Breaking News

မောင်လူပေ - အမေရိကားနဲ့ တရုတ်ပြည် ဆက်ဆံရေး ပို၍ အခြေအနေဆိုး



မောင်လူပေ - အမေရိကားနဲ့ တရုတ်ပြည် ဆက်ဆံရေး ပို၍ အခြေအနေဆိုး

(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၂၀

အမေရိကန်ပြည်ထောင်စု၊ တက်ကဆက်ပြည်နယ်၊ ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို အပြီးပိတ်လိုက်ဖို့ အမေရိကန်အစိုးရက တရုတ်ပြည်ကို အကြောင်းကြားတယ်။ ဒီကောင်စစ်ဝန်ရုံးကို အမေရိကန်ပြည်ထောင်စုမှာ သူလျှိုလုပ်နေမှုနဲ့ မသင်္ကာလို့ စောင့်ကြည့်နေတာ ကြာပြီလို့ဆိုတယ်။

အမေရိကန်ပြည်တွင်းရေးမှာစွက်ဖက်မှု၊ အမေရိကန်တွေရဲ့ အဆင့်မြင့်နည်းပညာတွေကို ခိုးယူမှုတွေကြောင့် ပိတ်ခိုင်းရတာဖြစ်တယ်လို့အမေရိကားဖက်ကပြောတယ်။ အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေရဲ့ အရေးပါတဲ့ အချက်အလက်တွေကို တရုတ်ပြည်က လူနှစ်ဦးက ခိုးယူခဲ့တာကို ပြီးခဲ့တဲ့ရက်မှာတွေ့ခဲ့တယ်လို့ အင်္ဂါနေ့က ကြေညာပြီးနောက် ဖြစ်လာတဲ့အခြေအနေတွေပဲ။

အမေရိကားရဲ့ အဆင့်မြင့်နည်းပညာတွေ ခိုးယူနေမှုကို ဟန့်တားပေးဖို့ ညှိနှိုင်းနေတာ အဆင်မပြေ။ တရုတ်အစိုးရကိုယ်တိုင်က အားပေးနေတာလို့ စွတ်စွဲပြီး တရုတ်ပြည်ကို ဖိအားပေးနေတဲ့ ထရန့်အစိုးရက သံတမန်တွေကို စီစစ်စုံစမ်းခြင်း၊ အမေရိကားကိုလာမဲ့ အစိုးရအရာရှိတွေရဲ့ ကိုယ်ရေးအချက်အလက်များစုံစမ်းခြင်းတို့အပြင် ဗီဇာစည်းကျပ်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေတယ်။ တရုတ်ကွန်မြူနစ်ပါတီဝင်ထားရင် ဗီဇာမပေးဖို့အထိ လုပ်ဆောင်မယ်ဆိုတာကြောင့် သန်းပေါင်းများစွာသော တရုတ်တွေ အမေရိကားကိုလာဖို့ ဗီဇာအခက်အခဲတွေ ရှိလာစေတယ်။

အမေရိကန်ပြည်ထောင်စုမှာ တရုတ်သံရုံးတစ်ခုနဲ့ ကောင်စစ်ဝန်ရုံးငါးခုရှိတယ်။ ဟူစတန်ကောင်စစ်ဝန်ရုံးပိတ်ဖို့ အမိန့်ရပြီးနောက်မှာ သံရုံးဝန်ထမ်းတွေက အရေးကြီးအချက်အလက်ပါစာရွက်တွေအများအပြားကို သံရုံဝင်းထဲက မြေလွတ်မှာ မီးရှို့ခဲ့တဲ့အတွက် မီးခိုးတွေ အလွန်အမင်းထွက်လာလို့ မီးသတ်ဌာနကို အကူအညီတောင်းရတဲ့အထိ ဖြစ်သွားခဲ့တယ်။

တရုတ်အစိုးရပြောခွင့်ရှိသူကတော့ တရုတ်အစိုးရက ခိုင်းတာမဟုတ်ကြောင်းနဲ့ ခိုးယူမခံရအောင် အမေရိကန်အစိုးရက ကာကွယ်ရမှာဖြစ်လို့ တရုတ်ပြည်မှာ တာဝန်မရှိကြောင်း ပြောဆိုထားတယ်။

အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံအများစုရဲ့ အဆင့်မြင့်နည်းပညာတွေကို နည်းမျိုးစုံနဲ့ ခိုးယူပြီး ပုံတူကူး၊ မှီငြမ်းပြင်ဆင်နဲ့ နည်းပညာတိုးတက်လာတဲ့တရုတ်ပြည်မှာ ဒီလိုခိုးယူမှုတွေဟာ အဆန်းတကြယ်တော့မဟုတ်ပါဘူး။ တရုတ်ပြည်ကလည်း ခိုးယူကြောင်း တစ်ခါမျှပင် ဝန်မခံဖူးပါဘူး။

ကုန်သွယ်ရေးမညီမျှမှုပြသနာကြောင့် ဖြစ်လာတဲ့ ကုန်သွယ်ရေးစစ်ပွဲကလည်း မဖြေရှင်းနိုင်သေးဘူး။ ကိုဗစ်ရောဂါကြောင့် ကမ္ဘာကြီးမှာ ဒုက္ခတွေ့နေချိန်မို့ အားလုံးလိုလို စီးပွားရေးတွေကျဆင်းနေကြတယ်။ ထရန့်နဲ့ အနောက်ကမ္ဘာကတော့ ဗိုင်းရပ်ပိုးတွေ တကမ္ဘာလုံးကို ပျံ့နှံ့သွားမှုဟာ တရုတ်ပြည်မှာ တာဝန်ရှိတယ်လို့ ပြောဆိုခဲ့တယ်။

တောင်တရုတ်ပင်လယ်တစ်ခုလုံးလိုလိုကို တရုတ်ကပိုင်ဆိုင်ကြောင်း ကြေညာထားတာကိုလည်း အမေရိကန်ပြည်ထောင်စုက လက်မခံကြောင်း ကြေညာထားတယ်။ အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စုကြီးသုံးခုကိုလည်း အဲဒီဒေသနဲ့ အနီးတစ်ဝိုက်မှာ ချထားစေတယ်။

ဒီပုံအတိုင်းကတော့ တရုတ်အမေရိကန်ဆက်ဆံရေးဟာ ပို၍သာ ဆိုးလာဖွယ်သာ ရှိပါတော့တယ်။