Breaking News

မောင်စွမ်းရည် - နယူးယောက် ရှမ်း ခင်မောင်ကြီး

ဦးခင်မောင်ကြီး မိသားစု၊ နိဝင်ဘာ ၂၀၁၉၊ နယူးယောက်။


မောင်စွမ်းရည် - နယူးယောက် ရှမ်း ခင်မောင်ကြီး

(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၂၀

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ကို ရောက်ရှိနေထိုင်ကြတဲ့ ဗမာလူမျိုးထဲက လူသိများသူတဦး ကတော့ ‘ရှမ်းခင်မောင်ကြီး’ ဖြစ်ပါတယ်။ ‘ရှမ်းခင်မောင်ကြီး’ ဆိုတာက မြန်မာပြည်မှာတုန်းက ရန်ကုန်တက္ကသိုလ် ကျောင်းသားအသိုင်းအဝိုင်းအတွင်းမှာ ခေါ်တွင်တဲ့အမည် ဖြစ်ပါတယ်။ သူက အင်းလေး ဇာတိ၊ ရှမ်းတိုင်းရင်းသားတဦး ဖြစ်ပြီး ဒဂုန်တာရာတို့နဲ့ ကျောင်းနေဖက် စာရေးဆရာ တင်အေး(ရှမ်းပြည်)နဲ့ မန္တလေး လူထုသတင်းစာက သူရ(ရှမ်းပြည်)တို့ရဲ့ လူရင်းတပည့်လည်း ဖြစ်ပါတယ်။ တင်အေး(ရှမ်းပြည်) ဆိုတာ ပင်လုံစာချုပ် ချုပ်ဆိုကြရာမှာ ပါဝင်လက်မှတ်ထိုးသူ ဦးတင်အေး ဖြစ်ပါတယ်။ ဆရာကြီးမင်းသုဝဏ်ရဲ့ တက္ကသိုလ် ဘာသာပြန်စာအုပ် ထုတ်ဝေရေးဌာနရဲ့ ဒုတိယအကြီးအကဲ ဖြစ်ပြီး စာရေးဆရာ ကျော်အောင်၊ မင်းကျော်၊ မင်းမော်၊ တင်မိုးတို့ကို အုပ်ချုပ်ရသူလည်း ဖြစ်ပါတယ်။

ကိုခင်မောင်ကြီးက ၁၉၅၇-၅၈ ခုနှစ်များအတွင်းက ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှာ အမှုဆောင် အဖွဲ့ဝင် တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦး ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်က တက္ကသိုလ်နဲ့ ကောလိပ်ကျောင်း ပေါင်းစုံ ပညာရေး နှီးနှောဖလှယ်ပွဲကြီး လုပ်ကြတော့ မုံရွာတင်ရွှေ၊ မုံရွာတင်ရွှေရဲ့ ဇနီးလောင်း မမြတ်သူ ခေါ် မမြဆွေနဲ့ တင်မိုး၊ မောင်သိန်းနိုင်(ဂုဏ်ထူး)၊ မောင်မိုးသူ၊ မောင်စွမ်းရည်တို့လည်း ပါတယ်။ ကိုခင်မောင်ကြီးက တိုင်းရင်းသား ရှမ်းဝတ်စုံ အမြဲဝတ်ထားတော့ လူတိုင်းက သူ့ကို မှတ်မိနေပါတယ်။

တခါတော့ ဗမာကျောင်းသား ၂၀၀ လောက်ကို တရုတ်ပြည်က လူငယ်ညီလာခံတခု တက်ရောက်ဖို့ ဖိတ်ကြားပါတယ်။ ကျွန်တော်တို့ဆီက မုံရွာတင်ရွှေ လိုက်သွားတာ သတိရပါတယ်။ အဲဒီခရီးသွားတော့ ရန်ကုန်အဖွဲ့က မန္တလေးမှာ မန်းတက္ကသိုလ်က အဖွဲ့နဲ့ ဆုံကြပြီး ခရီးဆက်ကြပါတယ်။ ရန်ကုန်အဖွဲ့ထဲက ရှမ်းခင်မောင်ကြီးက လူထုသတင်းစာတိုက်ကို ဝင်ပြီး သူရ(ရှမ်းပြည်)ကို ဝင်ရောက်နှုတ်ဆက်တော့ သူ့ဆရာက ကင်မရာတလုံးနဲ့တကွ လူထုသတင်းထောက်လက်မှတ်ကိုပါ ပေးလိုက်ပါတယ်။ တရုတ်ပြည်ရဲ့ လူငယ်ကျောင်းသားညီလာခံမှာ သတင်းယူဖို့ပါ။ သူ ရေးတဲ့ သတင်းဆောင်းပါးတွေကို အမေရိကန် ရောက်ပြီး ကြာမှ သူ့ရဲ့ စာပေါင်းစု တအုပ်ထဲမှာ ထည့်ပြီး ထုတ်ပါတယ်။ နှစ်ပေါင်း ၆၀ လောက်ကြာမှ ထုတ်ဖြစ်တာပါ။ ဒါတောင် ကျွန်တော်က အမှတ်တရနဲ့ ခဏခဏ တိုက်တွန်းလို့ ထုတ်ဖြစ်တာပဲလို့ ကျွန်တော် ထင်ပါတယ်။

ကျွန်တော် အမေရိကကို ရောက်တော့ တင်မိုးနဲ့ ကျွန်တော် အမေရိကမှာ ဆုံတယ်။ ကျွန်တော်တို့သုံးဦး ပြန်ဆုံမိကြတော့ ကျွန်တော် သူ့ကို လုံးဝမမှတ်မိတော့ပါ။ နှစ်ပေါင်း ၅၀ လောက် ကြာပြီကိုး။ ဒါပေမဲ့ တင်မိုးက မြင်မြင်ချင်းပဲ “ရှမ်းကိုခင်မောင်ကြီး မဟုတ်လား” လို့ တန်းမေးပါတယ်။ ဒီလို လူတွေရော၊ စာတွေမှာ မှတ်မိတာကတော့ တင်မိုး ပါရမီပါပဲ။ ကိုခင်မောင်ကြီး ဘာလုပ်နေသလဲဆိုတော့ ယေးတက္ကသိုလ် မှာ မြန်မာစာပြနေတယ်လို့ ဆိုပါတယ်။ ကျွန်တော်က သူ့မှာမရှိသေးတဲ့ မြန်မာပြည်က မြန်မာဘာသာဗေဒ၊ သဒ္ဒဗေဒဆိုင်ရာ စာအုပ်တွေ ရှိသမျှ သူ့ကို ပေးလိုက်ပါတယ်။ မောင်သာနိုး၊ စောလူ ခေါ် စောထွန်းနဲ့ ဦးခင်အေးတို့ ရေးသမျှ စာအုပ်စာတမ်းတွေ ကျွန်တော့်မှာ ပါလာတာ အကုန်ပေးပါတယ်။

ကျွန်တော် အဲဒီအခါက ပထမဦးဆုံး စခန်းချ နေထိုင်တာက ချီကာဂိုနဲ့နီးတဲ့ ဖို့တ်ဝိန်းမြို့မှာ ဖြစ်ပါတယ်။ ကဗျာဆရာ မောင်စိုးချိန်နဲ့ သွားနေတာပါ။ တင်မိုး၊ မောင်သစ်ဆင်း၊ ကိုဝင်းခက်တို့ပါ စုမိပါတယ်။ နောက်တော့ မာမာအေးလည်း ရောက်လာပါတယ်။ တင်မိုးက ငါတို့ အနုပညာမောင်နှမတွေ တစုတည်း နေကြရအောင်လို့ နယူးယောက်က မာမာအေးကို လှမ်းခေါ်လိုက်လို့ ရောက်လာတာပါ။ မာမာအေး ရောက်လာတော့ ဘုန်းကြီးကျောင်းတွေ ကြီးတဲ့ အိမ်ကြီးတလုံးကို မာမာအေးက အကြွေးနဲ့ ဝယ်ပြီးရော တင်မိုးက စပြီးထွက်ခွာသွားပါတယ်။ သူ့သမီး သားတွေ လော့စ်အိန်ဂျလိစ်မြို့ကို ရောက်လာလို့ပါတဲ့။

တင်မိုး ပြီးတော့ မောင်စွမ်းရည်က မြောက်အီလီနွိုက်တက္ကသိုလ် မြန်မာစာကြည့်တိုက်မှာ စာရေး စာဖတ် လုပ်နေဖို့ (Scholar at-Risk) တဲ့။ စားဝတ်နေရေးအပြည့်နဲ့ ရောက်သွားခဲ့ပါတယ်။ မြောက်အီလီနွိုက် တက္ကသိုလ်မှာ မြန်မာစာပြနေတဲ့ မန်းတက္ကသိုလ် ကျောင်းနေဖက် ဆရာဦးစောထွန်းနဲ့ ကိုခင်မောင်ကြီးရဲ့သမီး ရွှေစင်ဦးတို့ရဲ့ ဝိုင်းဝန်းစီစဉ်ပေးမှုကြောင့် ဒီလို ရောက်သွားခဲ့ရတယ်လို့ နားလည်သဘောပေါက်ထားရပါ တယ်။ IIE ခေါ် International Institute of Education ရဲ့ ထောက်ပံ့ကြေးနဲ့ နေရတာ တနှစ်ကြာပါတယ်။ ပထမတလလောက် သူငယ်ချင်း ဦးစောထွန်း အိမ်မှာ အားမနာပါးမနာ စားသောက် နေထိုင်ပါတယ်။ တင်မိုးပါ ခဏလာနေပါသေးတယ်။ တလလောက် နေပြီးမှ ကျွန်တော် အိမ်ခန်းတခန်း ငှားနေပြီး ကိုယ့်ဘာသာ ချက်ပြုတ်စားသောက်နေထိုင်ပါတယ်။

ဒီလိုနေစဉ်မှာ ကိုခင်မောင်ကြီးလည်း မြောက်အီလီနွိုက်တက္ကသိုလ် မြန်မာစာကြည့်တိုက်ရှိ စာအုပ်စာပေတွေ ကို မွှေနှောက်လေ့လာဖို့ ကျွန်တော်နဲ့ တလမျှ လာနေခဲ့ပါတယ်။ ကျွန်တော်က စာကြည့်တိုက်မှာ အခန်းတခန်း ရထားပါတယ်။ ကွန်ပျူတာလည်း ပေးထားပေမယ့် မသုံးတတ်သေးပါ။ ကွယ်လွန်သူ စာကြည့်တိုက်မှူး ဒေါ်မေကြည်ဝင်း စုဆောင်းထားခဲ့တဲ့ မြန်မာစာနယ်ဇင်းတွေက တသောင်းလောက် ရှိတာပါ။ စတုရန်းပေ တထောင်လောက် ကျယ်တဲ့ အထပ်ကြီး တထပ်လုံး ဗီရိုတွေနဲ့အပြည့် ရှိတာပါ။

ကိုခင်မောင်ကြီးကို ကျွန်တော်က ကုလားပဲနဲ့ ကြက်သားဟင်း နေ့တိုင်းလောက် ကျွေးပါတယ်။ တခြားဟင်း လည်း မချက်တတ်ယူး။ မြောက်အီလီနွိုက်တက္ကသိုလ်မှာ တနှစ်ခန့်နေပြီးနောက် ကျွန်တော်က အိုင်အိုဝါတက္ကသိုလ် နိုင်ငံတကာ စာရေးသားမှုအစီအစဉ် International Writing Program ကို ၃ လလောက် သွားတက်လိုက်ရပါသေးတယ်။ ပန်းချီဝင်းဖေ၊ မောင်သာနိုး၊ ချစ်ဦးညို၊ စန်းမွန်းအောင်(မြေမှုန်လွင်) စတဲ့ မြန်မာစာရေးဆရာ တော်တော်များများ ရောက်သွားတဲ့နေရာပေါ့။ ကိုသာနိုးကို ဖိတ်ခေါ်ရာမှာ ကိုခင်မောင်ကြီးရဲ့သမီး ရွှေစင်ဦးရဲ့ အကူအညီ ပါရှိပါတယ်။ သူက အဲဒီအခါက Open Society မှာ လုပ်နေတော့ သူ့အိမ်ကနေ ကိုသာနိုးကို ဖုန်းဆက်ပြီး အကျိုးအကြောင်း ဆွေးနွေးတိုင်ပင် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ Open Society က စရိတ်ထောက်ပံ့ပါမယ်၊ ကိုသာနိုးက မန်းတက္ကသိုလ် ကျောင်းသားသမဂ္ဂမှာ သုံး လေးနှစ်ဆက်တိုက် အမှုဆောင်လုပ်လာသူဖြစ်ပြီး ကိုခင်မောင်ကြီးနဲ့လည်း ကျောင်းသားဘဝကတည်းက သိကျွမ်းခဲ့သူ ဖြစ်ပါတယ်။ ရေစက်တွေပေါ့။ ကိုခင်မောင်ကြီးနဲ့ ကိုသာနိုးနဲ့လည်း ပြန်ဆုံဖြစ်ပါတယ်။

ကျွန်တော့်သားကြီးက စင်ကာပူကနေ နယူးယောက်ကို သူ့ဇနီးနဲ့အတူထွက်လာပြီး ကျွန်တော့်ကို လာတွေ့ပါ တယ်။ နယူးယောက်ကို ရောက်ပြီးမကြာခင် သားဦးတယောက် မွေးဖွားပါတယ်။ သားကြီး နယူးယောက်ကို ရောက်ရှိလာပြီဆိုတော့ ကျွန်တော်လည်း မြေးထိန်းဖို့ အကြောင်းပြချက်နဲ့ သူ့ဆီကို လာရောက်နေထိုင်ပါ တယ်။ ဒီမှာတင်ပဲ ကိုခင်မောင်ကြီးတို့ မိသားစုနဲ့ ပြန်လည်ဆုံတွေ့ရလို့ သူတို့အိမ်ဟာ ကျွန်တော့်ရဲ့ စားအိမ် သောက်အိမ် ဖြစ်လာခဲ့ပါတယ်။ မကြာခင် ကျွန်တော့်ဇနီးနဲ့ သမီးလည်း ရောက်လာတော့ ကျွန်တော်လည်း နယူးယောက်မှာ တအိုးတအိမ် ထူထောင်မိသွားခဲ့ပါတယ်။

ဒီအခါမှာ နယူးယောက်နဲ့ မနီးမဝေး မြို့တွေမှာရော၊ နယူးယောက် မြို့ပေါ်မှာရော စာပေဟောပြောပွဲတွေ လုပ်ကြပါတယ်။ ကိုခင်မောင်ကြီးက အစိုးရသတင်းစာတွေမှာ အယ်ဒီတာ လုပ်ခဲ့သူဖြစ်လို့ စာရေးဆရာ စာရင်းထဲမှာ ပါနေပါတယ်။ ဒါကြောင့် ဟောပြောပွဲတွေမှာ သူ့ကိုလည်း ဖိတ်ကြားရပါတယ်။ တခါတရံ ဝါရှင်တန်က ကိုဝင်းအောင်ကြီးကိုလည်း ဖိတ်ကြားရပါတယ်။ သူက မွတ်စလင်ဘာသာ ကိုးကွယ်သူဆိုတော့ အစားအသောက်၊ အနေအထိုင် ဆင်ခြင်ရပါတယ်။ ဒါကြောင့် သူ့ကို အားနာလို့ နောက်ပိုင်းတော့ ကိုခင်မောင်ကြီးနဲ့ တွဲရတာ များပါတယ်။

ကိုခင်မောင်ကြီးဟာ အိန္ဒိယပြည်မှာ AIR (All India Radio) အသံလွှင့်ဌာန မြန်မာပိုင်းအစီအစဉ်မှာ လုပ်ရင်း ပါဠိဘာသာနဲ့ ပါရဂူဘွဲ့ယူခဲ့သူဖြစ်လို့ ကျွန်တော်က သူ့ကို ပရိသတ်နဲ့ မိတ်ဆက်တဲ့အခါ (၁) ဦးခင်မောင်ကြီး ကို ဒေါက်တာခင်မောင်ကြီးလို့ မိတ်ဆက်ပေးပါတယ်။ (၂) ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအမှုဆောင် အဖွဲ့မှာ ရှမ်းတိုင်းရင်းသားကိုယ်စားလှယ်ဖြစ်လို့ ရှမ်းခင်မောင်ကြီးလို့လည်း ခေါ်ပါတယ်။ (၃) အင်္ဂလိပ် သတင်းစာ လုပ်ရင်း အရှေ့ဂျာမနီကို သတင်းစာပညာ သင်ယူဖို့ သွားရောက်ခဲ့ရပါတယ်။ ပြန်လာတော့ အစိုးရရဲ့ သတင်းစာတွေမှာပဲ အယ်ဒီတာလုပ်ရင်း စာတွေ ရေးသားပြုစုနေပါတယ် စသဖြင့် မိတ်ဆက်ပေးပါ တယ်။

ပရိသတ် စိတ်ဝင်စားအောင် ဒီလို မိတ်ဆက်ပေးရင်းနဲ့ ပရိသတ်က ရှမ်းကိုခင်မောင်ကြီးကို ဒေါက်တာခင်မောင်ကြီးလို့ပဲ ခေါ်တွင်ရတာ အရသာတွေ့သွားကြပုံရပါတယ်။ ခုတော့ ဘယ်အခမ်းအနားမှာ မဆို ဒေါက်တာခင်မောင်ကြီးလို့ပဲ ခေါ်ကြပါတယ်။ ခုအခါ မြန်မာပြည်က စာရေးဆရာတွေကိုပဲ နှစ်စဉ် ဖိတ်ခေါ်ပြီး စာပေဟောပြောပွဲတွေ လုပ်ကြလို့ ကျွန်တော်တို့နှစ်ယောက်က အခမ်းအနား သဘာပတိတွေပဲ လုပ်ကြရပါတယ်။ တယောက်က အဖွင့်အမှာစကား ပြောရင် ကျန်တယောက်က အပိတ်အမှာစကား (ကျေးဇူး တင်စကား) ပြောကြရပါတယ်။ ကိုခင်မောင်ကြီးက အစိုးရ သတင်းစာလောကမှာပဲ ခပ်ကုပ်ကုပ် နေခဲ့သူဆိုတော့ စာရေးဆရာတွေနဲ့ အရောတဝင် မရှိခဲ့ပါ။ ကျွန်တော်ကတော့ လူချင်း ရင်းနှီးခဲ့တောင်မှ စာချင်း ရန်ဖြစ်ခဲ့ဖူးတာ များလေတော့ စာပေလောကသားတွေနဲ့ အထိအတွေ့များတယ် ဆိုနိုင်ပါတယ်။ ဒါကြောင့် မိတ်ဆက်သူအဖြစ်နဲ့ တာဝန်ပေးကြတာ များပါတယ်။ ဒါပေမဲ့ စာရွက်ကြည့် ပြောလည်း ရတာပဲမို့ ကျွန်တော်က တတ်နိုင်သမျှ ရှောင်ပါတယ်။ တခါတရံ အငြိမ်းစား မြန်မာစာပါမောက္ခ ဒေါ်မြင့်မြင့်ကိုပဲ ပွဲထုတ်ရပါတယ်။ သူက ‘ကျွန်မ ဘာစာမှ မရေးခဲ့ဖူးဘူး’လို့ ငြင်းပေမယ့် မြန်မာစာပါမောက္ခ ဆိုတာ သဘောတရားအရ စာရေးဆရာပေါင်းစုံရဲ့ စာတွေကို ဖတ်ခဲ့ရတာ မဟုတ်လား။ ဒါကြောင့် မငြင်းနိုင်အောင် ပြောရပါတယ်။ ပရိသတ်က သဘာပတိလုပ်စရာလူ ဒီနှစ်ယောက်ပဲ ရှိသလားလို့ မတွေး၊ မမေးအောင်ပေါ့။ ခွကျတာက မြန်မာစာပါမောက္ခ ဆိုသူကလည်း ဒီတယောက်ပဲ ပြည်ပကို ရောက်လာခဲ့ပါတယ်။

တခါတရံ အဆိုတော် မာမာအေးကိုလည်း စာရေးဆရာထဲ ဆွဲသွင်းရပါတယ်။ သူကလည်း စာတွေ ရေးနေတာကိုး။ ဟိုး… အဝေးကြီး ရောက်နေတဲ့ ကဗျာဆရာ အောင်ဝေးကိုလည်း ‘အောင်နီး’ ဖြစ်အောင် လှမ်းခေါ်ရပါတယ်။ ‘ရှင် နည်းရတဲ့အထဲ အဂ္ဂလူထွက်’ ဆိုသလို ဆရာအောင်ဗလနဲ့ ကဗျာဆရာ တင်မိုးတို့က စောစောစီးစီး တာဝတိံသာ တက်သွားခဲ့ကြပါတယ်။ တာဝတိံသာမှာ နတ်သမီးလေးတွေ တဖက် လေး ငါးရာနဲ့ ပျော်နေကြသေးသလား၊ လူ့ပြည်ကို ပြန်လည်ပြီး ကဗျာတွေ စာတွေ ရေးနေကြပြီလား မဆိုနိုင်ပါ။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ သဘာပတိကြီးတွေပဲ လုပ်နေကြရဦးမှာပါ။

ပြောဖို့ မေ့သွားတယ်။ တိုက်တိုက်ဆိုင်ဆိုင် သူနဲ့ ကျွန်တော်က မွေးနှစ် တခုတည်းပါ။ ၁၉၃၅ တဲ့။ ၈၀ ကျော် ၅ နှစ်ပတ်လည် ဘဘတို့ အရွယ်ပေါ့။ ရေစက်က နီးတယ်ဆိုတော့ သူ အသက်ရှည်သလောက် ကျွန်တော်လည်း အသက်ရှည်မယ် ထင်ပါတယ်။ သူငယ်ချင်း ခင်မောင်ကြီး အသက်ရာကျော်ရှည်ပါစေသော်ဝ်။


မောင်စွမ်းရည်

နယူးယောက်

၁၆ မေ ၂၀၂၀