Breaking News

ဂျူနီယာဝင်း - ကိုဗစ်၏အလွန်


ဂျူနီယာဝင်း - ကိုဗစ်၏အလွန်

(မိုးမခ) ဇူလိုင် ၈၊ ၂၀၂၀

ကိုဗစ်အလွန်ကာလမသွားခင် ကိုဗစ် ကိုရိုနာအကြောင်း စပါ့မယ်။

ကိုရိုနာဗိုင်းရပ်စ် ဆယ့်ကိုးဆိုတာ  ...
ကိုရိုနာဗိုင်းရပ်စ် coronavirus အမည်က လက်တင် စကားလုံး corona ကိုရိုနာကလာပါတယ်။ တိုက်ရိုက် အဓိပ္ပယ်က သရဖူတဲ့။ ယနေ့ ပြောဆိုနေကြတဲ့ ကိုဗစ် ဆယ့်ကိုး covid19 ဆိုတာ 2019 - nCoV ဖြစ်ပါတယ်။ နှစ်ထောင့်ဆယ့်ကိုး ကိုရိုနာဗိုင်းရပ်စ ပါတဲ့။ သူ့ကို SARS-CoV-2 လို့ခေါ်လိုက်ပါတယ်။ ဒါကို တိုက်ရိုက် အခုလို အဓိပ္ပါယ်ဖော်ပါ့မယ်။

Coronavirus - ကိုရိုနာဗိုင်းရစ် ဆိုတဲ့အမည်က အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ ကူးဆက်ရောဂါ ကိုခေါ်တွင်ခြင်းဖြစ်ပါတယ်။

SARS- ဆားစ် ကို SARS-CoV ဆားစ်ကိုရိုနာဗိုင်းရစ် အတိုခေါ်ခြင်းဖြစ်ပါတယ်။ အဲဒါ ၂၀ဝ၂ ၊ ၂၀ဝ၃ ခုနှစ်လောက်ကတည်းက သိထားခဲ့ကြပါတယ်။

MERS- မားစ် ကို MERS-CoV မာစ်းကိုရိုနာဗိုင်းရပ်စ် အတိုကောက် ဖြစ်ပါတယ်. ၂၀၁၂တုန်းက အာရေဘီရန် အရပ်မှာ ရန်ဖန်ရန်ခါ ဖြစ်တတ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးဆက်ရောဂါတမျိူးဖြစ်ပါတယ်။

ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ် ဆိုတဲ့ အဓိပ္ပါယ်ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်မျိူးနွယ် အဖြစ် ခေါ်ဝေါ် ကြတဲ့ အမည် ဟု မှတ်ထားရပါမယ်။

ကိုဗစ် ဆယ့်ကိုးကို SARS-CoV-2 - ဆားစ်ကိုရိုနာဗိုင်းရပ်စ် ၂ လို့ ခေါ်လိုက်တာက သူက ဆားစ်ကိုရိုနာဗိုင်းရစ် ကနေ ဗိုင်းရပ်စ်အသစ်တမျိူး ဖြစ်လို့  ၂ လို့ တပ်လိုက်ပုံပါပဲ။ စစချင်းမှာ လင်းနို့တွေကနေ သည်ရောဂါ စဖြစ်တယ်လို့ ယူဆတာလို့ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် အခုထိတော့ ဒါကို အတည်မပြုနိုင်သေးပါဘူး။ သူ့ရဲ့ ရောဂါဇစ်မြစ်ဟာ ဆားစ် လင်းနို့တွေကနေ ဖြစ်လာတဲ့ပုံစံ ဆားစ် နဲ့တော်တော် ကြီးတူတယ်လို့ ဆိုထားပါတယ်။ ၂၀၂၀ ဧပြီလ ၈ ရက်နေ့ ရက်စွဲနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို အဆင့် ၃ဆင့် သတ်မှတ်ခဲ့ပါတယ်။ ဒါကို Type A, B , C လို့ အမည်တပ်ပါတယ်။ ကင်းဘရစ်တက္ကသိုလ်က တရားဝင် မှတ်တမ်းပါ။ Type A က ဝူဟန်က လင်းနို့တွေဆီကနေ ဖြစ်လာတဲ့ ပုံစံဖြစ်သော်လည်း တကယ်တန်း ဒီဗိုင်းရပ်စ ဖြစ်ပွားမူများဟာ တရုတ်မှာ ဒါလောက်မဟုတ်ပဲ အမေရိကနဲ့ သြစတေးလျမှာ ဖြစ်နေတဲ့ ပုံစံဖြစ်ပါတယ်။ Type B က ဝူဟန်မှာ အဓိကဖြစ် ပွားတဲ့ ဗိုင်းရစ် ပုံစံဖြစ်ပါတယ်။ Type B ကို တရုတ်မှာတွေ့ခဲ့ပီး Type C က ပြင်သစ် အီတလီ စပိန် အီရန်နဲ့ ဥရောပါမှာ ဖြစ်ပွားတဲ့ ပုံစံဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် ဂျွန်လ ၉ ရက်နေ့ စီဂါဆယ်မျူရယ် ရေးသားသော အင်တာနက် ဆောင်းပါးတစ်ပုဒ်ကို ကိုးကားပါတယ်။ သူက ကွာရန်တင်းက ကျွန်တော်တို့ကို ပြောင်းလဲပေးလိုက်တယ်။ အားလုံးသိပ်တော့မဆိုးလှပါဘူး လို့ခေါင်းစဉ်တပ်ထားပါတယ်။ ပြီးတော့ လော့ဒေါင်းပြီးသွားတဲ့နောက် သူတို့မှာ လူတွေမှာ အကျင့် ၈ ခု ရခဲ့ပါတယ်တဲ့။ အဲဒါကို ဒီကလူကလည်း လိုက်ဖတ်ရင်းတူတာတွေများလို့ ဆောင်းပါးတစ်ပုဒ် ရေးပါမယ်။

မြို့တံခါးတွေဖွင့်လိုက်ပီ။ လော့ဒေါင်းကိုလည်း ဖယ်လိုက်ပါပီတဲ့။ လူတချိူ့ကတော့ အရင်အတိုင်း ပြန်ရောက်ပီလို့ ခံစားမိကြ သောလည်းပဲပေါ့လေ နှေးနှေးကွေးကွေးနဲ့ သိပ်တော့ မမြန်လှဘူးပေါ့တဲ့။

စိတ်တွေက အရင်အတိုင်းဆိုတာကတော့ မဖြစ်သေးပါဘူး။ ဖြစ်ဖို့ အလှမ်းဝေးနေတယ်။ ပြောရရင် မတ်လကုန်ပိုင်းလောက်ကစလို့ သင်္ကြန်ကာလကျော်ပြီး မေလကုန်တိုင် စိတ်တွေ ကျဆင်းပီး နေခဲ့ရတာ နည်းမှမနည်းတာ။ တကယ်ကာယကံရှင်တွေ ဆိုရင်တော့ ပြောမနေပါနဲ့တော့လေ။ သူတို့အကြောင်း တွေ တွေးမိရင် တကယ်စိတ်မကောင်းဖြစ်ရပါတယ်။ အခုတော့ ဘာပဲပြောပြော နည်းနည်း အသက်ရှူချောင်လာပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်စစ်ပွဲအတွင်းမှာ ရခဲ့တဲ့ စိတ်ဒဏ်ရာဟာ အခုစာရေးနေတဲ့တိုင် ခြောက်လှန့်ခံနေရတုန်းပါ။ မပီးသေးဘူး မပီးသေးဘူး ဆိုတဲ့ အသံတွေကို နားပိတ်ထားတဲ့ကြားက ကြားနေဆဲပါ။ ဒါကြောင့်လည်း စိတ်ချမ်းသာအောင် စိတ်ကို ကုစားဖို့ အမျိူးမျိူးသော နည်းတွေနဲ့ ကြိုးစားနေထိုင်ခဲ့ရတယ်။ အဲဒီတုန်းကအခြေအနေမျိူး ပြန်မရောက်ပါရစေနဲ့ ပြန်မရောက်ချင်ဘူး ဘယ်သူမှ ပြန်မသွားချင်ဘူး၊ မာစ်တပ်ထားတဲ့သူတွေရော မာစ်မတပ်ထားတဲ့သူတွေရော ခေါပြီး မေးလိုက်ကြစမ်းပါ ၊ ဘယ်သူမှ ဒီလို ပြန်မဖြစ်ချင်ကြပါဘူး။ ဒါကြောင့် စိတ်တူတဲ့ ငါတို့တတွေက ကောင်းတာလေးတွေ တွေးပီး ကိုယ့်စိတ်ဒဏ်ရာတွေကို ပြန်ကုစားကြမယ်။

အဲသည် အရေးအခင်းထဲမှာ ဆုံးရှူံးသွားတာတွေ အများကြီး။ အသက်တွေရော၊ အလုပ်တွေရော၊ ဘဝတွေရော ။ ဝမ်းနည်းစရာတွေ ငိုချင်စရာတွေ ကိုယ်ချစ်ရတဲ့သူတွေ ဘယ်နယ့်လုပ်ပြီး အရင်အတိုင်း ပြန်ဖြစ်ကြမှာလဲတဲ့။

ကွာရန်တင်းကျနေတုန်း လော့ဒေါင်းကာလထဲ နေရတုန်းလေးမှာ နေထိုင်မူစနစ်က ပြောင်းသွားတယ်။ ကိုယ့်ဘဝတွေကို ပြန်လှန်ကြည့်ဖြစ်တယ်။ ပြုပြင်ဖြစ်တယ်ပေါ့။ အကျင့်အသစ်တွေ လိုက်ဖ် စတိုင်အသစ်တွေ ရလာတယ်။ ဒီတော့ ကွာရန်တင်းအလွန်ကာလ ကိုဗစ်အလွန်ကာလမှာ လူတွေက ကိုဗစ်ကာလကို ပြန်မသွားချင်ကျသောလည်းပဲ ကွာရန်တင်းကိုမကြိုဆိုသောလည်းပဲပေါ့လေ၊ အဲဒီကာလတုန်းက ရခဲ့တဲ့ ဒီအကျင့်စရိုက်တွေကို ဆက်လက် သယ်ယူသွားဖို့ ဆန္ဒတွေ ရှိနေကြပါတယ်။ အဲသည်အကျင့်တွေ စရိုက်တွေက တော့အများကြီးပါပဲတဲ့။ ဒါပေမယ့် အဲသည် အများကြီးထဲမှာ အကျင့် ၈ ခုကတော့ တူကြပါတယ်လို့ဆိုတယ်။

၁။ စားသုံးမူ အသုံးအစွဲ လျော့ချ

တော်တော်များများက အပိုသုံးတွေဖြစ်တဲ့ အကျီအဝတ်အစားတွေ၊ စက်မူပိုင်းဆိုင်ရာ ပစ္စည်းအသစ်တွေကို လျော့ပြီးသုံးဖို့ တွေးမိလာပါတယ်။ လော့ဒေါင်းမှာ အနေကြာလာတော့ အဲဒါတွေကပါ လော့ဒေါင်းဖြစ်လာရင်း နေသားကျသွားတဲ့သဘောဖြစ်နိုင်ပါတယ်။ သူတို့က သည်လို ပြောသတဲ့ အဲဒါတွေက ခဏတာ စိတ် ကျေနပ်မူပေးတာပါ အမြဲတမ်း ထာဝရပျော်ရွှင်မူ မဟုတ်ပါဘူးတဲ့။ တရားတွေဘာတွေရလို့။ တချိူ့ကတော့ အပြင်ထွက်စားသောက်ရတာကို လျော့မယ်တဲ့။ လော့ဒေါင်းကာလ အိမ်ထဲမှာ ရှိတာလေးနဲ့ ရအောင် စားသောက်နေကြရတာက ပိုက်ဆံချွေတာရာရောက်ပြီးး အိမ်ထမင်းဟင်းကို ခံတွင်း တွေ့လာကြပါတယ်တဲ့။ အသစ်အသစ်သော ပစ္စည်းတွေ ဝယ်မသုံးရတာကြာလာတော့ ကိုယ့်ဘာသာကိုယ် လုပ်တတ်ကိုင်တတ်လာပါသတဲ့။

အကျီအဝတ်အစား အသစ် ရှော့ပင်းမထွက်ရ မကြည့်ရ မဝယ်ရတော့ ငွေကုန်သက်သာလာတာ သတိပြုမိလာတယ်။ ကိုယ့်အိမ်ထဲရှိတာတွေက ပျက်နေရင်တောင် ပြင်တတ် သုံးတတ်လာတယ်။ နည်းနည်းပျက်နေရင် အသစ်ကို တမ်းတတတ်တဲ့စိတ် မရှိတော့ဘူး။ ကိုယ့်အားကိုယ်ကိုးတတ်လာတယ်။ အခု စတေးဟုမ်း ကာလမှာ စိတ်တစဖြစ်နေတဲ့စိတ်ရောဂါကိုကုစားဖို့ ကိုယ့်အကျီ ကိုယ်ချူပ်တတ်လာတယ်။ စိတ်ကို အဲ သည်ထဲနှစ်ထားတာ ကြာလာတော့ သတင်းတွေကို မကြည့်မဖတ် ကွန်မင့်တွေ မဖတ် ဖြစ်တော့ဘူး။ ဒေါသစိတ် ပူပန်စိတ်တွေ လျော့လာတယ်။ စိတ်ဟာ ကြည်လင်လန်းဆန်းလာတယ်။


၂။ ကိုယ့်ကိုယ်ကိုယ် ဖိအားတွေ လျော့လာ

ဘဝတလျောက်လုံး မောင်းတင်လာတဲ့စိတ်တွေက အလိုလို လျော့သွားတယ် လို့ သူကဆိုပါတယ်။ အလုပ်ကောင်းကောင်းရဖို့ လုပ်ဖို့ အဲသည်ဟာတွေနောက် တရစပ်လိုက်နေတဲ့စိတ်တွေဟာ ကိုယ့်ကိုယ်ကိုယ် ဖိနေတဲ့ ဖိအားတွေဖြစ်နေတာကို သတိပြုမိလာတယ်တဲ့။ ကွာရန်တင်းက ကိုယ့်ကို ငြိမ်အောင် ဖိပေးလိုက်တယ်။ လူတွေက အလုပ်များနေရတာကို ပဲစဉ်းစားနေကြတာ။ ကိုယ့်အသက်ရှူဖို့တောင် မစဉ်းစားမိတော့ဘူး။ အော် အခုမှ ဘဝဆိုတာ ဘာညာနဲ့ တွေးလာမိကြတယ်။

၃ ။  မိသားစုကို အချိန်ပေး မိတ်ဆွေများကို စဉ်းစားမိလာ

ကိုယ်ပင်ပန်းလာတဲ့အခါ ဘာဖြစ်တတ်သလဲ။ ကိုယ့်မိသားစုကိုသတိရတတ်တယ်တဲ့။ ကိုယ့်သူငယ်ချင်းတွေကို ရင်ဖွင့်ချင်လာတတ်တယ်တဲ့။ အင်း… အဲဒါ ကိုယ်နဲ့မတူဘူး။ ကိုယ်ကတော့ ပင်ပန်းလာရင် တယောက်ထဲပဲ နေချင်တယ်။ ကိုယ့်မိသားစုကို ပဲ ရင်ဖွင့်ချင်တယ်။ ပြောချင်တယ်။ ဒါမှမလုပ်ရရင် ကိုယ်ဘာလုပ်မလဲပေါ့ စဉ်းစားကြည့်တာပါ။ လော့ဒေါင်းကာလကျတော့ မိသားစုပဲ ကိုယ့်ဘေးနားမှာရှိတာဆိုတော့ ဒီကာလကို ကျော်လွှားဖို့ အတူတူ ဖြတ်သန်ကြရတယ်။ ရက်တွေကနေ ရက်သတ္တပတ်တွေ ဖြစ်လာတော့ ကိုယ့်ခံစားချက်တွေ ဘာဖြစ်နေသလဲဆိုတာ သုံးသပ်တတ်လာပါတယ်တဲ့။ အဲသည်မှာတော့ ဆောင်းပါးရေးသူက လူတွေနဲ့ အင်တာဗျူးပြီး သူတို့ ဘယ်သူတွေနဲ့ စကားပြောကြ ဘာကြဆိုတာတွေ အကျယ်တဝင့်ရေးထားတယ်။

ကိုယ်နဲ့နှိူင်းယှဉ်ကြည့်လိုက်တော့ ကိုယ့်ဘာသာကြိုးစားပြီး ဝေဒနာကို ဖြေဖျောက်တတ်နေခဲ့တာ ကြာတာလဲ ပါမှာပေါ့။ လူမူအသိုက်အဝန်းထဲ မဝင်တာလဲ ကြာတာလဲ တကြောင်းမို့ နေသားကျနေခဲ့ပီ ပြောရမှာပါပဲ။

၄ ။ ကောင်းတာလေးတွေ လုပ်ချင်ကိုင်ချင်

ကမ္ဘာလုံးဆိုင်ရာ ကမ္ဘာ့ ကပ်ရောဂါကြီးကြောင့် လူတွေဟာ တပါးသူတွေအတွက် စဉ်းစားပေးလာကြတယ်။ အလှူအတန်းတွေ လုပ်လာတယ်။ သတင်းပလင်းတွေကို စိတ်ဝင်တစားဖြစ်လာတယ်။ စေတနာ့ဝန်ထမ်းတွေ လုပ်ချင်လာတယ်။ ပါဝင်ပတ်သက်လာကြတယ်။ ကိုယ်တိုင် ပါဝင်ကူညီချင်စိတ်တွေ ဖြစ်လာတယ်။ ကမ္ဘာကြီးဒုက္ခရောက်တော့ စိတ်ရောဂါတွေဖြစ်လာတဲ့အခါ စိတ်ကို ကုစားဖို့ ကောင်းတာတွေ ပိုလုပ်လာတယ်လို့ ဆိုတယ်။ ဒီဒုက္ခတွေကို တနေ့ ကျော်လွှားနိုင်ကြမယ် အတူတူ ကျော်လွှားကြမယ်တဲ့ နှေးပါစေလေ တနေ့ ကျော်ဖြတ်နိုင်ရမယ် တဲ့။ ဒီထက်ပိုကောင်းတဲ့ကမ္ဘာကြီး အတူတူ တည်ဆောက်ကြမယ် ဆိုတဲ့ မျော်လင့်ချက်တွေ ဖြစ်လာကြပါတယ်တဲ့။ ဘုရားရှိခိုးရင်း ကမ္ဘာကြီးအတွက်တောင် ဆုတောင်းလာကြတယ်။ ကောင်းတဲ့စိတ်ကလေးတွေ ဖြစ်လာပီး ကောင်းမူကုသိုလ်တွေ များများလုပ်လာကြတတယ်ပေါ့။ ရန်သူမိတ်ဆွေ မခွဲခြားတော့ဘူး။ အားလုံးနေကောင်း ကျန်းမာဖို့အရေး ဟိုဆေးစားသည်ဆေးညွန်း တယောက်နဲ့တယောက် တစိမ်းတွေလည်း သံယောဇဉ်တွေဖြစ်လာကြတယ်။ အားလုံးနေကောင်းကျမ်းမာမှ ကိုယ်လည်း လန်းမယ် မဟုတ်လား။

၅။ နေ့စဉ် ကိုယ်လက်လှူပ်ရှား

ဒိအဖြေကလည်း လူတိုင်းနည်းပါးလောက် တူကြတယ် ဆိုတယ်။ အရင်က ပြေးတာ ၊ Yoga ကျင့်တာနဲ့၊ တခြားသော လေ့ကျင့်ခန်းတွေလုပ်တာမရှိတဲ့ လူတွေကတောင် အခုတော့ လော့ဒေါင်းကာလမှာ ဒါတွေ လုပ်ကြည့်ကြပါတယ်တဲ့။ အဲဒါ တကယ် အကျိူးရှိပါလားလို့ မြင်လာကြပါသတဲ့။

တခါတခါ စိတ်ညစ်ပီး အိမ်မှာမနေပဲ ထွက်ချင်တာ တွေဖြစ်တတ်ပေမယ့်အခုတော့ အိမ်မှာ လေ့ကျင့်ခန်းပဲ လုပ်တာ တော်တော် ဟုတ်လာတယ် တဲ့။ မနက်တိုင်းလုပ်ရင်း တကယ်ပဲ ထူးခြားလာပါတယ်။ အိပ်လို့လည်း ကောင်းလာတယ်။ ဦးနှောက်လည်းပိုကြည်လာတယ်။ လှူပ်ရှားရတာ ပိုသွက်လက်လာတယ်။ အကျင့်ကောင်းလေးတွေတောင် လုပ်တတ်လာတယ်။

၆။ မုန့်ဖုတ်၊ ဟင်းသီးဟင်းရွက်ကျော်လှော် ၊ အသီးအနှံတွေစိုက်

တကယ်ပါပဲ။ အဆီတွေတောင်ကျလာတယ်ဆိုပဲ။ ပေါင်မုန့်လည်း ဖုတ်တတ်သွားပြီ။ အစားအသောက်တွေလည်း ကောင်းကောင်း ချက်တတ်လာတယ်တဲ့။ အဲဒါတော့ဟုတ်တယ်။ ကိုယ်လည်း ဈေးမှာ ဈေးသည်တွေဆီက ဟင်းချက်နည်းတွေ ရလာတယ်။ ၂ ပတ်တခါပဲ ဈေးဝယ်ရတော့ တခါဝယ်တိုင်း ကြာကြာခံမယ့်ဟင်း သီးဟင်းရွက်တွေ မေးမြန်းဝယ်ရတယ်။ ကြာကြာ ဘယ်လိုထားရမယ် မေးရတယ်။ ဟင်းအသစ်တွေ ချက်တတ်လာတာ တကယ်ပါ။ ဟုတ်တယ် ကြာတော့ ကိုယ်လည်း ဈေးထဲ ဟင်းအပိုလေးတွေ ချက်တတ်လာတယ်။ ဝယ်တတ်လာတယ်။ ဈေးသည်တွေဆီက ဟင်းချက်နည်း ပြုတ်နည်းလေးတွေ လိုက်မှတ်ရင်း စမ်း သပ်လာမိတယ်။ ဈေးသည်တွေကလည်း ကိုယ့်အကြောင်းသိပုံရတယ်။ ဟိုဟာထိုးပေး သည်ဟာထိုးပေး ချက်နည်းတွေပြောပြနဲ့။ ရေးမှတ်ထားတဲ့ မှတ်စုစာအုပ်တောင် တော်တော် အလုပ်ဖြစ်လာတယ်။ ဒါပေမယ့် စိုက်ပျိူးတာတော့ အဆင်မ ပြေဘူး။ ကဇွန်းရွက်တော့ စိုက်ချင်ပေမယ့် မအောင်မြင်ဘူး။ သူတို့ကတော့ တခါတခါ ဈေးထဲမရောက်ရင် ကိုယ့်အိမ်က အပင်လေးတွေ ချက်စားကြသတဲ့။ အားတော့ကျသား။

၇။ ကိုယ့်ကမ္ဘာကို ပြန်ငုံ့ကြည့်

သူတို့က သူတို့သားသမီးတွေ တူတွေ တူမတွေနဲ့ သူတို့ပြောတာ လေးတွေ နားထောင်ဖို့ အချိန်ပေးနိုင်လာတယ် ဆိုတာကို အလေးပေးထားပါတယ်။ ဆိုလိုတာက အပြင်ကြီးပဲ ထွက်နေရတော့ ကိုယ့်ရဲ့ကမ္ဘာက ဘာဖြစ်နေတာလဲ ဆိုတာကိုရော ကိုယ်က ဘယ်လိုနေထိုင် နေတယ်ဆိုတာပါ မေ့လျော့နေပီ။ အခုကျမှ ကိုယ့်ရဲ့ လူမူဘဝလေးကို ပြန်ကြည့်ပီး ခံစားတတ်လာတယ်ပေါ့။ ဒါဟာလည်း စိတ်ကို ငြိမ်စေတဲ့ နည်းလမ်းတစ်ခုဆိုတာ အခုတော့ သိလာပါပီတဲ့။ မိသားစုနဲ့အချိန်တွေ ပိုပေးလာတဲ့အကြောင်းကို သူက ရေးသားထားပါတယ်။

၈။ အိမ်ကနေ ဖြစ်နိုင်ရင် အလုပ်လုပ်

ကမ္ဘာ့လူတွေသန်းပေါင်းများစွာ လော့ဒေါင်းကာလမှာ အိမ်ကနေ အလုပ်လုပ်ကြတယ်။ သည်တော့ ရုံးအလုပ်တွေကို အိမ်က နေ သက်တောင့်သက်သာ လုပ်ရတယ်လေ။ တခြားအလုပ်တွေလည်း လုပ်နိုင်သွားတယ်။ ဒါကလည်း အိမ်ကနေ လုပ်လို့ရတဲ့လူတွေ အတွက်ဟုတ်တယ်။ တချိူ့ကကျတော့ အိမ်ကနေပဲ အွန်လိုင်းနဲ့ အလုပ်ရှာကြတယ်။ အမြတ်ထုတ်လို့ရသလောက် လုပ်ကြတယ်။ ပိုပြီးတော့တောင် အဆင်ပြေ တယ်လို့ ဆိုတယ်။ အလုပ်သစ် အကိုင်သစ် တွေ တောင်တိုးလာတယ်ဆိုပဲ။ ဟိုးအဝေးက အလုပ်ရှင်တွေ အလုပ်သမားတွေတောင် ရလာတယ်။ ဒါ့အပြင် လေကောင်းလေသန့်ပိုရလာတယ် အဆိပ်ငွေ့တွေ သက်သာလာတယ် ဖိအားတွေလျော့လာတတယ် ပိုအိပ်ပျော်လာတယ်တဲ့။ ပြောရရင်တော့ ဟောဒီ ကိုဗစ်ကိစ္စကြီး ပြီးသွားတဲ့အခါ ကျရင်တဲ့ အနည်းဆုံး ၁ နှစ်မှာ ၃ လလောက်တော့ အားရက်တွေ ပေးသင့်ပါတယ် လို့ အကြံပြုကြပါတယ်တဲ့။

ဒီအချက်ကိုသုံးသပ်ကြည့်တော့ သူတို့တိုင်းပြည်မှာတော့ အွန်လိုင်း ဆိုတာ လူတန်းစားတိုင်း ဝင်ရောက်နိုင်လို့ လည်းပဲ သည်လို အသုံးချတတ်ကြလို့ လည်းပဲ ပေါ့လေ အကျိူးအမြတ်ထုတ်နိုင်ကြတယ်လို့ မြင်မိတယ်။ ဒါပေမယ့်လည်း သူတို့တိုင်းပြည်တွေမှာ အလုပ်လက်မဲ့တို့ အလုပ်ပြုတ်တဲ့သူတွေလည်း ရှိနေကြတယ်။ ဒါတွေကို ထည့်ပြောထားတာ အဲလိုလူတန်းစားတွေနဲ့အင်တာဗျူး လုပ်မပြထားဘူး။ သည်တော့ လော့ဒေါင်းကာလထဲမှာ သူတို့တွေကရော ဘယ်လို နေထိုင်နေကြကာ ဘယ်လို အကျင့်အသစ်တွေ ရလာလဲဆိုတာ မသိရဘူးပေါ့။

ဆက် တွေးရရင်တော့ ကွာရန်တင်းထားနေခဲ့ကြရတဲ့ မြို့တွေ ရပ်ကွက်တွေ အိမ်တွေ မိသားစုတွေ ဘယ်လို များ ဖြတ်သန်းကာနေကြရလဲဆိုတာ သူတို့မှာ ကိုယ့်ထက်ဆိုးတဲ့ စိတ်ရောဂါရပီး ဘယ်လိုကျော်ဖြတ်ခဲ့ကြလဲပေါ့။ သည်လိုလူတွေမှာတော့ မိသားစုနဲ့ အတူတကွ ရှင်သန်ကြခြင်းဆိုတဲ့ အချက်တော့ လာတူကြမယ်။ အင်တာနက်ကို အဖော်လုပ်ပြီး နေကြမလား။ သတင်းတွေ ရှာဖတ်ပီး ရက်တွေကို ကုန်ဆုံးခဲ့ကြမယ် တဲ့လား။ သူတို့က ဘယ်လို အကျင့်အသစ်တွေ ထပ်ပွားပေးမလဲပေါ့။ တွေးမိတာတွေပါ။ 

သဘာဝကြီးကို ကြည့်ပြီးနေချင်နေမယ်။ နေထွက်တာ နေဝင်တာ လကြီးဝိုင်းစက်နေတာ ကြယ်တွေရေ တွက်ရင်း နေချင်နေကြမယ်။ မိသားစုနဲ့ စကားပြော ရန်ဖြစ် သည်လို ဖြစ်ချင်ဖြစ်မယ်။ အိမ်ထဲကနေ အပြင်က လောစပီကာသံကို နားထောင်ရင်း ကြောက်နေရမယ်။ အဝေးက ရဲကားသံ ပုလိပ်ကားသံ မီးသတ်ကားသံ လူနာတင်ယာဉ်သံ တွေနားထောင်ရင်း စိတ်ပူပင်နေရမယ်။ အဲသည်အချိန်တွေက များနေမလား။ ပြောရရင် ရှေ့ပိုင်း မတ်လနဲ့ ဧပြီလတွေဟာ အဲဒါနဲ့တင် အချိန်တွေ ကုန်နေတယ်။ အိပ်လို့လည်း မပျော်တော့ဘူး။ မေလလည် ထဲမှာ နည်းနည်း အသက်ရှူလို့ရလာတော့မှ ခုနက အချက်၈ချက်ဟာ တဖြေးဖြေး စိမ့်ဝင်လာတယ် ဆိုရမယ်။ လော့ဒေါင်းကာလမှာ မသိလိုက်ပဲ ရလာတဲ့အကျင့်သစ်လေးတွေနဲ့ ကျင့်သားရလာပြီဆိုတာကို သတိပြုမိလာရတယ်။

ကိုဗစ်အလွန်ကာလမှာ အပြင်စထွက်တော့ ကိုယ့်ရဲ့ နည်းပါးလှတဲ့ မိတ်ဆွေများ ပြန်တွေ့ရရင် ဝမ်းသာမိတယ်။ ကိုယ်မရောက်တာကြာတဲ့ ရွာတန်းရှည်ဈေးက ဝယ်နေကျ ဖောက်သည်မပြောနဲ့ မြင်နေကျ ဈေ းသည်တွေ လမ်းသွားလမ်းလာတွေ ပြန်တွေ့ရရင်တောင် ပျော်မိတယ်။ စစ်ကြီးအပီး ပြန်တွေ့ရတဲ့ သူတွေလို ပဲခံစားပျော်ရွင် စိတ်ချမ်းသာရပါတယ်။ ကိုယ်ချစ်တဲ့သူတွေ ပြန်တွေ့ရတာ ကိုယ်မျက်မှန်းတန်းမိသူတွေ ပြန်မြင်နေရတာ စိတ်ချမ်းသာစရာကောင်းတာပေါ့။ တယောက်နဲ့တယောက် ပြန်တွေ့ချင်း နေကောင်းလားလို့ မေးရတဲ့ မေးခွန်းကိုက အသက်ဝင်လာတယ်။ အရင်တုန်းကထက်ပိုပီး ခံစားချက်တွေ ပါနေတယ်။ သည်လို အခြေအနေလေး ပြန်ရအောင် ယနေ့တိုင် ကိုယ်ရောစိတ်ပါ မနားတမ်း လုပ်ပေးကိုင်ပေးနေကြတဲ့ စေတနာ့ ဝန်ထမ်းတွေ၊ ကျမ်းမာရေးဝန်ထမ်းတွေ ၊ ဆရာဝန်ဆရာဝန်မများနဲ့တကွ အားလုံးသော သက်ဆိုင်ရာ ပုဂ္ဂိုလ်များ ကျေးဇူးကြီးလှပါတယ်။

နေ့စဉ်နေ့တိုင်း မေတ္တာပို့ဆုတောင်းပေးလျက်ရှိနေပါတယ်။ တကမ္ဘာလုံး ကျန်းမာ ကြပါစေ။