Breaking News

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမှပင် ဝင်ရောက်ယှဉ်ပြိုင်မည်


ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမှပင် ဝင်ရောက်ယှဉ်ပြိုင်မည်

၂၀၁၅ ရွေးကောက်ပွဲထက် နေရာတိုးပြိုင်မည်ဆိုသော်လည်း ရခိုင်နှင့် ရှမ်းပြည်နယ် ဒေသအချို့တွင် ပါဝင်ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်း၊ စွမ်းဆောင်ရည်နှင့် လူမှုရေးကိစ္စရပ်များကြောင့် လက်ရှိလွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း ပြန်လည်ရွေးချယ်မခံရကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်

ဉာဏ်လှိုင်လင်း (Myanmar NOW)
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၂၀




(ဓာတ်ပုံ - စိုးဇေယျာထွန်း/ရိုက်တာ)


လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက်ခံခဲ့ရသူဖြစ်သည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည်လည်း ၎င်း၏မဲဆန္ဒနယ်ဟောင်းဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ NLD ပါတီဒုတိယဥက္ကဋ္ဌ (၁) ဖြစ်သူ ဦးဝင်းမြင့်သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှ လည်းကောင်း၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း တာမွေမြို့နယ်တို့မှလည်းကောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးချယ်ခံခဲ့သည်။

ရွေးကောက်ပွဲအတွက် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦးရွေးချယ်ထားပြီး အမျိုးသားလွှတ်တော် ၁၆၁ နေရာ၊ ပြည်သူ့လွှတ်တော် ၃၁၉ နေရာ၊ ပြည်နယ်နှင့် တိုင်းဒေကြီးလွှတ်တော် ၆၂၂ နေရာ၊ တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟုလည်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှာ ကျန်းမာရေးအရ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တော့မည် မဟုတ်ဘဲ အခြားသော တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များမှာမူ ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ဒေါက်တာဇော်မြင့်မောင်က အတည်ပြုသည်။

ဦးဖြိုးမင်းသိန်းမှအပ ကျန်ဝန်ကြီးများအားလုံး ဝင်ပြိုင်မည်ကို အတည်ပြုခြင်းမရှိဘဲ ၎င်းကိုယ်တိုင်သည်လည်း လက်ရှိမဲဆန္ဒနယ်ဖြစ်သည့် မန္တလေးတိုင်းဒေကြီးလွှတ်တော် အမရပူရမဲဆန္ဒနယ်မှ ဝင်ပြိုင်မည်ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

လက်ရှိအစိုးရအဖွဲ့ထဲမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်၊ ဆောက်လုပ်ရေးဒုတိယဝန်ကြီးဦးကျော်လင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့သည် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၎င်းက အတည်ပြုပြောကြားသည်။

ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများတွင် ဘွဲ့ရပညာတတ် ၈၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၂၀ ရာခိုင်နှုန်း၊ တောင်သူလယ်သမား ၁၂ ရာခိုင်နှုန်းပါဝင်ပြီး လက်ရှိလွှတ်တော်ကိုယ်စားလှယ်များထဲမှ ၂၀ ရာခိုင်နှုန်းမှာမူ ပြန်လည်ပါဝင်တော့မည် မဟုတ်ကြောင်း ၎င်းက ပြောသည်။

လူဟောင်းများထဲမှ ရွေးချယ်မခံရသူများမှာ လွှတ်တော်တွင်း ဆောင်ရွက်ချက် မကောင်းခဲ့သူများ၊ လွှတ်တော်တွင်း စွမ်းဆောင်ရည်ကောင်းသော်လည်း သက်ဆိုင်ရာမြို့နယ် ပါတီအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်မှု မရှိသူများ၊ လူမှုရေးအားနည်းချက်ရှိသူများဖြစ်သည်ဟု ဒေါက်တာဇော်မြင့်မောင်က ရှင်းပြသည်။

"(ကိုယ်စားလှယ်လစာ) လစာ ၂၅ ရာခိုင်နှုန်းမပေး (ပါတီရန်ပုံငွေ မပေးသွင်း) တာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ တော်တော်လေးလျော့လျော့ပေါ့ပေါ့ စဉ်းစားပါတယ်။ အဲဒီအပေါ်မှာတော့ သိပ်ပြီး တင်းတင်းကျပ်ကျပ် မလုပ်ပါဘူး။ ကိုယ်စားလှယ်ဟောင်းတွေ သူတို့ရဲ့ လွှတ်တော်အတွေ့အကြုံအရ တော်တော် Save (ကယ်) လုပ်ပြီး ရွေးပါတယ်" ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားဒေသများရှိ မဲဆန္ဒနယ်များအတွက် ဒေသခံတိုင်းရင်းသားများကိုသာ ရွေးချယ်ထားပြီး ရခိုင်နှင့် ရှမ်းပြည်နယ်ရှိ အချို့ဒေသများတွင် အမျိုးသားလွှတ်တော် ၆ နေရာနှင့် ပြည်သူ့လွှတ်တော် ၁၁ နေရာ ပါဝင်ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

"အရင်တုန်းကလည်း ကိုယ်စားလှယ်လောင်း မရှိခဲ့ပါဘူး (ယခုမပြိုင်သည့်နေရာများတွင်)။ အခုလည်း ကျွန်တော်တို့ တအားအခက်အခဲရှိပါတယ်။ ၂၀၁၅ ထက်စာရင်တော့ တိုးပြိုင်မှာပါ။ သုံးလေးနေရာ လောက်တော့ တိုးပြိုင်နိုင်ပါတယ်" ဟု ၎င်းက ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် တပ်မတော်တပ်ရင်းတပ်ဖွဲ့များ အခြေစိုက်ရာ ရန်ကုန်တိုင်း ကိုကိုကျွန်းနှင့် နေပြည်တော် ဇေယျာသီရိကဲ့သို့သော မြို့နယ်များတွင်လည်း ကျိန်းသေပေါက်ဝင်ပြိုင်မည်ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအ‌ေထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းစာရင်းကို ဇူလိုင် ၂၀ မှ ဩဂုတ် ၇ ရက်အတွင်း တင်သွင်းနိုင်ပြီး ရုပ်သိမ်းလိုပါက ဩဂုတ် ၁၀ ရက် နောက်ဆုံးထားဆောင်ရွက်ရန်နှင့် ကိုယ်စားလှယ်လောင်းစာရင်းကို အချိန်တစ်ပတ်ကြာ စိစစ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။