Breaking News

ဖိုးရွှေညီမှိုင်း၊ ဟာရှိန်း၊ ဝေမွန်းအောင်တို့၏ ဖားကန့်ကြေကွဲဖြစ်ရပ်ကဗျာများ


ဖားကန့်ကြေကွဲဖြစ်ရပ်ကဗျာများ 
(မိုးမခ) ဇူလိုင် ၇၊ ၂၀၂၀

ဖားကန့်ကဗျာ
ဖိုးရွှေညီမှိုင်း

စာရွက်တွေ
ဒီစာရွက်တွေ
ဒီအပေါ်မှာ ရေးထားသမျှ
ဒါက "ဥပဒေ"တဲ့။

ဘဝတွေ
ဒီဘဝတွေ
ဒီအပေါ်မှာ ဖြစ်သွားသမျှ
ဒါက "လောဘတွေ"တဲ့။

ကမ္ဘာဆုံးအထိ
တို့အမုန်းက မကြေသေး၊
သွေးကို သွေးချင်း
အရင်း ရအောင်ယူမယ်။

ဘဝ ရင်းထားတဲ့ ချစ်သူတွေ
အတူတူနေပြီး အတူတူသေသွားဖို့
တို့တတွေ ဝန်မလေးလို့
ကိုယ့်လမ်းနဲ့ကိုယ်သာ
ဆက်ကြပါစို့ကွယ်။

၂၀၂၀ ဇူလိုင် ၇
...

အားကောင်းမောင်းသန် အိပ်မက်
ဟာရှိန်း

ကြေကွဲဖွယ် သံစဥ်ဆိုတာကလည်း
နုတ်စ်တစ်ချက်ပြောင်းသွားတာနဲ့
ကြောက်မက်တုန်လှုပ်ဖွယ်ရာ ဖြစ်သွားနိုင်
ယုံကြည်ချက်ဆိုတာကလည်း
လုပ်ကွက်လေးတစ်ခုရတာနဲ့ ပြိုလဲသွားနိုင်
ဒဏ်ရာတွေတင်ဆောင်လာတဲ့အရွေ့တစ်ခုထဲ
သမိုင်းကို အတုလုပ်မယ့်
ဘဝကို သရုပ်ဖျက်မယ့်
ပျော်ရွှင်ခြင်းအယောင်ဆောင်ထားတဲ့ လောကမာယာတွေ
ဘာမှတော့ ကြောက်စရာမရှိပါဘူး 
ဘာမှလည်း မျှော်ကိုးစရာမရှိပါဘူး အချစ်ရယ် 
နေဝင်ချိန်တွေဘယ်လောက်လှလှ
အမှောင်ထုဟာ ရောက်လာမှာပဲ
စိတ်ချလက်ချမအိပ်နိုင်တဲ့ ညတွေကိုယ်တိုင် ရောက်လာဦးမှာပဲ
ဘယ်လိုလင်းပွင့်မှုမျိုးမှ မတတ်နိုင်တဲ့ ညတွေ
အဲဒီလိုညတွေကို အောင်မြင်စွာ ဖြတ်ကျော်ခဲ့ဖူးသူတို့ရဲ့ အသက်ရှုသံကိုပဲ 
နားစွင့် အားယူကြစို့ အချစ်ရယ်
တချိန်ချိန်တော့ ပျော်ပျော်ရွှင်ရွှင် အိပ်ရာဝင်ချင်တယ်။

၂၀၂၀
...

ဒီညနေ မိုးသည်းထဲမှာ
ဝေမွန်းအောင်

ငါတို့ရဲ့
ပစ်စလက်ခတ် ရက်စွဲတွေပဲ
ဘာမှမဟုတ်သလို
ဗရုတ်သုတ်ခ အိုးနင်းခွက်နင်းပဲ
ငါတို့ဟာ နယ်ရုပ်တွေ
ငါတို့ဟာ ကောက်သင်းကောက်တွေ
ဆေးစွဲ အရက်စွဲ
လောင်းကစားစွဲကောင်တွေလို့
သိမ်းကြုံး ဝါးလုံးရမ်းခံတွေ
ဆာတန်ဟာ မြေစာပုံမှာ ခေါင်သူကြီးပဲ
ဘုရားသခင်ကတော့ သာမန်ရေမဆေးပဲ
မော်မကြည့်ရဲ
အုတ်အော်သောင်းနင်းဇာတ်လမ်းတွေ
ပြည့်လျှံ‌နေတဲ့
ဖားကန့်ရဲ့ ဖြစ်ပျက်သတိသံဝေ
အခုတော့ ရေမဆေးတွေ ရေဆေးပြီး
မြေပြန်မြှုပ်ခံနေရပြီ
ကံကြမ္မာဟာ
ဘုံလုံတလှည့် ငါးပျံတစ်လှည့်
အဂျာရဲ့ ညနေခင်းအရက်ဆိုင်လေး
ဒီညနေတွေ ရောင်းကောင်းတော့မှာမဟုတ်။