Breaking News

ဇော်အောင် (မုံရွာ) - မြန်မာကျပ်ငွေရာဇဝင် နဲ့ ယခု 2020 ဗိုလ်ချုပ်ပုံငွေစက္ကူ ၁ထောင်တန်နဲ့ ၅ရာတန်များ




ဇော်အောင် (မုံရွာ) -  မြန်မာကျပ်ငွေရာဇဝင် နဲ့ ယခု 2020 ဗိုလ်ချုပ်ပုံငွေစက္ကူ ၁ထောင်တန်နဲ့ ၅ရာတန်များ

(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၂၀

အင်န်အယ်ဒီ အစိုးရလက်ထက် ဗိုလ်ချုပ်ပုံ ငွေစက္ကူ ပြန်ထုတ်ဝေဖို့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်ခဲ့တာ တပ်မတော်သား ၂၅% က ကန့်ကွက်တဲ့ကြားက အတည်ပြုခဲ့တယ်။ ၃နှစ်နီးပါး ကြာမှ မနေ့က ၅၀၀ကျပ်တန် ငွေစက္ကူများကို အစိုးရဘဏ်မှာ တယောက် ၂ရွက် လဲပေးပါတယ်။ ဒီနှစ် 19-July-2020 အာဇာနည်နေ့ အမှတ်တရ ပါ။ ပုသိမ် မ.စ.ဘ အစိုးရဘဏ်မှာ ၂ရွက် လဲတယ်။ ဘဏ်ရှေ့မှာ စားပွဲချပြီး လူတွေကို လဲပေးရင် လူတန်းကြီး တော်တော်ရှည်မယ်။ အခုတော့ ဘဏ်အတွင်းထဲ ဝင်ပြီး ငွေတိုက် နောက်ပေါက်မှာ ပြည်သူတွေ တစ်ယောက် ၂ရွက် လဲပေးပါတယ်။

တစ်ထောင်တန် ဗိုလ်ချုပ်ခေါင်းပုံ ငွေစက္ကူကတော့ မနှစ်က ထုတ်ပေးပြီး၊ အပြင်မှာ မူးလို့ တောင် ရှုစရာမရှိ။ ရှားပါး တယ်။ အစိုးရဝန်ထမ်း ပင်စင်စားတစ်ယောက်ဆီက တစ်ရွက်ရထားလို့ အခု ဒီဆောင်းပါး ပြန်တင်လိုက်ပါတယ်။


မြန်မာကျပ်ငွေ ရာဇဝင်
1990 တုန်းကပေါ့ဗျာ။
အမေရိကန်တစ်ဒေါ်လာ ၃၀ကျပ်
စင်ကာပူတစ်ဒေါ်လာ ၄၅ကျပ်
တိုက်ခန်းတစ်ခု ၃သိန်း၊ ဟိုင်းလတ်ကားတစ်စီး ၃သိန်း၊ တယ်လီဖုန်းတစ်လုံး ၃သိန်း၊ ဒန်ပေါက်တစ်ပွဲ ၅ကျပ်

2007 သံယာအရေးအခင်းကျတော့
အမေရိကန်တစ်ဒေါ်လာ ၁၃၅၀ကျပ်
စင်ကာပူတစ်ဒေါ်လာ ၉၀၀ကျပ်
တိုက်ခန်းတစ်ခု ၃၀၀သိန်း၊ ဟိုင်းလက်တစ်စီး ၃၀၀သိန်း၊ တယ်လီဖုန်းတစ်လုံး ၂၅သိန်း၊ ဒန်ပေါက်တစ်ပွဲ ၈၀၀ကျပ်

2011 ရောက်ပါပြီ၊
အမေရိကန်တစ်ဒေါ်လာ ၇၅၀ကျပ်
စင်ကာပူတစ်ဒေါ်လာ ၆၂၀ကျပ် .. ဟိုက် ... ကျလှချည်လား...
တိုက်ခန်းတစ်ခု ၅၀၀ သိန်း၊ ဟိုင်းလက်တစ်စီး ၂၀၀ သိန်း၊ တယ်လီဖုန်းတစ်လုံး ၅ သိန်း၊ ဒန်ပေါက်တစ်ပွဲ ၁၂၀၀ကျပ်

(မှန်းချေ၊ ဈေးနှုန်းဖြစ်သည်)။


မြန်မာနိုင်ငံ၏ GDP ppp ကုန်ထုတ်စွမ်းအားသည် ၁၉၉၉ခုနှစ် 14 billion သာရှိခဲ့သည်။ ထိုင်းနိုင်ငံသို့ ရတနာဓါတ်ငွေ့ပိုက်လိုင်းပြီးစီးကာ စတင် ရောင်းချသည်မှစပြီး တဟုန်ထိုးတက်လာသည်။ ၂၀၁၀တွင် 77 billion ရောက်ရှိပြီး၊ နိုင်ငံခြားရင်းနှီးမြုတ်နှံမှု Foreign Direct Investment FDI 2011 တွင် 20 billions ရရှိပြီး၊ ဗီယက်နမ်နိုင်ငံထက် များမည်ဟုဆိုသည်။ ကောင်းသောအလားအလာများဖြစ်ပါသည်။ မြန်မာအစိုးရသစ်တွင် ပြုပြင်ပြောင်လဲလိုသူများ Reformists နှင့် လက်ရှိအရေးပါနေရာသောစီးပွားလုပ်ကွက်များတွင် ရှိနေသည့် လူဟောင်းများ (မီဒီယာများတွင် ခရိုနီဟု ခေါ်ခံရသူများ) ရှိနေပါသည်။ သမ္မတဦးသိန်းစိန်အစိုးရက ဦးဆောင်ပြောင်းလဲ လုပ်ဆောင်ရာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံပါတီများလည်း အပြုသဘောလုပ်ဆောင်လျှက်ရှိသည်။

တိုင်းပြည်တည်ထောင်ရန်အတွက် မီဒိယာကို ဖွင့်ပေးလာခြင်း၊ စီးပွားရေးလုပ်ငန်းများမှ အခွန်ကောက်နိုင်ရန်လုပ်ဆောင်ရင်း၊ ယခု ၂နှစ်အတွင်း မြန်မာကျပ်ငွေသည် အလွန်ခိုင်မာလာသည်ကို အံ့သြဘွယ်တွေ့ရသည်။ ၂နှစ်အတွင် အမေရိကန်တစ်ဒေါ်လာသည် ကျပ်ငွေ ၉၀၀အောက်သို့ ကျဆင်းသွားသောကြောင့်၊ အခက်အခဲများစွာ တွေ့လာရသည်။ စီးပွားရေးအကြံပေးအဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ရင်းနှီးသူ ဒေါက်တာဦးမြင့်ကို ခန့်ထားရာမှ၊ အကြံပေးမှုများကို မီဒီယာများတွင် တွေ့ရပါသည်။ အစိုးရသစ်က မည်သို့ နိုင်ငံခြားရင်းနှီးမြုတ်နှံမှုရရှိရေးအတွက် ဆွဲဆောင်မှုများစွာရှိသော်လည်း နိုင်ငံခြားမှ အထူးစီးပွားရေးကုမဏ္ဍီများသာ လာရောက်ကြသည်။ ဥပမာ.. ဓါတ်ငွေ့၊ ရေနံ၊ ရေအားလျှပ်စစ်၊ ကျောက်စိမ်း၊ သစ်၊ အထည်ချုပ်၊ စသည့်လုပ်ငန်းများဖြစ်သည်။

မြန်မာကျပ်ငွေကို 1-Jul-1952 တွင်စတင်ခဲ့သည်။ တစ်ကျပ်လျှင် အိန္နိယ တရူပီးသတ်မှတ်ခဲ့သည်။
ထိုအချိန်တွင် US$1=4.7619 Kyat = 4.7619 Indian Rupees ပေါက်ဈေးရှိသည်။
အနီးစပ်ဆုံး US$1.00 ပေါက်ဈေးများကို မြန်မာ့နိုင်ငံရေးဖြစ်ရပ်များနှင့် အမှတ်တရလေ့လာနိုင်ပါသည်။

Year...US$1=Kyat..S$1=Kyat...မြန်မာနိုင်ငံ၊အထင်ကရဖြစ်ရပ်များ...US1=S$

1952..4.76.............14.22.........အိန္နိယငွေကြေးမှခွဲထွက်................3.03
1962..4.76.............14.22.........ဗိုလ်ချုပ်နေဝင်းအာဏာသိမ်း...........3.03

1972..8..................22..............started black market rate.......2.81

1982..20................42..............အစိုးရပေါက်ဈေး 1US$=5kyats...2.13

1988..27................55..............ရှစ်လေးလုံး၊ စစ်အာဏာသိမ်း...........2.01
1990..30................50..............ဗိုလ်ချုပ်သန်းရွှေ၊တပ်ချုပ်ဖြစ်...........1.81

1995..113..............80...............................................................1.41

1997..178.............120.............မြန်မာဘဏ်များပြသနာဖြစ်..............1.48


1998..334.............200.............ASEAN စီးပွားကပ်ဆိုက်.................1.67
2000..344.............200...........မြန်မာပြည်၊နိုင်ငံခြားနှင့်အဆက်ဖက်....1.72
2001..448..............250..............................................................1.79

2002..591..............330,.............................................................1.79

2003..1044............600...........ဒိပဲယင်းအရေးခင်း...........................1.74

2004...879.............520...........ဗိုလ်ချုပ်ခင်ညွန့်၊တာဝန်ရပ်နား............1.69
2005...913.............550..............................................................1.66

2006..1264............800.............................................................1..58
2007..1350............900...........စက်တင်ဘာ၊သံယာအရေးခင်း.............1.50
2008..1269............900...........မေလ.. နာဂစ်မုန်တိုင်း..ခြေ/ဥ.............1.41
2009..1233............850........အမေရိကန်လွှတ်အမတ် Jim Webb လာ..1.45

2010...945.............700........ပုဂ္ဂလိကပိုင်ဆိုင်မှု၊ ရွေးကောက်ပွဲကြံ့ဖွံ့နိုင်...1.35
2011...750.............620.........လွှတ်တော်ခေါ်၊ သမ္မတဦးသိန်းစိန်..........1.21

2015...1100...........700...ဇေကမ္ဘာဝင်း မူယစ်ပိုင်ရှင်မဲ့ ကမ္ဘ့စံချိန်တင်ဖမ်းမိ..1.25
2020...1400..........1000........၂၀၂၀ ကိုဗစ် + ရွေးကောက်ပွဲကျင်ပမည်။ ...1.40

ကျပ်ငွေသမိုင်း ဇယားကို့မှတ်တမ်းတင်ပါသည်။
.

 ၂၀၁၁ လွှတ်တော်တွင် အစိုးရငွေဈေးမှာ US$1.00= Kyat 6.50 ဖြစ်နေခြင်းကို နှုန်းသစ်သတ်မှတ်ရန်ဆွေးနွေးနေကြပါသည်။ ကျွန်တော် ပြည်ပတွင်နှစ်ပေါင်း၂၀ အလုပ်သွားလုပ်ရသောကြောင့် မြန်မာပြည်ကြီး ရှိတာအကုန်ထုတ်ရောင်းရခြင်းကိုပဲ စိတ်ပျက်ပြီး၊ မြန်မာ့စိးပွားရေးကိုလည်း လုံးဝနားမလည်ပါ။ ယခုအစိုးရသစ်အနေနှင့် ကျပ်ငွေတန်ဖိုးမြင့်အောင်လုပ်နိုင်ခြင်းအတွက် စိတ်အားတက်မိပါသည်။

ကမ္ဘာစီးပွားရေးကို ကြည့်ပါက၊ ၂၀၀၈ အမေရိကန်စီးပွားရေးကပ်ကဲ့သို့ ထပ်မံဖြစ်လာမည့် အရိပ်ယောင်ပြနေပါသည်။ စီးပွားရေးမကောင်းလျှင့် အိမ်ယာဈေးများ တက်လာလေ့ရှိသည်။ မြန်မာပြည်တွင်လည်း အိမ်ယာဈေးများတက်နေပါသည်။ စီးပွားရေးကျဆင်းမည့်ပုံရှိသည့် နိုင်ငံများတွင်လည်း အိမ်ယာဈေးများတက်လာပြန်ပါသည်။ ယခု စင်ကာပူတွင် လာရောက်အလုပ်လုပ်ကြသော မြန်မာများအဖို့ အခက်အခဲများ ကြုံတွေ့နေရပြီဖြစ်သည်။ အလုပ်ပါမစ်များ ဆက်မတိုးပေးခြင်း၊ အသစ်ချမပေးခြင်း၊ အိမ်ဈေးများကြီးလာခြင်းအပြင် မြန်မာပြည်ငွေပို့လျှင့် ဒေါ်လာပိုကုန်ကျလာသောကြောင့် နိုင်ငံခြားလုပ်ရသည်မှာ မကိုက်တော့ဘူး ဖြစ်လာကြပါသည်။

မြန်မာအစိုးရအဖို့ အရှေ့တောင်အားရှနိုင်ငံများတွင် စင်ကာပူကိုမှီရန် မဖြစ်နိုင်ပါ။ တစ်ဦးချင်းဝင်ငွေတွင် စင်ကာပူသည် နော်ဝေး၊ ကာတာ စသည့်နိုင်ငံငယ်များနှင့် ယှဉ်ပြီး ထိတ်တန်းတွင်ရှိနေပါသည်။ စင်ကာပူသည် ငယ်သော်လည်း၊ GDP တွင် အရှေ့တောင်အာရှအဆင့်ပင် ဗီယက်နမ်၊ မြန်မာနိုင်ငံကြီးများထက် ၂ဆမျှသာလွန်သေးသည်။ GDP မြင့်များလာပါက ထိုနိုင်ငံငွေကြေးကို ကမ္ဘာကအသိအမှတ်ပြုရသည်။ နိုင်ငံချမ်းသာလာခြင်းဟု ပြောနိုင်ပါသည်။

GDP ကုန်ထုတ်စွမ်းအား တိုးတက်လာသောအခါ၊ အစိုးရက အခွန်များများရပါသည်။ အစိုးရအခွန်ကောက်ရငွေသည် GDP ၏ ၁၀ရာနှုန်းခန့် ရရှိပြီး၊ ထိုငွေဖြင့် စစ်ရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ လမ်း၊တံတား၊ လူနေအိမ်တည်ဆောက်ခြင်းများကို လုပ်ရသည်။ စင်ကာပူတွင် လူများဝင်ငွေမှ ၃၀% ခန့်ကို CPF ဟုခေါ်သော စနစ်ဖြင့် မစုမနေရ၊ စုဆောင်းခိုင်းထားသည်။ ထိုငွေဖြင့် နိုင်ငံ၊ခေါင်းဆောာင်၊ စီးပွားပညာရှင်များက ပြန်လည်ရင်းနှီးရင် တိုင်းပြည်ပိုမိုချမ်းသာလာပါသည်။ အောက်ပါဇယားအရ၊ မြန်မာနိုင်ငံ GDP တဟုန်ထိုးတက်လာသည်။ ဗီယက်နမ်ကို ကျော်ပြီးလျှင် စင်ကာပူ၊ မလေးရှားကို မှီရန် ပြည်ပရောက်၊ မြန်မာများ၊ ပြည်တော်ပြန်လာမှဖြစ်ပါမည်။ အခုပြန်လို့မရပါ။ အလုပ်မရှိ၊ စီးပွားရပ်ချိန်ခဏစောင့်ရန်ဖြစ်သည်။ နိုင်ငံစုဆောင်းငွေ Foreign Reserve Money များလာရမည်။ Foreign Direct Investment FDI များစွာရှိရမည်။ အခွန်ရှောင်ပြေးသူ (Corruption) နည်းရမည်။ ထိုအချိန်တွင် ကျွန်ုပ်တို့အတွက် အလုပ်အကိုင်များရှိလာပြီး ပြန်နိုင်မည်ဖြစ်သည်။

အမေရိကန်ဒေါ်လာနှင့် ငွေလဲနှုန်းသမိုင်းကို လေ့လာပါက၊ စင်ကာပူ၊ ဂျပန်၊ ဂျာမဏီ၊ ဆွဒ်ဇာလန် နိုင်ငံများမှာ ငွေကြေးအလွန်ခိုင်မာသည်ကို တွေ့နိုင်သည်။ http://fx.sauder.ubc.ca/etc/USDpages.pdf ၊ အမေရိကန်ဒေါ်လာသည်လည်း အခြားငွေကြေးများနှင့်ယှဉ်ပါက တော်တော်ခိုင်မာနေဆဲဖြစ်သည်။ စီးပွားအင်အားအကြီးဆုံး ဖြစ်နေဆဲပင် ဖြစ်သည်။ ကျပ်ငွေ ခိုင်မာခြင်းဖြင့်၊ ပြည်ပရောက်မြန်မာများထံမှ ဝင်ငွေခွန်ကောက်စရာမလိုတော့ပါ။ သူတို့မျာနိုင်ငံခြားငွေရှာပေးသူများဖြစ်သည်။ ယခုအခါ ၁၀% မှ ၂% သို့ ခေတ္တလျှော့ကောက်နေပါသည်။ ကောင်းပါသည်။ နိုင်ငံတကာတွင် ပြည်ပလုပ်ကိုင်သူများကို ဝင်ငွေခွန်မကောက်ကြပါ။

မည်သို့ပင်ဖြစ်စေ၊ ကျပ်ငွေတန်ဖိုးတက်လာခြင်းကို ကြိုဆိုရပါသည်။

လွန်ခဲ့တဲ့ ၉နှစ် 21-Sept-2011 ဆောင်းပါးပေမဲ့ ခေတ်မီနေဆဲပါ။ပြည်ပ အလုပ်လုပ်တဲ့ မြန်မာများ အခွန်မကောက်တော့တာ 2013 ကတည်းကပါ။


ပြန်သုံးသပ်ရရင်

ဗိုလ်ချုပ်အောင်ဆန်းပုံ ငွေစက္ကူများ ပြန်ပေါ်လာတာ အစိုးရခိုင်မာနေကြောင်း ပြသနေပါတယ်။ တပ်မတော်ကန့်ကွက်မှုကြားက ထုတ်လုပ်ပြနေခြင်းဟာ..လူတွေကို အပြောင်းအလဲ မိုတီဗိတ် Motivate (တွန်းအားကြီးတစ်ရပ်ဖြစ်ပါကြောင်း)။ ဗိုလ်ချုပ်အောင်ဆန်းကို နေရာပြန်ပေးပြီး အာဇာနည်နေ့ကို မမေ့နိုင် ၁၉ ဇူ လိုင် နေ့အတွက် ဝမ်းမြောက်စရာ ဖြစ်ကြောင်း ရေးလိုက်ပါတယ်ခင်ဗျား။

2020-July ရောက်ပါပြီ၊
အမေရိကန်တစ်ဒေါ်လာ 1385ကျပ် (မနှစ်က 1600 မှ ကျဆင်းလာ)
စင်ကာပူတစ်ဒေါ်လာ ကျပ် 1000.. (စင်ကာပူငွေ ခိုင်မာခြင်း)..
တိုက်ခန်းတစ်ခု 300 သိန်း၊ ဟိုင်းလက်တစ်စီး 150 သိန်း၊ တယ်လီဖုန်းတစ်လုံး 1သိန်း၊ ဒန်ပေါက်တစ်ပွဲ 3000 ကျပ်

ဖတ်ရှုသူတိုင်း ကျန်းမာကြပါစေ။

ဇော်အောင် (မုံရွာ)