Breaking News

ခင်လေး (Aotearoa) - တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်-၁၉၊ ဒုတိယလှိုင်း- မှတ်တမ်း-၁(သတိပေးချက် အဆင့် ၃ အတွက် ကြိုတင် ပြင်ဆင်ရတဲ့ည)

 Photo- stuff.co.nz

သတိပေးချက် အဆင့် ၃ အတွက် 

ကြိုတင် ပြင်ဆင်ရတဲ့ည

ခင်လေး (Aotearoa)

(မိုးမခ) သြဂုတ် ၁၂၊ ၂၀၂၀

နယူးဇီလန်မှာ ကိုးဗစ်သတိပေးချက် အဆင့် ၁ ကိုချထားတာ ၁၀၂ ရက် ရှိပါပြီ။ သတင်းထဲမှာ ကမ္ဘာတစ်ဝန်းလုံးက ကူးစက်မှုတွေကိုကြည့်ရင်း ကိုယ်နဲ့မဆိုင်သလို အေးအေးနေနိုင်တဲ့ရက်တွေ ဒီနေ့ည ၉ နာရီ ခွဲမှာ အဆုံးသတ်ပါတယ်။ ရပ်ရွာထဲမှာ ရောဂါပိုးကူးစက်ခံရတဲ့သူ ၄ ယောက်တွေ့လို့ မနက်ဖန်မွန်းတည့် ၁၂ နာရီကစပြီး သတိပေးချက်အဆင့် ၃ ကို အော်ကလန်တစ်မြိုလုံးဝင်ဖို့ ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲလုပ်ပြီး အသိပေးလိုက်ပါတယ်။ သောကြာနေ့အထိတဲ့။ အခြားမြို့တွေကတော့ အဆင့် ၂ တဲ့။ ဆိုင်းမဆင့် ဗုံမဆင့် ရုတ်တရက်ကြီးဆိုတော့ ကိုယ်အံ့သြသွားပါတယ်။ သမီးက အဲဒီသတင်းကို သူ့ဖုန်းလေးနဲ့လာပြပြီး မကြာပါဘူး တစ်အိမ်လုံးကဖုန်းတွေမှာ ဥသြသံတွေဆူညံပြီး အဲဒီသတင်းကိုအသိပေးတဲ့သတင်းစကားတွေ ဝင်လာပါတော့တယ်။ 

ကိုယ့်ကျောင်းက တာဝန်ရှိတဲ့သူတွေကို လှမ်းမေးပြီး မကြာပါဘူး၊ ကလေးတွေကျောင်းက အီးမေလ်း အသီ းသီးဝင်လာပါရော။ ကိုယ်လည်း ညွှန်ကြားချက်ရရချင်း ကိုယ့်ကျောင်းသားမိဘတွေဆီ အကြောင်းကြားစာတွေ ပို့ရပါတော့တယ်။ အားလုံး ဒီလောက်ရုတ်ရုတ်သဲသဲဖြစ်နေတာကို မနက်ကျနယ်ထွက်ပြီး အလုပ်လုပ်ဖို့ စီစဉ်ထားတဲ့သူက သွားလို့ရတယ်ဆိုလုပ်နေသေးတာ၊ သူ့ရုံးက ဖုန်းဆက်ပြီးမသွားရဘူးလို့ပြောမှ အေးတော့တာ။ စံပြလုပ်သားဘွဲ့ပေးရမယ်လို့ သြဘာပေးရသေးတယ်။ 

ည ၁၀ နာရီခွဲသတင်းမှာလည်း သတိပေးချက်အဆင့် ၃ အကြောင်း အကျယ်တဝင့်ရှင်းပြ၊ အော်ကလန်မြို့တော်ဝန်ကလည်း ကြုံဖူးပြီးသားမို့ အရင်အတိုင်း စည်းကမ်းလိုက်နာကြဖို့ အစိုးရိမ်လွန်ပြီး စူပါမားကက်တွေမှာ အများကြီးကျုံးမဝယ်ကြဖို့ သတိပေးသွားပါတယ်။ ၁၁ နာရီ သတင်းလည်းကျရော လူတွေ စားစရာရောင်းတဲ့ဆိုင်ကြီးတစ်ဆိုင်မှာ ကျိတ်ကျိတ်တိုးနေကြလို့ ရဲက စောင့်နေရတဲ့ သတင်းတက်လာပါရော။ အဖေကလည်း နောက်ဆိုင်ကြီးတစ်ဆိုင်မှာ ပြောင်သလင်းခါနေတဲ့စင်တွေအကြောင်းသတင်းကို သူဖတ်နေတဲ့ ဖုန်းထဲကနေ ပြနေတယ်။ နက်ဖန်ဘာတွေ ကြားရဦးမယ်မသိ။

Stay home, save lives! အိမ်မှာနေ၍ အသက်ကယ်ပါ။

ခင်လေး (Aotearoa)

11:51 p.m. 11.08.2020 Tuesday