Breaking News

သားဦး - မေတ္တာအေးရိပ်

မေတ္တာအေးရိပ်
သားဦး
(မိုးမခ) ဇူလိုင် ၆၊ ၂၀၂၀

သူ့မေတ္တာအေးရိပ်ကလေး ပျက်စီးသွားပြီလို့ ဝဏ္ဏလေးက ပြောပါတယ်။ မေတ္တာအေးရိပ်ဆိုတာက သူသောက်နေကြအရက်ဆိုင်လေးကိုပြောတာပါ၊ ဆိုင်ကရပ်ကွက်ဘီအီးဆိုင်လေး ၊ ဘာနာမည်မှမရှိ၊ သောက်သုံးသူတွေက ကိုယ်ကြိုက်တဲ့နာမည် ကိုယ့်ဘာသာပေးပြီးထိုင်ကြတဲ့ဆိုင်လေးပေါ့၊ တချို့ကဆိုင်ရှင်နာမည်ကိုအစွဲပြုပြီး ရီးချိုလေးဆိုင်လို့ခေါ်ကြတယ်။ အရီးဒေါ်ချိုလေးပေါ့လေ၊ တချို့ကကြတော့ အကြောင်းမရွေးလို့ခေါ်ကြတယ်၊ အကြောင်းမရွေးဆိုတာကတော့ သူတို့ကိုအကြွေးမရောင်းလို့ ရွဲ့ပြီးခေါ်ကြတာပါ၊ ရီးချိုလေးက နားမကြားဘူး ဒါပေမယ့် ပါးထားတာကတော့ လှစ်လို့တဲ့၊ လူတစ်ယောက်ပါးစပ်လှုပ်လိုက်တာနဲ့ ဘာပြောတယ်ဆိုတာ ဓာတ်ထိသိနေတတ်တာမျိုး။ ဒီတော့ သူ့ဆိုင်ထိုင်လို့ အရက်မှာရင်ပဲဖြစ်ဖြစ် အမြည်းမှာရင်ပဲဖြစ်ဖြစ် ဘာသံမှထွက်စရာမလိုဘူး၊ သူ့ဘက်လှည့် လက်ကလေးထောင်ပြပြီး ပါးစပ်လေးလှုပ်လိုက်ရုံပဲ၊ အရက်လား အမြည်းလား ကွက်တိ။ တစ်စိတ်၊ တစ်ပိုင်း၊ တစ်လုံး၊ မြေပဲဆားလှော် လက်ဖက်သုပ် အမဲအူပြုတ်ကအစ အမှားအယွင်းမရှိစေရဘူး၊ ဒီတော့ ဆိုင်လေးက နားမပူရတော့ဘူးပေါ့။ ပြီးတော့ ရီးချိုလေးကစည်းကမ်းကလနားကြီးတယ်၊ သူ့ဖောက်သယ်တွေရဲ့ ရေချိန်ကိုလည်း သူအကုန်မှတ်မိတယ်၊ ပိုမရောင်းဘူး၊ သူ့အပြောကတော့ မောင်းရင်မရူးဘူးတဲ့၊ မူးရင်မရောင်းဘူးဆိုပါတော့....

     သူ့ဆိုင်ကလေးက ကားကြီးကွင်းနားမှာ၊ ဆိုတော့ အတန်အသင့်လူစည်တယ်ပြောရမှာပဲ၊ ပွဲရုံတွေ ကုန်တင်ကုန်ချတွေလည်းရှိတော့ လူကလည်းအမြဲလိုလိုမပြတ်ဘူးလေ၊ နောက်တစ်ချက်က သူ့တူမချောချောကြောင့်လည်းပါမှာပါ၊ ချောချောက လုံးကြီးပေါက်လှ၊ မျက်ခုံးမျက်လုံးကောင်းကောင်း နှာတံပေါ်ပေါ်၊ ပိတုန်းရောင်ကေသာကျော့နဲ့ ခန့်ခန့်ကြီး၊  အဲဒီ့ ခန့်ခန့်ကြီးက ကောင်တာထိုင်တာ၊ သူ့ကြည့်လိုက်ရင် အမြဲ တမ်းကောင်တာမှာပဲ၊ ဘယ်အချိန်ကြည့်ကြည့် ကောင်တာမှာမျက်နှာထားတင်းတင်းနဲ့ ထိုင်နေတာကိုအမြဲလိုလိုတွေ့ရတာပဲ၊ ဒါကြောင့်ပဲ ဒီဆိုင်ကလေးက ဖောက်သယ်မြဲတာလို့ တချို့ကပြောကြတာပေါ့၊ ဒီအထဲမှာ ဝဏ္ဏလေးလည်းပါတယ်၊ ဝဏ္ဏလေးက မကွေး-တောင်တွင်းကားနောက်လိုက်လုပ်တယ်၊ ဒါပေမယ့်မနက်စောစောတစ်ခေါက်ပဲ၊ ကျန်တဲ့အချိန်က ပွဲရုံတွေမှာ ကုန်တင်ကုန်ချပေါ့၊ ကျန်တဲ့အချိန်တွေကတော့ ရီးချိုေလးဆိုင်မှာ အချိန်ကုန်တာပါပဲ၊ ကောင်တာနဲ့ မနီးမဝေးကထောင့်ဝိုင်းလေးမှာထိုင်၊ ကောင်တာကခန့်ခန့်ကြီးကိုငေးပြီး စိတ်ကူးအိမ်ကလေးဆောက်နေတာများပါတယ်၊ ဒါ့ကြောင့်လည်း ဆိုင်ကို သူနာမည်ပေးထားတာက မေတ္တာအေးရိပ်တဲ့၊ သူကသာမေတ္တာအေးရိပ်နေတာ ခန့်ခန့်ကြီးကတော့ သူ့ကောင်တာမှာအေးအေ းဆေးဆေးပါ၊ စိတ်ထဲလည်း ဘာမှရှိပုံမပေါ်ပါဘူး၊ ပုံမှန်ဖောက်သယ်အဆင့်ထက်လည်းပိုပုံမရပါဘူး...

ဆိုင်မှာက ရီးချိုလေးနဲ့ ခန့်ခန့်ကြီးအပြင် တောက်တိုမယ်ရခိုင်းဖို့ခေါ်ထားတဲ့ေကာင်လေးတစ်ယောက်လည်းရှိသေးတယ်၊ ဖိုးပြုံးတဲ့၊ ဆွေရိပ်မျိုးရိပ်မကင်းတဲ့အထဲကေနမှာပေါ့၊ ဖိုးပြုံးက စားပွဲထိုး၊ ရီးချိုလေးက ချက်ရေးပြုတ်ရေးပေါ့၊ ခန့်ခန့်ကြီးကတော့ ကောင်တာမူပိုင်၊ဒါပေမယ့် ဒီဆိုင်ကို ဘယ်သူပိုင်သလဲဆိုတာတော့ ဘယ်သူမှမသိကြပါဘူး...

ရီးချိုလေးဆိုင်နာမည်ကြီးတဲ့အထဲမှာ ခန့်ခန့်ကြီးအပြင် တိုလီမုတ်စ အမြည်းလေးတွေရတာလည်း ပါပါတယ်၊ မြှစ်သုတ် ပဲသုတ် အမဲအူပြုတ်အစ ကုလားပဲနှပ် ငါးကလေးကြော် နှမ်းဖတ်ချဉ် အစသဖြင့်ပေါ့လေ အဖိုးနဲဝန်ပါ မြည်စရာလေးတွေကလည်းနိုင်းခြင်း၊ နောက်တစ်ခုကတော့ ဘီအီးအသားမှန်တာလည်း ပါပါတယ်၊ ရီးချိုလေးက ဘီးအီးစပ်တာမှာသေချာတယ်၊ သူ့ရာသီအလိုက် သူ့ဒီဂရီနဲ့သူကွက်တိစပ်တာ၊ တမိုး တွင်းလုံးလှောင်ထားတဲ့မိုးရေကို သေချာကြိုချက်ပြီး ကြက်မတစ်ဝပ်စာ ပူနွေးနွေးလေးနဲ့ စဉ့်အိုးကြီးသုံးလုံးထဲမှာ သေချာအသားကျ အခိုးသေအောင်နှပ်တာ၊ သူသတ်မှတ်ထားတဲ့ရက်မပြည့်မချင်း ဘယ်စဉ့်အိုးမှ ဖွင့်မရောင်းဘူး၊ သူ့အိုးနဲ့သူ အလှည့်ကျရောင်းတာ၊ မရှိရင်မရောင်းဘူးတဲ့၊ ဒါကြောင့်ပဲ သူ့ဆိုင်လေးက လူစည်နေတာလည်းပါမှာပေါ့၊ မနက် ၆ နာရီလောက်ဆိုတာနဲ့ မောနီပက်ကလေးတွေစပြီ၊ ဆယ်နာရီလောက်ဆိုရင်တော့ ဝိုင်းစေ့လူစုံ စကားတွေလည်း ပြောမကုန်ကြတော့ဘူးဆိုပါတော့..
    ဒီထဲမှာ ဝဏ္ဏလေးလည်းပါတယ် ၊ ပါတယ်ဆိုပေမယ့် သူက တစ်ကိုယ်တည်းသမား၊ ဘယ်သူနဲ့မှလည်း ဘာစကားမှမပြောဘူး၊ သူ့ဝိုင်းမှာ တစ်ယောက်တည်းထိုင်ပြီး ကောင်တာကြည့်ငေး တဆွေးဆွေးနေတာများပါတယ်၊ တကယ်လို့ သူ့ဝိုင်းကို တစ်ယောက်ယောက်လာထိုင်ခဲ့တယ်ဆိုရင်တောင် တခြားဝိုင်းကိုရွှေ့ထိုင်တတ်တဲ့သူမျိုး၊ ဒီတော့ ဆိုင်က တခြားဖောက်သယ်တွေနဲ့ သူနဲ့က တစိမ်းပြင်ပြင်ပါပဲ...

     ကျနော် မြင်ရတဲ့မြင်ကွင်းကတော့ အာ့သလောက်ပါပဲ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်လောက်က ရီးချိုလေးဆိုင်ရဲ့မြင်ကွင်းဆိုပါတော့...
     အခုတော့ ဘီအီးဆိုင်လေးတွေနေရာမှာ ပြည်တွင်းဖြစ်ဝီစကီတွေ အစားထိုးလိုက်ကြပြီလေ၊ ချောင် ကြိုချောင်ကြား တစ်ဆိုင်နှစ်ဆိုင်ကလွဲလို့ ရှာလို့မလွယ်တော့တဲ့အနေအထားဆိုပါတော့၊ အဲဒီ့အချိန်မှာပဲ ဝဏ္ဏလေးနဲ့ ပြန်တွေ့တာပါ၊ တွေ့တွေ့ချင်း ကျနော်သူ့ကိုမမှတ်မိ မြင်ဖူးသလိုလိုရှိပါတယ်ဆိုပြီးကြည့်နေမိတာပါပဲ၊ သူကလည်းကျနော့်လိုပဲနေမယ် မသိမသာစောင်းငဲ့ကြည့်လို့ ၊ အတော်ကလေးကြာမှ ကျနော့်ဘက်လှည့်ပြီး စာရေးတဲ့အစ်ကိုလေးလာတဲ့၊ ကျနော်အံ့သြသွားတယ်၊ ကျနော်စာရေးတာကို မြို့မှာသိသူက သိပ်မှမရှိပဲ၊ ဒါနဲ့ဟုတ်ပါတယ် ခင်ဗျားကဆိုတော့၊ အစ်ကိုလေးမမှတ်မိဘူးထင်တယ်။ ကားကြီးကွင်းနားကဆိုင်မှာ ခဏခဏဆုံဘူးတယ်လေ ရီးချိုလေးဆိုင် အကြောင်းမရွေးလေတဲ့၊ သူပြောမှ ကျနော်လည်း ရီးချိုလေးဆိုင်ကို ပြန်သတိရသွားတယ်၊ ဟုတ်တယ် ကျနော်လည်း စာရူးပေရူး မူးတူးတူးနဲ့ အောက်ခြေကဘဝတွေအကြောင်းရေးမယ်ဆိုပြီး အဲဒီဆိုင်လေးဆီရောက်ရောက်သွားတာ ဘာမှတော့ရေးဖြစ်တာမဟုတ်ပါဘူး၊ လွယ်အိတ်လွယ် ဘောပင်နှစ်ချောင်းအိတ်ကပ်ထဲထည့်ပြီး ထိုင်သောက်နေမိတာများပါတယ်...

အခု ဝဏ္ဏလေးကိုတွေ့မှ ပြန်သတိရမိသွားတာမျိုးဆိုပါတော့၊ သောက်ရင်းစားရင်းအတော်ကလေးထွေလာ ေတာ့မှ ဝဏ္ဏလေးလေးကပြောပါတယ်၊ ကျနော့်မေတ္တာအေးရိပ်ကလေးပျက်စီးသွားတာဗျာတဲ့၊ အစတော့ ကျနော်လည်း နားမလည်၊ ဘာလဲ မေတ္တာအေးရိပ်ဆိုတော့ ကျနော်တို့ထိုင်နေကြရီးချိုလေးဆိုင်လေ အဲဒါ ကျနော့်ရဲ့မေတ္တာအေးရိပ်ပေါ့ဗျတဲ့ ပြီးတော့ ဆက်ပြောတယ် ချောချောလေ မေတ္တာမရှိတဲ့မိန်းမ၊ အကြင်နာတရားကင်းမဲ့တဲ့မိန်းမဗျ အစ်ကိုလေးသိလား အစ်ကိုလေးသိမှာမဟုတ်ပါဘူးဗျာ...

အဲဒီ့နေ့က ပြုံးချိုလေးသနားစရာပါဗျာ မိဘမဲ့သားလေးဗျ၊ ဘာမှ မဟုတ်တဲ့ ကြက်ဥပြုတ်လေးတစ်လုံးကြောင့် အရိုက်အနှက်ခံရတာဗျာ၊ တော်တော်လေး မေတ္တာတရားကင်းမဲ့တဲ့မိန်းမ အကြင်နားတရားခေါင် းပါးတဲ့အမျိုးသမီးပါဗျာ၊ အဲဒီနေ့လယ်ကို ကျနော်တစ်သက်လုံးမမေ့ဘူးဗျ၊ မှတ်မှတ်ရရ နေပူပူ နွေခေါင် ခေါင်ကြီး နေ့လယ် ၁ နာရီလောက်ကြီးဗျာ၊ ပြုံးချိုလေးခမျာဆာလွန်းလို့ လက်ကလေးတွေတုန်နေရှာတာဗျာ၊ သူတို့နေ့လယ်စာကြွေးတဲ့အချိန်ကိုကြည့်ဦး အတော်နောက်ကျနေပြီဗျ၊ ပြီးတော့ ဘာဟင်းမှပါတာမဟုတ်ဘူး၊ ကြက်ဥပြုတ်လေးတစ်လုံးဗျ အစ်ကိုလေးရာ၊ ပြုံးချိုလေးခမျာ ဆာလွန်းလို့ လက်ကလေးတွေတုန်နေရှာတာပါ၊ ထမင်းပန်းကန်ကို သူမြဲမြဲကိုင်မထားနိုင်ရှာဘူးလေ၊ ဒီတော့ ပန်းကန်ကတဆတ်ဆတ်ခါပြီး ကြက်ဥပြုတ်ကလေးက အောက်ကို ပြုတ်ကျသွားတာပေါ့၊ မေတ္တာမရှိတဲ့မိန်းမ၊ အတော်ကလေး အကြင်နာတရားခေါင်းပါးတဲ့မိန်းမပါဗျာ၊ ပြုံးချိုလေးကိုရိုက်တာဗျာ၊ နင်ပဲငဆပြောပြီးရိုက်တာ၊ ကြက်ဥလေးတစ်လုံးအတွက်နဲ့ဗျာ၊ ကြာတော့ ကျနော်မနေနိုင်တော့ဘူး၊ ကျနော့်စားပွဲကနေထ အဲဒီမိန်းမကို လက်ညှိုးငေါက်ငေါက်ထိုးပြီးပြောထည့်လိုက်တယ်၊ မေတ္တာမရှိတဲ့မိန်းမ၊ အကြင်နာတရားခေါင်းပါးတဲ့မိန်းမ၊ ငါကတော့ ချစ်လိုက်ရတာအရိပ်တကြည့်ကြည့်၊ ကြည့်ပါဦး ရက်စက်လိုက်တဲ့ မိန်းမ၊ ကြက်ဥလေးတစ်လုံးအတွက်နဲ့ ကလေးကိုရိုက်တယ်၊ နင့်ကိုငါမချစ်တော့ဘူး၊ နင့်ကို ငါဘယ်တော့မှမချစ်တော့ဘူးလို့ပေါ့။ လူတွေကတော့ ဝိုင်းကြည့်နေကြတာပေါ့အစ်ကိုလေးရာ၊ တချို့က လင်မယားနှစ်ယောက်ရန်သတ်နေကြတယ်လို့ထင်တာ။ ကျနော်ကလည်း ဒေါသနဲ့ဆိုတော့ ဘာတွေပြောမိလို့ ပြောမိတယ်မသိပါဘူး။ ကျနော့်စိတ်ထဲ တစ်သက်လုံးထိုင်ပြောနေမိတဲ့စကားေတွ အကုန်ပြောချမိလိုက်တာပါပဲတဲ့။ ကျနော်သတိထားမိတော့ အတော်လေးနောက်ကျသွားပြီဗျာ။ ခန့်ခန့်ကြီးကလည်း ငိုယိုပြီး ရပ်ကွက်ရုံးထွက်သွားတာ၊ အတော်ကလေးတောင်ကြာပြီတဲ့။ ဟုတ်တယ်ဗျ ဆိုင်ထဲမှာ ကျနော်ရိုက်ခွဲထားတဲ့ ပုလင်းတွေပန်းကန်တွေက နည်းမှမနည်းပဲ။ ခဏနေတော့ ရပ်ကွက်လူကြီးတွေကျနော့်ကိုလာေခါ်ကြတော့တာပဲ။ ကျနော်လည်းထောင်သုံးလကျသွားတယ်တဲ့..။

ပြီးတော့ရောဆိုတော့ ဝဏ္ဏလေးကပြုံးတယ်။ ခန့်ခန့်ကြီးကယောက်ျားယူးသွားတယ်။ ဆိုင်လည်းပိတ်လိုက်ကြတယ်ဗျတဲ့၊ ခဏနေမှ တစ်ခုခုကိုသတိရသွားသလိုနဲ့ အစ်ကိုလေးဒီမှာကြည့်ဆိုပြီး အင်္ကျီချွတ်ရင်း သူ့နောက်ကျောကိုလှစ်ပြတယ်။ ထောင်ထဲမှာအမှတ်တရထိုးလာတာတဲ့...
       သူ့ကျောပေါ်မှာ ခန့်ခန့်ကြီးရေးထားတာက...
မေတ္တာမရှိတဲ့မိန်းမတွေကို မုန်းတယ်တဲ့...

သားဦး