Breaking News

မောင်လူပေ - ကိုရိုနာ ၁၁/၀၈/၂၀



မောင်လူပေ - ကိုရိုနာ ၁၁/၀၈/၂၀

(မိုးမခ) ဩဂုတ် ၁၂၊ ၂၀၂၀

ကမ္ဘာ့ပထမဆုံး ကိုဗစ်ကာကွယ်ဆေးကို တရားဝင် ထုတ်လုပ်သည်ဟု ရုရှားကကြေညာသည်။ သမ္မတပူတင်၏သမီးလည်း ကာကွယ်ဆေးထိုးပြီးပြီဟုဆို၏။ WHO နှင့် နိုင်ငံအများအပြားကမူ ကာကွယ်ဆေးနှင့်ပတ်သက်သော စမ်းသပ်မှုအဖြေများ မပြည့်စုံပဲ ထုတ်လုပ်မှုကြောင့် စိတ်ချရသောဆေးအဖြစ် လက်မခံနိုင်သေးကြောင်း ပြောကြားထားကြသည်။

ကူးစက်မှုအလွန်များနေသော ဖိလစ်ပိုင်တွင် သမ္မတ ဒူတာတေးက ထိုဆေးကို ပထမဆုံး အစမ်းသပ်ခံထိုးနှံမည်ဟုဆိုကာ ရုရှားအကူအညီကို အမြန်ဆုံးလိုကြောင်း တုန့်ပြန်သည်။

​အမေရိကန်ပြည်ထောင်စုရှိ ဆေးထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်သည့် Novavax Inc က ကာကွယ်ဆေးထုတ်လုပ်ပါက နှစ်ဘီလီယံအထိ နှစ်စဉ်ထုတ်လုပ်နိုင်ကြောင်း ပြောကြားသည်။

အမေရိကတိုက်တွင် နေ့စဉ် ရောဂါကူးစက်နေလူတစ်သိန်းခန့် တွေ့ရှိရပြီး ထက်ဝက်မှာ အမေရိကန်ပြည်ထောင်စုမှ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် တစ်ရက်အတွင်း ငါးသောင်းခန့် ကူးစက်ခံရပြီး ငါးရာကျော်သေဆုံးသည်။ ကူးစက်(၅.၂)သန်းနှင့်သေဆုံး တစ်သိန်းခြောက်သောင်းကျော်ရှိသည်။

အိန္ဒိယတွင် တစ်ရက်အတွင်း ငါးသောင်းကျော် ကူးစက်ခံရပြီး ကိုးရာနီးပါးသေဆုံးသည်။

ကမ္ဘာ့လူဦးရေ နှစ်သိန်းကျော်မျှ ကူးစက်ခံရသူအသစ်အဖြစ်တွေ့ခဲ့ပြီး လေးထောင့်ငါးရာ သေဆုံးခဲ့သည်။

မြန်မာပြည်တွင် ကူးစက်သူအသစ် မတွေ့ခဲ့ပါ။