Breaking News

ဇူလိုင် ၇ ရက် ၁၉၆၂ -ဦးညွတ်ခြင်းကဗျာများ(ဒဂုန်ဆောင် သဟာယနှင့် စာဘတ်အသင်းသစ် )


"ဥဒါန်းမကြေကဗျာများ"
ဇူလိုင် ၇ ရက် ၁၉၆၂ -အထိမ်းအမှတ် ကဗျာများ(ဒဂုန်ဆောင် သဟာယနှင့် စာဘတ်အသင်းသစ် )
(မိုးမခ) ဇူလိုင် ၇၊ ၂၀၂၀

( ဇူလိုင် ၇ ရက် ၁၉၆၂ နေ့တွင် ကျဆုံးသွားခဲ့သည့် ကျောင်းသားများအား ဦးညွတ်သည့်အနေဖြင့် နောက် (၇)လအကြာတွင် ထုတ်ဝေခဲ့သည်ဟု ဖော်ပြထားသော "ဥဒါန်းမကြေ" ကဗျာစာစောင်ပါ ကဗျာအချို့ကို မူရင်းသတ်ပုံအတိုင်း ပြန်လည်ရိုက်နှက်ဖော်ပြအပ်ပါသည်။
မိုးမခ
.....
မြက်ခင်းနီ မှတ်တမ်းကလေး
မောင်နွယ်သွေး

"မြက်ခင်းနီသည်"
ယုံကြည်ဘယ်သူရှိမည်နည်း။
မယုံကြည်လျှင် ပြောပြချင်၏
ပုံပြင်တော့လည်း မဟုတ်ပါ။

အခါသင့်လျှင်..
အသင်သွားရောက်၊ သတင်းထောက်၍
ရှောံသည့်လမ်းဘေး၊ မြက်ခင်းလေးကို
မေးကြည့်သောအခါ၊ ပြန်ပြောလာမည်
ရှိုက်ကာ ငိုကာနှင့်တကား...

သည်နေရာတွင်...
အခါကြိမ်မျှ များလှကျောင်းသား
စုပေါင်းအားနှင့်၊ လားသွားပျော်ရွှင်
စာပေသင်ရင်း၊ ချစ်ချင်း(ခြင်း) ဆွေးနွေး
လေပြေအေးတွင်၊ မေးလို့ပြောလို့
မောဘို့မမြင်၊ ကျောင်းဥယျာဉ်မှာ 
ခင်မင်စုရုံးခဲ့ကြသည်။

သည််နေရာတွင်...
အခါကြိမ်မျှ ရှိခဲ့ကြ၏
ဂီတ၊ စာနု၊ ဆွေးနွေးမှုဖြင့်
ရတုသဘင်၊ ဆင်ယင်ခန့်ညား
"ကျောင်းသားပွဲတော်"၊ အားလုံးပျော်လို့
အဖေါ်ပေါင်းသင်း စုံခဲ့သည်။

သည်နေရာကို
သာယာကျွန်းမြ၊ တက္ကသီလာ
ခေါ်တွင်ပါလည်း၊ မကြာမီက
မုန်တိုင်းကျ၍၊ မြေခဆောက်အုံ
အုတ်ပုံပြောင်းလွဲ၊ ပန်းတွေလဲကြွေ
ရေတွေလဲနောက်၊ လူလဲပျောက်ခဲ့
ဝင်ရောက်ချဉ်းနင်း၊ ခြေသံပြင်းနှင့် 
မြက်ခင်းတွေပေါ်၊ ကျူးကျော်ဖြတ်ပြေး
မေးသံအော်သံ၊ သေနတ်သံနှင့်
ရှိုက်သံဖုံးလွှမ်း၊ အမှောင်ခန်းဝယ်
ဆင်ကန်းတောတိုး၊ အဖြစ်ဆိုးလျှင်
ကြောရိုးစိမ့်မျှ ကြုံခဲ့သည်။

သည်နေ့မှစ...
မစိမ်းမြပြီ၊ စီးကျမျက်ရေ
သွေးနှင့်ဝေလို့၊ မြေနှင့်မြက်ခင်း
လိမ်းကျံရင်းဖြင့်၊ အဆင်းပြောင်းလွဲ
မြက်လဲမစိမ်း၊ သွေးရှိန်းရှိန်းနီ
ရုပ်မပီပုံ၊ ဇာတ်လမ်းစုံကို...
သင်ယုံကြည်လျှင်၊ မှတ်တမ်းတင်ကာ
သားစဉ်မြေးဆက်၊ သမိုင်းဆက်လို့
ဆက်လက်ပြောကြားကြပါစေ...။ 
(ဇူလိုင် '၇' ရက်နေ့...သို့)
....

နောက်ဆုံးဆန္ဒ
ဝင်းမြင့်ထွန်း (ရန်ကုန်တက္ကသိုလ်)

ငါ့ရင်ဝတွင်၊ ကျည်ဆံဝင်၍
သွေးရှင်လတ်လတ်၊ မပြတ်စီးးဆင်း
ဖြစ်နေခြင်းကြောင့်
သေမင်းင့ါကိုခေါ်နေပြီ။
ငါမသေခင်၊ မှာခဲ့ချင်သည်
လိုအင်ဆန္ဒ၊ မရမခြင်း
အားမာန်တင်း၍
လက်ငင်းတိုက်ပွဲ ဝင်ကြပါ။ ။ 
...

မကွယ်ဝှက်နိုင်သော သစ္စာတရား
မောင်ဝင်းခိုင်( ရန်ကုန်တက္ကသိုလ်)

လူသတ်လက်နှင့်
ချေဖျက်သွေးစွန်း
ထုံးဖြူသွန်းလည်း
ထွန်းထွန်းနီသွေး
ငါတို့သွေးကား ထင်ရှားရဲရဲ ရှိပြီတည်း ။ ။ 
...

ခွပ်ဒေါင်းလံသာ လွင့်ပျံပါစေ
(တက္ကသိုလ်) မောင်လှချော

ပိတောက်ရိပ်ညို...
တက္ကသိုလ်၏ စိမ်းစိုသာယာ
ဤနေရာသည်၊ ပညာသင်ရာ
စခန်းသာမို့၊ သာယာလွင့်ပျံ
ခေါင်းလောင်းသံသာ၊ ကြားလိုပါသည်။
ငါတို့ပညာ၊ ဖွေရှာရာ၌
အာဏာပြင်းထန်၊ သေနတ်သံကို
ကြားရန်ဆန္ဒမရှိပါ။ 

ကျောင်းတော်မြေတွင်
ကျူးနင်းဝင်လာ၊ စစ်ခြေရာအား
တို့များမျက်မြင်၊ မတွေ့ချင်ပြီ
မောင်းနှင်ထုတ်ပစ်ကြပါစို့။ 

တို့ကျောင်းမြေတွင်
မသွေညီတူ၊ ကျောင်းသူကျောင်းသား
ခြေရာများပင်၊ တို့မြင်ချင်၏။

ိတို့ကျောင်းဝန်းကျင်
လေညှင်းတွင်လည်း ၊ လွင်လွင် ကြိုင်ပျံ
ပန်းရနံ့ပင်၊ ထုံစေချင်၏။

တို့ကျောင်းဝန်းကျင်
လေညှင်းတွင်မူ၊ လွင်လွင်စေ့စေ့
ယမ်းငွေ့ယမ်းခိုး၊ အနံ့ဆိုးတို့
စိုးမိုးမနေစေချင်ပြီတကား။ 

တို့ပတ်ဝန်းကျင်
ကောင်းကင်တွင်မူ၊ ပျော်ရွှင်ပျံလွှား
ချိုးငှက်များပင်၊ တို့မြင်ချင်၏
တို့ကိုဖျက်စီး၊ စစ်မီးလောင်စာ
တင်ဆောင်လာသည့်၊ ကမ္ဘာဖဲကြဉ်
စစ်လေယာဉ်ကို၊ တို့်လျှင် မမြင်လိုကြပြီ...။

အော် ...ပိတောက်ရိပ်ညို၊ တက္ကသိုလ်တွင်
တို့ကိုလမ်းညွှန်၊  အားသစ်သွန်သည့်
တံခွန်သဏ္ဍန်၊ ခွပ်ဒေါင်းလံအား
လွင့်ပျံမော်ဝင့် နေစေချင်တကား။ ။ 
...
ပန်းတော်ဆက်ချိန် သင့်ပါငဲ့
ခင်သက်ထား(မြစ်ကြီးနား)

ကန့်ကော်ပွင့်တွေ၊ မြကျွန်းမြေမှာ
ဝေဝေလန်းဆတ်နေပြီကွယ်...။

ဟိုနှစ်များလို။ တွေးပိုပိုနဲ့
အိုလေ ညတိုင်း၊ တု့ံမဆိုင်းဘဲ
ပန်းကိုင်းလေးများ၊ ပို့မလားလို့
စောင့်စားမျှော်မိပါသေးတယ်။

ပန်းလဲမလာ၊ စာလဲမရောက်
ကြယ်ပြောက်တွေလင်း၊ ညအခင်းမှာ
ကြည့်ရင်း ရင်ဖိုပါတယ်မောင်။

ဝဿန်ဦးခါ၊ ညဆည်းစျာဝယ်
ပန်းညှာသို့ကြွေ၊ ကျွမ်းသက်ဝေငဲ့
ရက်တွေရှည်မြင့်၊ လှမ်းကွာမင့်လဲ
ရင်နင့်လွမ်းနာ၊ ဖြေမသာပြီ။

အော်.... သက်လျာဝိညာဉ်
ဘယ်တွင်စံမြန်း၊ သိချင်စမ်းသည်
ပန်းကလေးတွေရယ် လမ်းညွှန်ဦး ...။ ။
...
သည်ပန်းကိုမှ ချွေရက်တယ်
(ရွှေမြိုင်) မခင်သစ်

စိန်ပန်းကြွေလည်း၊ နောက်နွေရောက်က
ပွင့်လှနီတျာ ဖြာဦးမည်။

ပိတောက်ကြွေလည်း၊ နောက်နွေရောက်က
ပွင့်လှဝါရွှေ ဝေဦးမည်။

ကန့်ကော်ကြွေလည်း၊ နောက်နွေရောက်က
ပွင့်လှနံံကြိုင်၊ လှိုင်ဦးမည်။

သို့တစေ...မချွေမိုးသက်
မဖျက်လေကြမ်း၊ ယမ်းငွေ့လွှမ်းသော
ပန်းတို့တောမှာ၊ ရောနှောကြွေညှိုး
'ပန်းတမျိုး' တွက်၊ ဒီတသက်တွင်
ပွင့်ရက်မမြင်တော့ပြီတကား။

တွေးမိလေတိုင်း၊ မျက်ရည်ဝိုင်းဝေ့
မြေ့မြေ့လှိုက်ဆူ၊ ရင်၌ပူရ
ကိုယ့်သောကကို မြေခပန်းများ သိပါကွယ်။ ။