်မှားခဲ့ပါဘူး။ ပြည်သူ့ဘဏ္ဍာ ကို သားစဉ်မြေးဆက် တာဝန်ယူကာ ခဏထိမ်းသိမ်းထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကပဲ စာရင်းစစ်လို့ပေါ်တဲ့ငွေတွေကို ပြန်ပေးပြီးပါပြီ။ အဲဒါကို လက်ရှိအချိန်အထိ ကျွန်တော်တို့ ပါတီကို သူခိုးပါတီလို့ စွတ်စွဲသိက္ခာချနေပါတယ်။ အဲဒါကို ဘယ်လိုလုပ်ရမလဲ။ လူကြီးမင်းတို့ ပါတီက လော် ပညာရှင်ကြီများက လာမယ့်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ပါတီအနိုင်ရအောင် ဘယ်လို လော် ပေးနိုင်မလဲခင်ဗျား။ ရွေးကောက်ပွဲ နိုင်ရင် ကျေးဇူးမမေ့ပါခင်ဗျား။

သမ္မတကြီးများပါတီ – ကျွန်ပ်တို့ သည် သားစဉ်မြေးဆက် ထိမ်းသိမ်းထားသော သင်တို့ ဘဏ္ဍာငွေများ ဖြင့် သင်တို့ဘဝပြန်လည်ထူထောင်လိုပါသလား။ ကျွနု်ပ်တို့ ခွက်ခွက်လန်ပါတီကို မဲထည့်လိုက်ပါ။ ဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲ ဝင်ပါ။ မျက်နှာတော့ နည်းနည်းပြောင်ရပါမယ်။ သင်တို့မုချ ပြောင် ရမည်။

– သမ္မတကြီးများပါတီက ဂုဏ်သရေရှိ ဥက္ကဌကြီးများနဲ့ နယကကြီးများခင်ဗျား

– ကျွန်တော်သည် ပြည်သူ့ချဉ်ဖတ် ပါတီ က တာဝန်ခံ ဖြစ်ပါသည်။

ကျွန်တော်တို့ပါတီသည် ပြည်သူများ အကုန်အကျနည်းနည်းဖြင့် အဟာရဖြစ်စေရမည်၊ အင်အားတိုးပွားစေရမည် ဟူသော ရည်ရွယ်ချက်ဖြင့် ပြည်သူများ နေစဉ်စားသုံးရန်လိုအပ်သော ချဉ်ဖတ် ကို သင်္ကေတပြုကာ ပြည်သူ့ချဉ်ဖတ် ပါတီဟု အတိအလင်းခေါ်ဝေါ်စေခဲ့ပါသည်။ သို့ပါသော်ငြားလည်း ပြည်သူ့အကျိုးကို အလေးမထားသူများက ကျွန်တော်တို့ပါတီအား ပြည်သူများအမြင်ကပ်သည့်ပါတီအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုကာ ဝါဒဖြန့်လျှက်ရှိပါသည်။ အထူးသဖြင့် ကျွန်တော်တို့၏ ထမင်းတနပ်စားရေး ဟူသော ချွေတာရေးစီမံကိန်းကို ပျက်စီးအောင်တမင်ရည်ရွယ် တိုက်ခိုက်ခဲ့ပါသဖြင့် ကျွန်တော်တို့ပါတီမှာ လမ်းဘေးရောက်ခဲ့ရပါသည်။ ကူညီပါ။ သမ္မတကြီးများပါတီ ဥက္ကဌကြီးများနဲ့ နာယကကြီးများခင်ဗျား။

သမ္မတကြီးများပါတီ – သင်တို့ပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှအစပြုပြီး ဗွီအိုင်ပီရပ်ကွက်အလည်ခေါင်မှ လမ်းဘေးသို့ရောက်ခဲ့ရသဖြင့် စိတ်မကောင်းပါ။ လာမည့်ရွေးကောက်ပွဲမှာလည်း လမ်းဘေးမှ မြောင်းထဲသို့ ရောက်တော့မည့်အချိန် အလွန်နီးကပ်နေကြောင်းသတိပေးပါတယ်။ ကျွန်တော်တို့ရဲ့ သမ္မတကြီးများပါတီနဲ့ အချိန်မီဆက်သွယ်နိုင်လို့ အောင်မြင်ရေးလမ်းစ ပေါ်ပြီလို့ မှတ်လိုက်ပါ။

သင်တို့ပါတီဟာ ပြည်သူများကို ထမင်းတနပ်စားရေးချွေတာရေးစီမံကိန်း ရေးဆွဲရာတွင် ဒေါ်လာသန်းပေါင်း မည်မျှကုန်ကျခဲ့သည်ကိုလည်းကောင်း၊ သင်တို့ ပါတီဝင်များ၏ ရပိုင်ခွင့် အထူးအခွင့်အရေး အရ အနစ်နာခံကာ ဒေါ်လာမည်မျှယူခဲ့သည်ကိုလည်းကောင်း ၊ သင်တို့ဥက္ကဌကြီး၏ မီးဖိုချောင်စရိတ် တလ သိန်းတရာကို မည်သို့ချွေတာစွာ သုံးစွဲနေရပါကြောင်း ပြည်သူထံသို့ အစီရင်ခံစာတင်ပြလျှင် သင်တို့ကို ပြည်သူများက ကရုဏာသက်ခါ အကြင်နာမဲများ ရနိုင်ပါတယ်။ ‘လူထုချွေတာ ဒို့ချမ်းသာ’ ဆောင်ပုဒ်ဖြင့် ပြိုင်ပွဲဝင်ပါ။ ကံကောင်းလျှင် လမ်းဘေးမှ မြောင်းထဲသို့ မုချရောက်ပါမည်။

– အမှန်တရားဘက်က ထာဝရ ရပ်တည်ပေးနေသော သမ္မတကြီးများပါတီက နာယကကြီးများနဲ့ ဥက္ကဌကြီးများခင်ဗျား ကျွန်တော်သည် ချာပါတီက အလုပ်အမှုဆောင် တာဝန်ခံဖြစ်ပါသည်။

ကျွန်တော်တို့ပါတီသည် ယခင် နှစ်ပေါင်းနှစ်ဆယ်ကာလက တစ်ပါတီထဲ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် လူထုဆန့်ကျင်ခံရပြီး အာဏာလက်လွှတ်ခဲ့ရသော သမိုင်းဝင်ပါတီကြီး အဖြစ် ယုံချင်ယုံမယုံချင်နေ ကမ္ဘာ့မှတ်တမ်းဝင်စာအုပ်တွင် မှတ်တမ်းတင်ခံထားရသော ပါတီကြီးဖြစ်ပါသည်။

ယခုလာမည့်ရွေးကောက်ပွဲတွင်လည်းအရှက်မရှိပါဝင်ယှဉ်ပြိုင်မည်ဟု စာရင်းပေးထားပါသည်။ သို့သော် ကျွန်တော်တို့ပါတီကို တရားသဖြင့် ယှဉ်ပြိုင်ရန် ကြောက်လန့်နေသောပါတီများက ကျွန်တော်တို့ပါတီနှင့်ပြည်သူများကို ရန်တိုက်ပေးပြီး ကျွန်တော်တို့ပါတီပုံရိပ်ကျဆင်းရန် ဆောင်ရွက်နေပါသည်။ အထူးသဖြင့် ကျွန်တော်တို့ပါတီဝင်များက ယတြာချေထားသော လက်ဝဲဘက်လက် နောက်ပြန်အနေအထားပြုထားသော အရုပ်များကို ဗုဒ္ဓဆင်းတုတော်များဟု လူမှုကွန်ယက်များတွင်ဖေါ်ပြခဲ့ပြီး ဗုဒ္ဓသာသနာကို ဆန့်ကျင်နေသယောင် ရေးသားခဲ့ကြပါသည်။ အထူးသဖြင့် ကျွန်တော်တို့က နောက်ဖက်ကလာမည့် လက်ဝဲရန်ကိုကာကွယ်ရန် လက်ဝဲလက်ကို နောက်ပြန်ထုထားခြင်းသာ ဖြစ်ပါသည်။ ကျွန်တော်တို့ပါတီသည် မြန်မာ့ရိုးရာ အုပ်ချုပ်ရေး အမွေအနှစ်ကိုထိမ်းသိမ်းသည့် ရှေးမြန်မာမင်းကောင်းမင်းမြတ်တို့ အဆင်အလာအတိုင်း ဗေဒင်၊ ယတြာ နည်းဖြင့် အုပ်ချုပ်နေခြင်းသာဖြစ်ကြောင်း ပြည်သူများကို လော် ပေးစေချင်ပါသည်။ ကျေးဇူးပြုပြီး ကူညီပါခင်ဗျား။

သမ္မတကြီးများပါတီ – ပညာဉာဏ်အမြော်အမြင်ကြီးသော ချာပါတီမှ လူကြီးမင်းများခင်ဗျား ၊ ခင်ဗျားတို့ ရဲ့ စေတနာသည် အလွန်ကောင်းပါသော်လည်း ပြည်သူများ ပညာဉာဏ် အမြှော်အမြင်နည်းပါးမှုကြောင့် ရွေးကောက်ပွဲရှုံးရသည်ဟုမြင်ပါသည်။ လက်ဝဲရန်ကိုကာကွယ်ရန် ဒေါ်နွယ်ထွန်းကိုမျက်စ ပစ်ပြပါ။ အကူအညီအများကြီးရပါမည်။ ‘ဘယ်လောက်ချာချာ ချာပါတီကိုမဲပေးပါ’ ဆောင်ပုဒ်ကိုသုံးပါ။ ချာတို့ မှုချအောင်ရမည်။

– သမ္မတကြီများပါတီ နာယကကြီးများနဲ့ ဥက္ကဌကြီးများခင်ဗျား။

– ကျွန်တော်သည် လယ်သမားပါတီ ဧကဒဿမ ဥက္ကဌ ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီဝင်များသည် တစ်ဦးလျှင် အနည်းဆုံး လယ်ဧက တစ်ရာပိုင်ဆိုင်သူများကိုစုစည်းထားသော ဂုဏ်သရေရှိပါတီကြီး ဖြစ်ပါသည်။ ကျွန်တော်တို့ပါတီကို လယ်မြေ မတရားသိမ်းထားသောခရိုနီများပါတီဟု လယ်ပိုင်မြေပိုင်မရှိသူ လယ်သမားများက မတရားစွတ်စွဲကာ တိုက်ခိုက်နေပါသည်။ ကျွန်တော်တို့သည် နွားနှင့်ဖက်ရုန်းကာ ဝမ်းစာရှာနေသော လယ်သမားများကို နိမ့်ကျသောဘဝဆိုးမှ လွတ်မြောက်စေရန် စေတနာကောင်းဖြင့် ၎င်းတို့၏ လယ်မြေများကို တာဝန်ယူ ထွန်ယက်၊ စိုက်ပျိုး၊ ရိုတ်သိမ်းရောင်းချ၊ ခဲ့ခြင်း သာဖြစ်ပါတယ်။ ဘိုးဘွားပိုင်လယ်လုပ်သားများကိုလည်း ဘာဝနာတရားများပွားများနိုင်ရန် အနားပေးခဲ့ပါသည်။ ထိုစေတနာကို အဆိုးမြင်သော တက်ကြွလှုပ်ရှားသူများက လယ်မြေမတရားသိမ်းသူများအဖြစ်ပုံဖေါ်ကာ ကျွန်တော်တို့ပါတီကို သိက္ခာချနေပါသည်။ ကျွန်တော်တို့ပါတီကိုမတရားစွတ်စွဲတိုက်ခိုက်ကာ လူ့အခွင့်အရေးများကိုချိုးဖေါက်နေပါသည်။ သမ္မတကြီးများပါတီက

လိုအပ်သည်များကို ကူညီဖြေရှင်းပေးပါခင်ဗျား။

သမ္မတကြီးများပါတီ – ကျေးဇူးရှင် လယ်သမားပါတီကြီးမှ လူကြီးမင်းများခင်ဗျား လူကြီးမင်းတို့ပါတီသည် တိုင်းပြည်အတွက် အလွန်အရေးကြီးသော ပါတီအဖြစ် ကျွန်တော်များ သမ္မတကြီးများပါတီ နာယကကြီးများနှင့် ဥက္ကဌကြီးများက ရှုမြင်ပါသည်။

သင်တို့ပါတီသည် တိုင်ပတ် လယ်မြေများကို အနစ်နာခံဝယ်ယူကာ ကျေးဇူးရှင်တောင်သူလယ်သမားများကိုကယ်တင်ခဲ့သော ကျေးဇူးရှင်ကြီးဖြစ်ကြောင်း ကျွန်ပ်တို့ အသိအမှတ်ပြုပါသည်။ လယ်မဲ့ယာမဲ့ ဖြစ်သွားသော တောင်သူလယ်သမားများကိုလည်း တရားစွဲထောင်ထဲထည့်ကာ အနားယူစေသည်အထိ စေတနာကောင်းများထားခဲ့ကြောင်း နေ့စဉ်သတင်းများမှာဖတ်ရပါသည်။ သင်တို့သည် ကျေးဇူးရှင် တောင်သူလယ်သမားများ၏ နှစ်ထပ်ကွမ်း ကျေးဇူးရှင်ကြီး ဖြစ်တာကြောင့် လာမည့်ရွေးကောက်ပွဲမှာမုချ အောင်မြင်ပါလိမ့်မည်။ နှစ်ထပ်ကွမ်းကျေးဇူးရှင်များ ဒို့အားထား ဒို့အားထား ဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲဝင်ပါ။ ယတြာ ကောင်းရင် အောင်မြင်ပါလိမ့်မည်။

– သမ္မတကြီးများပါတီက ဥက္ကဌကြီးများနဲ့ နာယက ကြီးများခင်ဗျား ကျွန်တော်သည် လက်ရှိလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပါသည်။ ကျွန်တော်သည် ယခင်က မအောင်မြင်သော ချဲဒိုင်ယောင်ယောင် ပွဲစားယောင်ယောင် တစ်ယောက်သာဖြစ်ကြောင်းရိုးသားစွာဝံခံပါသည်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ကျွန်တော်တို့မြို့နယ်တွင် အစိမ်းရောင်ပါတီက အားအလွန်ကောင်းနေပြီး အနီရောင်ပါတီမှာ အင်အားအလွန်နည်းပါသည်။ အနီရောင်ပါတီသည် ရွေးကောက်ပွဲတွင် ရှုံးရန် အလားအလာ အလွန်များနေသောကြောင့် အနီရောင်ပါတီကိုယ်စားလှယ်လုပ်မည့်သူ မရှိဖြစ်နေပါသည်။ ထို့ကြောင့် အနီရောင်ပါတီဝင်များက ကျွန်တော်ကို ကိုယ်စားလှယ်အဖြစ်ဝင်ရွေးရန် သွေးဆောင်ဖြားယောင်း ခဲ့သဖြင့် အရွေးခံခဲ့ရာ မမျှော်လင့်ပဲ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရပါသည်။ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည့်အချိန်မှစပြီး ကျွန်တော်၏ ဝင်ငွေအနည်းသာရရှိသည့် ပွဲခနှင့်ချဲဒိုင်ဝင်ငွေ လေးများလည်း လုံးပါးပါးခဲ့ရပါသည်။ သို့သော် သုံးနှစ်ခန့်ကြာသောအခါ တိုးတိုးတိတ်တိတ်ပွဲခ ကလေးများ ရခါ အလွန်အဆင်ပြေခဲ့ပါသည်။ ယခုလို အဆင်ပြေမှု ကလေးမှ အဆင်ပြေမှုကြီးများ ဖြစ်အောင်လုံးပမ်းမည်ဟု ကြံရွယ်နေစဉ် နောက်ရွေးကောက်ပွဲ ကာလကိုရောက်လာပြန်ပါသည်။ ကျွန်တော်၏ အဆင်ပြေမှုကြီးများ အိပ်မက် ပျောက်မသွားရန် အဘယ်သို့ ဆောင်ရွက်သင့်သည်ကို အကြံပြုပေးပါခင်ဗျား။

– ဖွဲ့စည်းပုံပြင်မည်ဟု ကတိများပေးခဲ့သော်လည်း အောင်မြင်အောင်မဆောင်ရွက်နိုင်၊ ဆိုက်ကားသမားများဘ၀ တိုးတက်ရေးအတွက် ဆောင်ရွက်ပေးမည်ဟု ဆိုသော်လည်း မဆောင်ရွက်ရွက်နိုင် ဟု တဘက် အတိုက်အခံများက တိုက်ခိုက်နေပါသည်။

– ကျွန်တော်သည် ဆိုက်ကားသမားအပါအဝင် ပြည်သူများကို ရှောင်နေရပါသည်။ သူတို့နှင့်တွေ့ဆုံရန် မျက်နှာပူနေပါသည်။ ကူညီပါ သမ္မတကြီးများပါတီ နာယကကြီးများနဲ့ ဥက္ကဌကြီးများခင်ဗျား။



သမ္မတကြီးများပါတီ – ကိုယ်စားလှယ်တော်ကြီး၏ အခက်အခဲသည် ကျွန်တော်တို့ နိုင်ငံတော်၏ အခက် အခဲအဖြစ်မှတ်ယူပြီး သမ္မတကြီးများပါတီမှ ပြည်တော်ပြန် လော် ဒေါက်တာများနှင့် တိုင်ပင်ပြီး အောက်ပါအတိုင်း ပြန်ကြားလိုက်ပါသည်။

ကျွန်တော်တို့နိုင်ငံရှိနိုင်ငံရေးပါတီများကို ကမ္ဘာ့စံချိန်နှင့် ချိန်ထိုးသုံးသပ်ရာ ပါတီအမျိုးအစားသုံးမျိုသုံးစားရှိသည်ဟု သုံသပ်မိပါသည်။

၁။ အလွန်ညံ့သောနိုင်ငံရေးပါတီ

၂။ အလွန့်အလွန်ညံ့သော နိုင်ငံရေးပါတီနှင့်

၃။ လုံး၀ သုံးစားမရအောင်ညံ့သော ပါတီ

ဟု သုံးမျိုးသုံးစားရှိပါသည်။

သင်တို့ပါတီသည် ဘယ်အမျိုးအစားထဲမှာ ပါသနည်းဟု သင်ကိုယ်တိုင် သုံးသပ်ကြည့်ပါ။

ပင်စည်ကောက်ကောက်သစ်ပင်တွေသာပေါက်တဲ့ အရပ်မှာ သင်ရဲ့ ပါတီဟာ ပင်စည်ကွေးကွေး သစ်ပင်တစ်ပင်ဖြစ်နေမယ်ဆိုရင် သင့်ရဲ့ အဆင်ပြေမှုကြီးများအိပ်မက် အကောင်အထည်ပေါ်လာမှာပါ။ ဆိုက်ကားသမားများနှင့်ပြည်သူများကိုပေးထားသော ဂတိများမတည်နိုင်သည့်အတွက် စိတ်မကောင်းမဖြစ်ပါနှင့်ခင်ဗျား။ ကိုယ်စားလှယ် စစ်စစ်မှန်လျှင် ပြည်သူထံပေးထားသော ဂတိများကို ဖေါက်ဖျက်မြဲဖြစ်ပါသည်။ သင်သည် ပြည်သူ့ကိုယ်စားလှယ်စစ်စစ်မို့ ဂတိဖေါက်ဖျက်ခြင်းဖြစ်သည်ဟုမြင်ပါသည်။ သင်သည် ပွဲစားလုပ်ငန်းကို သိုသိုသိပ်သိပ် လုပ်ဆောင်နိုင်ခြင်းသည် သင်၏ ထက်မြက်သောအရည်အချင်းဖြစ်ပါသည်။ ဤ အရည်အချင်းကြောင့်ပင် သင်အိပ်မက်များအောင်မြင်ပါလိမ့်မည်။ သင်သည် အနူတောမှာ လူချောဖြစ်ဖို့သာလိုပါသည်။

ဒီမိုကရေစီ အနူတောမှာ – လူချောကလေးကို မဲပေးပါ ဆောင်ပုဒ်နဲ့ ရွေးကောက်ပွဲဝင်ပါ။ မုချအောင်ရမည်။

– သမ္မတကြီးများပါတီဦးဆောင်သူများခင်ဗျား ကျွန်တော်ဟာ ဟိုယောင်ယောင် ဒီယောင်ယောင်ပါတီက အတွင်းရေးမှူးယောင်ယောင် ဥက္ကဌ ယောင်ယောင် တစ်ဦးဖြစ်ပါတယ်။ လူကြီးမင်းတို့က ရွေးကောက်ပွဲဝင်မည့် ပါတီတိုင်းကို နိုင်ရမည်၊ အောင်ရမည် ဆိုတဲ့ ဂတိတွေပေးပြီး ငွေတွေယူနေတာတွေ့ရပါတယ်။ သမ္မတကြီးများပါတီအနေနဲ့ ရွေးကောက်ပွဲ အနိုင်ရရေး ဘယ်လိုအာမခံချက်ပေးနိုင်မလဲခင်ဗျား။

သမ္မတကြီးများပါတီ – သင့်မေးခွန်းသည် အလွန်သင့်မြတ်သော မေးခွန်းကောင်းတခုဖြစ်ပါသည်။ ကျွန်တော်တို့သမ္မတကြီးများပါတီ၏ စေတနာမှာ ရွေးကောက်ပွဲဝင် ပါတီအားလုံး အနိုင်ရစေချင်ပါသည်။ ထို့ကြောင့် ပရော်ဖက်ရှင်နယ်ကျကျ အခကြေးငွေကို လည်လျှင် လည်သလိုယူနေပါသည်။ ကျွန်တော်တို့သည် ကျွန်ပ်တို့ ထံအလုပ်အပ်ထားသော နိုင်ငံရေးပါတီများ အောင်နိုင်ရေးဂတိများကို လွှတ်တော်ကိုယ်စားလှယ်များစာရင်းမထွက်မချင်း အောင်မည်ဟု အာမခံ ဂတိများပေးထားပြီးဖြစ်ပါသည်။ လူကြီးမင်းတို့ပါတီက အလုပ်အပ်လျှင် ဒစ်စကောင့်ပေးပါမည်ခင်ဗျား။

ဒီမိုကရေစီ WIN WIN ပေါ်လစီအရ ရွေးကောက်ပွဲဝင်ပါတီများအားလုံးအောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျား။

နေ့စဉ်နဲ့အမျှ ကိုဗစ်စာရင်းကိုစောင့်ကြည့်ရင်း စိုးရိမ်သောက ဝေနေသော ပြည်သူများ သည် လွှတ်တော်ကိုယ်စားလှယ်စာရင်းကို စောင့်မျှော်ရင်း ပြုံးပျော်နိုင်ကြပါစေသတည်း။

သားကြီးမောင်ဇေယျ (၂၆-၀၇၂၀၂၀)