Breaking News

ငြိမ်း (ပဲခူး) - မိုးရာသီ

မိုးရာသီ
ငြိမ်း (ပဲခူး)
(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၂၀

နွေ၊ မိုး၊ ဆောင်း ရာသီဥတုသုံးခုအနက် မိုးရာသီသည် ကျွန်တော်အမုန်းဆုံးရာသီဖြစ်သည်။

ဟိုးတစ်ချိန်ကလေးဘဝတုန်းက မိုးများရွာပြီဆိုလျှင် မိုးရေထဲတွင် ခုန်ပေါက်ပြေးလွှားဆော့ကစားခဲ့ဖူးသည်။ ညဘက် လူအများအိပ်ချိန်တွင် မိုးသည်းထန်စွာရွာလာသည့်အခါ မိုးစက်မိုးပေါက်လေးများနှင့် အိမ်ခေါင်မိုးသွပ်ပြားများထိတွေ့ရာမှာ ထွက်ပေါ်လာသည့် တဝုန်းဝုန်းမြည်သံများကို စောင်ခေါင်းမြီးခြုံထဲမှနေ၍ ဂီတသံစဉ်တခုအလား နားထောင်ခဲ့ဖူးသည်။ သို့သော် ကျွန်တော် အလယ်တန်းကျောင်းသားဘဝရောက်သည့်အခါ ဆရာကြီးရွှေဥဒေါင်းမှအစ ဆရာသော်တာဆွေ၊ ဂျာနယ်ကျော်မမလေး၊ မိုးမိုး(အင်းလျား)တို့၏စာအုပ်များနှင့် ဘာသာပြန်စာအုပ်များဖြစ်သည့် အေဂျေကရိုနင်၊ ဒိုမီနစ်လာပီယဲ၊ ဟဲမင်းဝေး၊ ဂျက်လန်ဒန် စသူတို့၏လက်ရာစာအုပ်များကိုစာကြည့်တိုက်များမှငှားရမ်းဖတ်ရှုပြီးသည့်နောက်တွင် ကျွန်တော့်စိတ်အာရုံ ခံစားမှုအချို့တို့သည့် အတော်အတန်ပြောင်းလဲသွားပြီဟု ဆိုချင်သည်။ ပမာအားဖြင့် ကျွန်တော်တို့မိသားစုထဲတွင်သော်လည်းကောင်း၊ ဘဝပတ်ဝန်းကျင်တွင်သော်လည်းကောင်း၊ ဖြစ်ပေါ်နေသည့်ဖြစ်ရပ်များအပေါ် လိုက်ပါစီးမျောခံစားတွေးတောမှုများနှင့် ကျွန်တော့်ငယ်ဘဝ မိုးရာသီအပေါ်ထားရှိခဲ့သည့်စိတ်ခံစားမှုတို့ပါ ပြောင်းလဲသွားခဲ့သည်တို့ပင်ဖြစ်သည်။

မိုးရာသီ၌ ကျွန်တော်ရုံးတက်ရသည့် နံနက်ခင်းအချိန်တွင် မိုးများရွာပြီး လေများတိုက်ခတ်လာပြီဆိုလျှင် ကျွန်တော့်မှာ အလွန်အင်မတန်မှ စိတ် ညစ်ရသည်။ မိုးတိတ်အောင် လေတိုက်နေသည်ကို ငြိမ်အောင် စောင့်ရသည်။ ထိုအခါ နဂိုထဲကမှ နံနက်စောစော ရုံးသွားရသည်ကို ကြိုက်နှစ်သက်ပြီး နံနက်ခင်းအချိန်ကို ကြည့်ရှုရသည့်ခံစားမှုကို ကြိုက်နှစ်သက်သည့်ကျွန်တော့်မှာ အဆောင်တွင် တစ်ယောက်ထဲ ငုတ်တုပ်မေ့နေပြီ ဖြစ် သည်။ ထို့အပြင် ကျွန်တော့်မှာ စိတ်မရှည်တတ် သော လူတစ်ယောက်ဖြစ်သည့်အတွက် ဘယ်အရာကိုမှ အချိန်အကြာကြီးစောင့်လေ့မရှိသောကြောင့် မိုးများရွာနေသည့်အချိန်နှင့် လေများတိုက်နေသည့်အချိန်တွင် ထီးဆောင်းကာ ပုဆိုးတိုတိုဝတ်ပြီး နံနက်စောစော ရုံးရောက်ဖို့အတွက် ဘတ်စ်မှတ်တိုင်ဆီသို့ လမ်းလျှောက်သွားရသည်။ မိုးများရွာနေသည့်အချိန် လေများတိုက်နေသဖြင့် ပုဆိုးအောက်အနားများ စိုရွဲကုန်သည်။ အင်္ကျီလက်မောင်းရင်းအနားများ စိုရွဲကုန်သည်။ ဘတ်စ်မှတ်တိုင်ဆီသို့သွားရာ လမ်းတစ်လျှောက်တွင် ချိုင့်ကြီး၊ ချိုင့်ငယ်များမှ ဖြစ်ပေါ်လာသည့် ရေအိုင်ကြီးများနှင့် ရေအိုင်လေးများကို မနင်းမိအောင် ကွေ့ရှောင်ကာ လျှောက်ရသည်။ တစ်ချို့ ရေအိုင်များမှာ ညစ် ပတ်နံဆော်နေသဖြင့် မတော်တဆနင်းမိလျှင် ကျွန်တော့်မှာ ပျို့အန်ချင်သလိုပင် ဖြစ်မိသည်။

ဘတ်စ်မှတ်တိုင်ရောက်၍ ဘတ်စ်ကားလာလျှင်လည်း ဘတ်စ်ကားပေါ်သို့ တက်သည့်အခါ ထီးပိတ်ပြီး တက်ရသဖြင့် ကျွန်တော့်ခေါင်းကို ရေများ စိုကုန်ပြီ ဖြစ်သည်။ ဘတ်စ်ကားပေါ်ရောက်သည့်အခါမှာလည်း ထိုင်ခုံနေရာမရသည့်အခါ ရေစိုစိုကြီးနှင့်ပင် မတ်တပ်ရပ်ပြီး စီးသွားရသည်။ ထိုအချိန်တွင် ဖတ်ခဲ့ဖူးသည့် စာအုပ်က လေးတစ်အုပ်ထဲက စာကြောင်းလေးတစ်ကြောင်းကို သတိရမိသည်။ ဆရာမင်းလူ၏ အက်ဆေးချစ်သူ စာအုပ်ကလေး၏ အမှာစာတွင် ရေးထားသည့် စာကြောင်းလေး ဖြစ်သည်။ ထိုစာကြောင်းလေးမှာ အက်ဆေးဆရာသည် “တစ်ခါတစ်ရံ မိုးရွာလို့ ရေ စီးကြောင်းလေးတွေ ဖြစ်ပေါ်လာပုံကိုပင် တခမ်းတနား ရေးချင်ရေးသည်” ဟူ၍ပင် ဖြစ်သည်။ ထိုရေစီးကြောင်းလေးများသည် မိုးရာသီတွင် အများဆုံးဖြစ်ပေါ်လာကြသည်။ ထိုရေစီးကြောင်းလေးများကို ကျွန်တော် ကြိုက်နှစ်သက်ခြင်း မရှိပေ။ ထို့ ကြောင့် ကျွန်တော်သည် မိုးရာသီထဲက အက်ဆေးမဆန်သည့် လူသားတစ်ယောက်ဖြစ် သည်ဟုပင် ရံဖန်ရံခါဆိုသလို ကိုယ့်ကိုယ်ကိုယ် တွေးထင်မိပါသည်။

မိုးရာသီထဲက နေ့တစ်နေ့၏နံနက်ခင်းအချိန်တွင် ဖြစ်သည်။ ထိုနေ့က မိုးသည် နံနက် ၄ နာရီလောက်ထဲက အဆက်မပြတ်ရွာနေသည်။ ကျွန်တော်သည် အိပ်ကောင်းကောင်းနှင့် အိမ်ခန်းထဲတွင် အိပ်နေသည်။ ထိုသို့ အိပ်နေချိန်တွင် လေများသည် အရှိန်အဟုန်ပြင်းပြင်းနှင့် တိုက်ခတ်လာသည်။ ကျွန်တော်မျက်နှာပေါ်သို့ မိုးစက်မိုး မှုန်လေးများ လာရောက်ထိတွေ့လာသည်။ ထို အခါ ကျွန်တော်သည် ပက်လက်အိပ်နေရာမှ ဘေးတစောင်းပြောင်းအိပ်လိုက်သည်။ ၁၅ မိနစ်ခန့်အချိန်တွင် အမေသည် အိမ်ပေါ်သို့ပြေးတက်လာပြီး အိမ်ခန်းထဲသို့ဝင်ရောက်လာကာ ကျွန်တော့်ကို နှိုးပါတော့သည်။ ထိုအခါကျမှ ကျွန်တော်သည် မျက်ကလူးဆန်ပြာဖြစ်ပြီး အမေခေါ်ဆောင်ရာ အိမ်အောက်သို့ ဆင်းလာခဲ့သည်။ အိမ်အောက်တွင် အဖေနှင့် မကြီးသည် အထိန့်တလန့်မျက်နှာလေးများဖြင့် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက်ကျွန်တော်သည် အိမ်အပြင်ဘက်သို့ ကြည့်လိုက်သည့်အခါ အိမ်ထဲရှိသစ်ပင်များသည် ဘယ်ညာယိမ်းထိုးနေ သည်။ ရွာနေသည့် မိုးရေစက်များသည် လေထဲတွင် ဦးတည်ချက်မရှိဘဲ ဟိုဒီပြေးလွှားနေသည်။ အိမ်ခေါင်းမိုးတွင်တပ်ထားသည့် ရေတံလျောက်မှ မိုးရေများသည် တဝေါဝေါနှင့် ကျောက်စည်ပိုင်းထဲသို့ ကျနေသည်။ ကျွန်တော်သည် အပြင်ဘက်ကိုငေးနေရင် အချိန်ကြာလာသည့်အခါ ထိန့်လန့်ကြောက်ရွံ့လာသည်။ ထို့အတူပင် အမေ့မျက်နှာသည်လည်း ဇီးရွက်လောက်သာ ရှိတော့သည်။

ထိုသို့ဖြစ်နေချိန်တွင် ကျွန်တော်တို့မိသားစုနေသည့် အိမ်ကလေးသည် ရမ်းခါနေ သည်။ ထိုအိမ်ကလေးကို အဖေဆောက်ထားခြင်း ဖြစ်သည်။ အမေသည် လက်သမားဆရာဖြစ်သည့်အဖေ့ကို  မိုးရွာနေသည့်အသံများနှင့်အပြိုင် အပြစ်တင် ကြိမ်းမောင်းနေသည်။ အမိုးမိုးထားသည့် သွပ်ပြားများသည့် တဝုန်းဝုန်းနှင့် မြည်နေသည်။ ထို့ကြောင့် ကျွန်တော့်စိတ်တွင် အားငယ်စိတ်များ ဝင်လာသည်။ ဆရာကြီး ရွှေဥဒေါင်း ပဲခူးငလျင်ကြီးကို ကြုံတွေ့ခဲ့စဉ်က ဖြစ်ပေါ်လာသည့် အားငယ်စိတ်မျိုးပင် ဖြစ်ပါမည်။ ကျွန်တော်တို့အိမ်ကလေးသာ ခိုင်ခိုင်ခန့်ခန့်ရှိသည့် တိုက်အိမ်လေးတအိမ်ဖြစ်ပါက ယခုလိုကျွန်တော်တို့တစ်အိမ်သားလုံး အိမ်အောက်ထပ်သို့ ဆင်းနေစရာမလိုဘဲ အေးဆေးစွာနေနိုင်မှာဖြစ်သည်။ လေထဲတွင် အုန်းလက်များ၊ သစ်ကိုင်းများ၊ တောင်ထန်းများ အစိမ်းသက်သက် ကြွေထွက်လာသော ကုက္ကိုရွက်များသည် ဝဲပျံလို့နေလေသည်။ နေ့လည်ခင်းအချိ်န်လောက်တွင်တော့ မိုးစဲလာက လေလည်းငြိမ်ကျသွားခဲ့သည်။
 ထိုအချိန်မှစ၍ ကျွန်တော့်ရင်ထဲ အသည်းထဲတွင် မိုးရာသီကို အကြောက်ကြီးကြောက်ကာ အမုန်းကြီးပင် မုန်းသွားခဲ့လေပြီ။

မိုးရာသီတွင် ကာယလုပ်သားများနှင့် လမ်းဘေး စျေးသည်များ၏ ငြီးငြူသံများကို အများဆုံး ကြားရသည်။ ထိုအထဲတွင် လမ်းဘေးတွင် တွန်း လှည်းကလေးဖြင့် ကွမ်းယာရောင်းချနေသူ ဖြစ် သည့် ကျွန်တော်၏ အမေသည်လည်း တစ်ယောက်အပါအဝင် ဖြစ်သည်။  မိုးရာသီထဲတွင် ကျွန်တော်သည် အိမ်မှာရှိသည့် အဖေ့ကို သာကြောင်း မာကြောင်း ဖုန်းဆက်သည့်အခါတိုင်း အဖေနှင့် စကား​ပြောနေရင်းတန်းလန်းအချိန်တွင် ကြားဖြတ်ကာ အမေသည် ကွမ်းယာရောင်းမကောင်းသည့်အကြောင်းများကို ငြီးငြူစွာ ပြောဆိုတတ်သည်။ ထိုအခါ ကျွန်တော်သည် များစွာစိတ်မကောင်းဖြစ်မိသည်။  ကျွန် တော်သည် လုပ်ခလစာနည်းပါးစွာဖြင့် ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေရသောကြောင့် အမေ့ကို ငွေကြေးအနည်းငယ်မျှပင် ထောက်ပံ့နိုင်ခြင်းမရှိသောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် ကျွန်တော်သည် သင်တန်းတစ်ခုကိုလည်း တက်ရောက်နေပြီး ထိုသင်တန်းအောင် မြင်သည့်အခါကျမှ လစာကောင်းသည့် အခြားကုမ္ပဏီတစ်ခုသို့ ပြောင်းရွှေ့လုပ်ကိုင်နိုင်မည်။ ထိုအခါမှ မိုးရာသီထဲတွင် ငြီးငြူနေသည့် အမေ့ကို ငွေကြေးများ ထောက်ပံ့နိုင်လိမ့်မည်ဟု မျှော် လင့်မိပါသည်။

မိုးရာသီထဲတွင် လေများပြင်း ထန်စွာတိုက်ခတ်နေ​ပြီး မိုးခြိမ်းသံများ တဂျိမ်းဂျိမ်းမြည်ဟီးနေသည့် နေ့လည်ခင်းအချိန်များတွင် ကျွန်တော်သည် ကျွန်တော် အလုပ်လုပ်နေသည့် ကုမ္ပဏီ၏ လေးထပ်မြောက်ရုံးခန်းတွင်ရှိသည့် အလုပ်စားပွဲတွင် အဲကွန်းလေတဟူးဟူးဖြင့်  စမတ်ကျစွာ အန္တရာယ်ကင်းစွာဖြင့် အလုပ် များလုပ်နေရချိန်တွင် အမေ့ကို သတိရမိသည်။ ထိုအချိန်တွင် လေတိုက်သည်ကိုကြောက်တတ်သော မိုးခြိမ်းသံများကိုကြောက်တတ်သော၊ လမ်းဘေးတွင် ကွမ်းယာလှည်းကလေးဖြင့် ကွမ်းယာရောင်းနေရသည့် အမေ့အနားတွင် အမေ၏ ကွမ်းယာလှည်းလေးကို လေထဲသို့ပါမသွားစေရန် ထိန်းထားပေးဖို့ရာ အမေကြောက်နေသည်ကို နှစ်သိမ့်ပေးဖို့ရာ အခြားအဖော်များရှိနေပါရဲ့လား။ ကျွန်တော့်မှာ ဝမ်းနည်းတသစွာ စိုးရိမ်နေမိသည်။ ကျွန်တော့် နှလုံးသား နာကျင်နေမိသည်။ အများအားဖြင့် မိုးရာသီ၏ နေ့လည်ခင်းအချိန်ဆိုလျှင် အမေသည် သူ၏ကွမ်းယာလှည်းကလေးတွင် တစ်ယောက်ထဲရှိနေတာများသောကြောင့်ပင် ဖြစ်သည်။

ငြိမ်း (ပဲခူး)