Breaking News

ဇင်လင်း - ပြန်လည် သတိရမိသော သြဂုတ်လ၏ နရသိန်နေ့ရက်များ

Art - Than Htay Maung





ဇင်လင်း - ပြန်လည် သတိရမိသော သြဂုတ်လ၏ နရသိန်နေ့ရက်များ

(မိုးမခ) ဩဂုတ် ၁၂၊ ၂၀၂၀

သြဂုတ်လသို့ ရောက်ပြန်ပြီ။ ယခု ၂၀၂၀ ပြည့်နှစ်တွင် ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်ခဲ့သည်မှာ နှစ်ပေါင်း ၃၂ နှစ်ပင် ရှိခဲ့ ပြီ။ ၁၉၈၈ သြဂုတ်လ ၈ ရက်နေ့အရေးတော်ပုံကို ကြုံကြိုက်ခဲ့သူများအဖို့ မမေ့နိုင်စရာ စိတ်ထိခိုက်စရာ မြင်ကွင်းများ၊ အဖြစ်အပျက်များကို မလွဲမသွေ ကြုံဖူးခဲ့ကြပေလိမ့်မည်။ မိမိကိုယ်တိုင်လည်း ထိုစဉ်က ပြည်သူလူထု၏ ကြွေးကြော်သံများ ကို သြဂုတ်လရောက်တိုင်း ပြန်လည် ကြားရောင်နေမိသည်။ ထို့ပြင် မျက်စိရှေ့မှာပင် ကျောင်းသူကျောင်သားလူငယ်များ အား အကြင်နာမဲ့စွာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပုံများကိုလည်း ပြန်မြင်နေမိသည်။ ၁၉၈၈ တွင် စစ်အစိုးရ၏ ရက်စက်မှုကြောင့် အရေးတော်ပုံတွင် ကျဆုံးခဲ့သော အသက် ၁၆ နှစ်အရွယ် အခြေခံပညာကျောင်းသူလေး မဝင်းမော်ဦး ကျဆုံးခြင်းကိုလည်း ပြည်သူလူထုက မမေ့ကြသေး။ ရှစ်လေးလုံး အရေးတော်ပုံအတွင်း ထောင်ဂဏန်းချီသော အမည်မသိ သူရဲကောင်းများကို လည်း ပြည်သူက မမေ့နိုင်ကြ။ ရှစ်လေးလုံး အရေးတော်ပုံသမိုင်းကို သိသူမှီသူတို့က ထောင့်အသီးသီးမှ မော်ကွန်းတင်ကြ သော်လည်း ပြည့်စုံသည်မရှိသေး။ အရေးတော်ပုံနောက်ပိုင်း ဆယ်စုနှစ်သုံးခုကျော်လာသည်အထိ ပြည်သူလူထုလိုလား သည့် လွတ်လပ်ရေး၊ တရားမျှတရေး၊ တန်းတူညီမျှရေးဆိုသော ဆန္ဒများကား ပြည့်ပြည့်ဝမရရှိသေး။ ဆက်လက် တိုက်ပွဲ ဝင်နေ ကြရဆဲရှိသည်။

မိမိသည်လည်း ရှစ်လေးလုံး အရေးတော်ပုံ ကာလက နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ကျောင်းသားသမဂ္ဂဝင်ဟောင်း များနှင့်အတူ ပါဝင်ကြွေးကြော်ဆန္ဒပြခဲ့သည်။ ၁၉၉၀ ပြည်နှစ် ရွေးကောက်ပွဲတွင်လည်း သင်္ဃန်းကျွန်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်အဖြစ် ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီတွင် စည်းရုံးရေးကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည်။ ထိုသို့နိုင်ငံ့ အပြောင်းအလဲ အရေးကိစ္စတွင် ပါဝင်ခဲ့သဖြင့် ၁၉၉၁ ခုနှစ်တွင် ပုဒ်မ ၅-ည ဖြင့် အင်းစိန်အကျဉ်းထောင်၌ ထောင်ဒဏ် ရ နှစ်ကျခံခဲ့ရသည်။ ထောင်အတွင်း နိုင်ငံရေးတိုက်များတွင် နေခဲ့ရစဉ်ကလည်း နှစ်စဉ် သြဂုတ်လ ၈ ရက် နေ့ရောက်တိုင်း မိမိတို့အကျဉ်းကျရဲဘော်များစုပေါင်း၍ သက်ဆိုင်ရာ အကျဉ်းတိုက်တွင် အထိမ်းအမှတ်အခမ်းအနား ကလေးများ ကျင်းပခဲ့ကြသည်။ မှတ်မှတ်ရရ ၁၉၉၅ ခုနှစ်က မိမိနေခဲ့ရသည့် ၃-တိုက်ဝန်းအတွင်း သတ္တမအကြိမ်မြောက် သြဂုတ်လ (၈) ရက် ရှစ်လေးလုံးအရေးတော်ပုံ ကျင်းပရန် တိုင်ပင်နေခဲ့ကြသည်။

မိမိမှတ်မိသမျှ ထိုစဉ်က မိမိနှင့် ဘဝတူ ၃-တိုက် နိုင်ငံရေးအကျဉ်းသားများမှာ ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်(ကွယ်လွန်)၊ ဒေါက်တာ ဇော်မြင့်မောင် (ယခု မန္တလေးတိုင်း ဝန်ကြီးချုပ်)၊ ဒေါက်တာ မြင့်နိုင် (ယခု စစ်ကိုင်း တိုင်း ဝန်ကြီးချုပ်)၊ ဘိုးတော် ခေါ် ဦးခင်ဝင်း၊ ကိုမျိုးမင်း (ကွယ်လွန်)၊ ကိုမျိုးမင်းဇင်ရှိန် ခေါ် ကိုမင်းဇင်၊ ကိုဗမျိုးသိန်း(ယခု NLD လွှတ်တော်ကိုယ်စားလှယ်)၊ ကိုလွင်မြင့် (New Myanmar Foundation)၊ မောင်မောင်အေး၊ ကိုအောင်ဆွေဦး (ကွယ်လွန်)၊ ကိုကိုကြီး (ချင်း)၊ ကိုညီနိုင်အောင်၊ ကိုဝင်းမော်၊ ကိုလှမင်း(ကြည့်မြင်တိုင် NLD)၊ ကိုကျော်မင်းယု (ဂျင်မီ) ၊ ကိုမြတ်ထွန်း ခေါ် ကျော်သက်မင်း (ဒီဗွီဘီ)၊ ကိုသီဟထွဋ်ခင် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)၊ ဦးတင်ထွဋ် (၁၉၉၀ အမတ်၊ ယခု သြစတြေးလျား) ကိုစိုးမြင့် (CP)၊ ဘိုဘိုဦး (ယခု NLD လွှတ်တော် ကိုယ်စားလှယ်)၊ ကိုသက်မင်းအောင် (ယခု USA)၊ ကိုမိုးဇော်ဦး(ယခု NLD)၊ ကိုကျော်ထွေး (ယခု NLD လွှတ်တော် ကိုယ်စားလှယ်)၊ စသူများ ဖြစ်သည်။

၁၉၉၅ မတ်လမှ ဇွန်လလောက်ကာလအတွင်း အင်းစိန်ထောင်တွင်းနိုင်ငံရေးအဖွဲ့အစည်း အင်အားစုအသီးသီး ပါဝင်သော ထောင်တွင်းလူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ထောင်တွင်းဖိနှိပ်ညှဉ်းပန်းမှုများ၊ ရဲဘက်စခန်းများတွင် ညှင်းပမ်းနှိပ်စက်မှု များနှင့်ဆိုင်သည့် သတင်းအချက်အလက် စုဆောင်းခြင်းများပြုလုပ်ခဲ့ကြသည်။ ၁၉၉၅ သည် ကုလသမဂ္ဂ ထူထောင်ခြင်း ရွှေရတုကာလဖြစ်သောကြောင့် စုဆောင်းရရှိသော သတင်းအချက်အလက်များအပေါ် အခြေခံ၍ 'ထောင်တွင်း လူ့အခွင့် အရေး ချိုးဖောက်မှု အစီရင်ခံစာ' တစ်စောင် ရေးသားရန်ဖြစ်သည်။ ရရှိသော သတင်းအချက်အလက်များကို အခြေခံကာ၊ ထိုစဉ် က မြန်မာနိုင်ငံအခြေအနေများပါဝင်သော ပါဝင်သော (၈၃) မျက်နှာပါ 'ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာ' ကို ၃-တိုက်တွင် မူကြမ်းရေးသားခဲ့ကြသည်။ နောက်ဆုံး အစီရင်ခံစာအချောကို ဆရာ ဦးဝင်းတင် (ဟံသာဝတီ) က တည်းဖြတ်ရေးသားခဲ့သည်။ 

ထို စာတမ်း နောက်ဆက်တွဲတွင် နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်၏ စာတမ်းပါ အချက်အလက်များကို ဖတ်ရှုပြီး သဘောတူညီကြောင်း လက်မှတ်များရေးထိုးပေးခဲ့သည်။ ထိုစာတမ်းကို ထောင်အပြင်သို့ ခိုးထုတ်နိုင်ခဲ့သည်။ မိမိတို့နိုင်ငံရေးအကျဉ်းသားများတိုက်ဝင်းများအတွင်းမှ ထမင်းကျန်ဟင်းကျန်များကို ထောင်အပြင်ရှိ ဝက်မွေးမြူရေးခြံသို့ပို့ပေးရသည့် တာဝန်ကျထောင်ဝန်ထမ်း၏ အကူအညီဖြင့် ထိုစာတမ်းကို ခိုးထုတ်ခဲ့ ခြင်းဖြစ်သည်။ စာတမ်း မပျက်စီးစေရန် ပလတ်စတစ်သုံးလေးထပ် ရစ်ပတ်ပြီး ဝက်စာပုံး၌ ထည့်ကာအပြင်သို့ထုတ်ရ သည်။ ထိုထောင်ဝန်ထမ်းကတဆင့် မိမိတို့ရဲဘော်တစ်ဦးထံရောက်သည်။ တိုက်ဆိုင်စွာပင် ထိုနှစ် ဇူလိုင် ၁၀ တွင် ဒေါ်အောင်ဆန်းစုကြည်ကလည်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ချိန်ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်သူ ကုလသမဂ္ဂ သံတမန် မစ္စတာ ယိုဇို ယိုကိုတာ လည်း မရှေးမနှောင်းမှာပင် ရန်ကုန်သို့ ရောက်နေချိန်ဖြစ် သည်။ သို့ဖြင့် အစီရင်ခံစာမှာ ချောမောစွာပင် မစ္စတာ ယိုဇို ယိုကိုတာ၏ လက်သို့ရောက်သွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် ၁၉၉၅ ခုနှစ် သြဂုတ်လတွင် စစ်မှန်သော တွေ့ဆုံ ဆွေးနွေးပွဲ အရိပ် အယောင် မတွေ့ရသဖြင့် "Appeal to the world" ကမ္ဘာကြီးသို့ ပန်ကြားချက်တစောင်ကို ဆရာဦးဝင်းတင် ရေးသား၍ အကျဉ်းကျ နိုင်ငံရေးရဲဘော်များ၏ အကူအညီဖြင့် ထောင်ပြင်ပသို့ ရောက်ရှိ ပြန့်နှံ့အောင် လုပ်ဆောင်ခဲ့နိုင်သည်။ ထိုစာ တွင် စစ်အစိုးရ ၏ လုပ်ရပ်များသည် ရိုးသား မှန်ကန်မှု မရှိကြောင်း၊ နိုင်ငံတကာမှ ပြည်သူလူထုအား တင်ပြခဲ့ခြင်းဖြစ် သည်။ ထို့နောက် "Appeal to the public" ကမ္ဘာ့ ပြည်သူများသို့ ပန်ကြားချက်ကို ဆက်လက် ရေးသားဖြန့်ဝေခဲ့သည်။ ၎င်း "ပန်ကြားချက်" တွင် စစ်အာဏာရှင်တို့သည် ကမ္ဘာ့ပြည်သူများအား အကြိမ်ကြိမ် လိမ်လည်လှည့်ဖြားနေသဖြင့် လူထုက နည်းမျိုးစုံနှင့် ဆန့်ကျင်ကန့်ကွက်ကြပါရန် တိုက်တွန်းထားသည်။

၎င်းအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း ကျင်းပဆဲ အမျိုးသားညီလာခံ(National Convention)မှ နုတ်ထွက် သင့်ကြောင်း အကြံပြုစာကို ထောင်တွင်းနိုင်ငံရေးအင်အားစုများက လက်မှတ်ရေးထိုး၍ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ နိုင်ခဲ့သည်။ ထို့အပြင် ထိုစဉ်က အရေးအကြီးဆုံး လုပ်ငန်းစဉ် (၂) ခုကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ဆရာ ဦးဝင်းတင် ဦးဆောင် ကာ အကြံပြု တိုက်တွန်းခဲ့သည်။ ယင်းလုပ်ငန်းစဉ် (၂) ရပ်မှာ ပါတီပြုပြင်ရေး (Party Reform) နှင့် အမျိုးသားညီလာခံ ပြုပြင်ပြောင်းလဲရေး (NC Reform) တို့ဖြစ်သည်။ 

ထို့ပြင် ဆရာဦးဝင်းတင်က ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများအား 'ထ' လေးလုံးပေါ်လစီ ချမှတ် လမ်းညွှန်မှုပေးခဲ့သည်။ "ထူထောင်ရမယ်၊ ထိန်းသိမ်းရမယ်၊ ထိုင်မနေနဲ့၊ ထိတွေ့ရမယ်" ဆိုသည့် လမ်းညွှန်မူဝါဒ ဖြစ်သည်။ ထို မူဝါဒဖြင့် ထောင်တွင်း၌ နိုင်ငံရေးအကျဉ်းသားများ စိတ်ဓါတ် မကျရေး၊ စစ်ထောက်လှမ်းရေး၏ ‘ဦးနှောက်ခဝါချမှု မခံရရေး’၊ ‘မိမိ၏ အတွေးအခေါ် အသိအမြင် ပိုမို ကြည်လင် အားကောင်း တိုးတက်လာအောင် ကြိုးပမ်းအားထုတ်ရေး’၊ ‘အကျဉ်းသားအခွင့်အရေးများ ပိုမိုရရှိရေးအတွက် အာဏာပိုင် တို့၏ ဖိနှိပ်မှုများကို ငုံ့မခံရေး’၊ ‘အခွင့်အရေးများအတွက် ညီညီညွတ်ညွတ် တိုက်ပွဲဝင်ရေး’ စသဖြင့် လမ်းညွှန်ခဲ့သည်။ ထိုသို့ ထောင်တွင်း့၌ နိုင်ငံရေးအကျဉ်းသားများ ညီညီညွတ်ညွတ် စိတ်ဓါတ်မကျဘဲ နိုင်ငံရေးတာဝန်များကို ဆက်လက် ထမ်းဆောင်နိုင်ခြင်းမှာ ထိုစဉ်က ထောင်တွင်း၌ ဆရာ ဦးဝင်းတင်၏ နိုင်ငံရေး ဦးဆောင်မှု ရှိနေခြင်းကြောင့် ဖြစ်သည်။

မိမိတို့ ၃-တိုက်အတွင်း ထူးခြားဖြစ်စဉ် တစ်ခု ၁၉၉၅ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်ကို သတိရမိသည်။ ထိုနေ့က ထောင်ဝင်စာလာကြသူများအနက် မိမိလည်း အပါအဝင်ဖြစ်သည်။ ထိုနေ့က ထောင်ဝင်စာ ပစ္စည်းများထဲတွင် ထူးထူးခြာခြား မွှေးဆပ်ပြာ တစ်ခဲနှင့် မျက်နှာသုတ်ပုဝါ အသစ်တစ်ထည်ပါသည်။ ထိုပစ္စည်းနှစ်ခုနှင့် ကျပ်ငွေ တစ်ထောင် ကို သခင်အုန်းမြင့် (ကွယ်လွန်) က မိသားစုထံ လာပို့ခဲ့သည်ဟု ဇနီးဖြစ်သူက ထောင်ဝင်စာတွင် ပြောပြသည်။ ထို ငွေနှင့် ပစ္စည်းကို ဒေါ်အောင်ဆန်းစုကြည်က ပေးပို့ခြင်းဖြစ်သည်ဟု အမှာစကားလည်း ပါးလိုက်သည်။ ထောင်ဝင်စာတွေ့ ပြီးနောက် ထောင်ဝင်စာအခန်းမှ မိမိထွက်လာစဉ် ထောင်မှူး ဦးလှ က မိမိ၏ ထောင်ဝင်စာ ပစ္စည်းများကို ခနကြည့်ပါရစေ ဟု ဆိုလာသည်။ မိမိက ဦးလှအား ထောင်ဝင်စာအခန်းတွင် စစ်ဆေးခဲ့ပြီးဖြစ်သည်ဟု ပြော၍ ထောင်ဝင်စာအိပ်ကို ဖွင့်ပြ လိုက်သည်။ ဦးလှက မွှေးဆပ်ပြာနှင့် မျက်နှာသုတ်ပုဝါကို ထုတ်ယူ၍ ထောင်ပိုင်ကြီးက ခနကြည့်လိုသဖြင့် ခေတ္တယူသွားပါ ရစေဟု ဆိုသည်။ မိမိက ၎င်းပစ္စည်းများသည် ထောင်စည်းကမ်းနှင့် ဆန့်ကျင်မှု ရှိပါသလားဟု ဦးလှအား မေးရာ၊ မရှိပါဟု ဖြေသည်။ ထောင်စည်းကမ်းနှင့် ဆန့်ကျင်မှု မရှိပါက သိမ်းမည်ဆိုလျှင် မပေးနိုင်ကြောင်း မိမိက ထောင်မှူးဦးလှအား ပြော လိုက်သည်။ သို့သော် ထောင်မှူးက ထောင်ပိုင်ကို ပြပြီးလျှင် ပြန်ပေးပါမည်ဟု ကတိပြုကာ ယူသွားခဲ့သည်။ ပစ္စည်းများကို ဓါတ်ပုံရိုက်ယူပြီးနောက် ပြန်ပေးလိုက်သည်။ သို့ဖြင့် မိမိလည်း ၃-တိုက်သို့ တာဝန်ကျ ထောင်ဝါဒါနှင့်အတူ ပြန်လာခဲ့ သည်။

၃-တိုက်သို့ပြန်ရောက်ချိန်တွင် ထောင်ဝင်စာ သတင်းနားထောင်ရန် ဆရာဦးဝင်းတင်နှင့်အတူ အခြားနိုင်ငံရေးအကျဉ်းသား များ က စောင့်နေကြသည်။ ထောင်ဝင်စာနေ့ဖြစ်သဖြင့် ရေချိုးချိန် တိုက်ခန်းများ အများစုကို ဖွင့်ပေးထားချိန်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ထံမှ ပစ္စည်းနှစ်မျိုးပါလာသည့် သတင်းကို ပြောပြချိန်တွင် ဆရာဦးဝင်းတင်က များစွာ ကျေနပ် အားရဖြစ်နေသည်။ နိုင်ငံရေးအကျဉ်းသားများအား ဒေါ်အောင်ဆန်းစုကြည်က စိတ်ဓါတ်ခွန်အားပေးလိုက်ခြင်းဖြစ်သည်ဟု ဆရာက မှတ်ချက်ပေးသည်။ ဆရာ့ မျက်နှာမှာလည်း ဝမ်းသာပီတိအရောင် လွှမ်းနေသည်။ ထိုသို့ရှိနေစဉ်တွင် ထောင်မှူး ဦးလှနှင့် ဝန်ထမ်း ၄ ယောက် ၃-တိုက်အတွင်း ဝင်လာသည်။ ထို့နောက် မိမိထံသို့ ဦးတည်ရောက်ရှိလာပြီး မွှေးဆပ်ပြာ နှင့် မျက်နှာသုတ်ပုဝါကို ပေးအပ်ရန် ပြောလာသည်။

ထောင်မှူး ဦးလှက ပစ္စည်းများကို သိမ်းဆည်းခြင်းမဟုတ်ပါကြောင်း၊ မိမိ၏ နေအိမ်သို့ ပြန်ပို့ပေးမှာ ဖြစ်ကြောင်း၊ ထိုပစ္စည်း များသည် မိသားစုထံမှ မဟုတ်ဘဲ၊ အခြားသူတစ်ဦး ကပေးခြင်းဖြစ်သဖြင့် ပြန်ပို့ရမည်ဖြစ်ကြောင်း ပြောလာသည်။ မိမိက ထောင်ဥပဒေအရ ငြိစွန်းမှု မရှိသော ပစ္စည်းဖြစ်၍ ပြန်မပေးနိုင်ကြောင်း ငြင်းဆိုလိုက်သည်။ ဦးလှ က လည်း သူ့အနေဖြင့် ထောင်ပိုင်ကြီး၏တာဝန်ပေးချက်အရ ပြန်သိမ်းရမည့် တာဝန်ရှိသည်ဟုဆိုနေသည်။ ထိုသို့သော အခြေအနေတွင် ဆရာ ဦးဝင်းတင်က ထောင်မှူးနှင့် မိမိအကြားတွင် အတင်းဝင်ရပ်လိုက်သည်။ ထို့နောက် “ခင်ဗျားတို့ မတရားမလုပ်ပါနဲ့။ မတရားလုပ်ရင် ကျုပ်တို့ ငြိမ်ခံနေမှာ မဟုတ်ဘူး။ ဒါ ခင်ဗျားတို့ သက်သက် အကြောင်းမရှိ အကြောင်းရှာပြီး အာဏာပြ တာပဲ။ ဖိနှိပ်တာပဲ။ ကျုပ်တို့ လုံးဝလက်မခံနိုင်ဘူး။ ဒီပစ္စည်းတွေကို လုံးဝ မအပ်နိုင်ဘူးလို့ ထောင်ပိုင်ကို ပြန်ပြောလိုက် ပါ။” ဟု ဆရာဦးဝင်းတင်က တင်းတင်းမာမာ ဝင်ပြောခဲ့သည်။ အခြား အခန်းအပြင် ရောက်နေကြသော နိုင်ငံရေးအကျဉ်း သားများကလည်း ဆရာနှင့်အတူရပ်ကာ ထောင်မှူး ဦးလှ အား အေးအေးဆေးဆေးပြန်သွားပါရန် ဝိုင်းပြောကြသည်။ နောက်ဆုံး၌ ဦးလှ လက်လျှော့ကာ ပြန်သွားရသည်။

ထို့နောက် မိမိအား တိုက်ဝင်းအတွင်းရှိ ထောင်မှူးကြီးရုံးခန်းသို့ ခေတ္တလိုက်ခဲ့ရန် ဝန်ထမ်းတဏ်ဦးက လာခေါ်ပြန်သည်။ ထိုရုံးခန်း၌ မိမိအားဒုတိယထောင်ပိုင် ဦးအုန်းမြင့်က စောင့်နေသည်။ ဦးအုန်းမြင့်က ရှေးနည်းအတိုင်း ပစ္စည်းများအပ်ရန် ပြောခြင်းဖြစ်သည်။ သို့သော်သူက ယဉ်ကျေးသိမ်မွေ့စွာ အကျိုးအကြောင်းများကို ရှင်းပြသည်။ ယခုကဲ့သို့ ဆောင်ရွက် ရခြင်းမှာ ထောင်ပိုင်၏ သဘောဆန္ဒလုံးဝ မပါကြောင်း၊ စစ်ထောက်လှမ်းရေးက ထောင်ပိုင်အား ဖိအားပေး စေခိုင်းသဖြင့် လုပ်ရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခုကိစ္စတွင် တင်းမာမနေသင့်ဘဲ နှစ်ဘက် အဆင်ပြေစေရန် အကူအညီတောင်းခြင်း ဖြစ်ကြောင်း မိမိအား ရှင်းပြသည်။ သူ၏ သိမ်သိမ်မွေ့မွေ့ ဆက်ဆံပြောဆိုလာမှုကို ကျေးဇူးတင်ပါသည်၊ သို့သော် ယခုကိစ္စမှာ စည်းကမ်းဥပဒေဘောင်ကျော်၍ နိုင်ငံရေးအကျဉ်းသားများအပေါ် အနိုင်ကျင့်ရာရောက်သဖြင့် မိမိအနေဖြင့် ပစ္စည်းများ မအပ်နိုင်ပါဟု တုန့်ပြန်ခဲ့သည်။ ဦးအုန်းမြင့်လည်း မတတ်သာသည့်အဆုံး မိမိတို့သဘောထားကို နားလည် လက်ခံပါသည်ဟု ဆိုကာ ပြန်သွားခဲ့သည်။ သို့သော်လည်း ပြဿနာက ပြီးမသွားပါ။

ညနေ ထောင်ပိတ်ချိန် အကျဉ်းသားအားလုံးကို တိုက်ခန်းများအတွင်း ပိတ်ပြီးချိန်တွင် မိမိအား ထောင်ပိုင်ကြီး ဦးသာဦး က တွေ့လိုသည်ဟု ဆိုကာ ဦးလှ လာ၍ ခေါ်ယူပြန်သည်။ ထောင်ပိုင်ကြီးရုံးခန်းရောက်ချိန်တွင် မိမိကဲ့သို့ပင် ပစ္စည်းလက်ခံ ရရှိထားသူ ကြည့်မြင်တိုင်မြို့နယ်၊ NLD အလုပ်အမှုဆောင် ဦးရဲထွန်း (ကွယ်လွန်) လည်း ရောက်ရှိလာသည်။ ကိုရဲထွန်းက ၄-တိုက်မှ ဖြစ်သည်။ မိမိတို့နှစ်ဦးလုံးကို ထောင်ပိုင်က သူ့စားပွဲပေါ်၌ ရှိနေသော မျက်နှာသုတ်ပါ၀ါနှင့် မွှေးဆပ်ပြာ ၃ စုံ အား ညွှန်ပြသည်။ အခြား အကျဉ်းသားများထံမှ အပ်နှံသော ထိုပစ္စည်း ၃ စုံနှင့်အတူ မိမိတို့၏ ပစ္စည်းများကို သက်ဆိုင်ရာ မိသားစုများထံ ပြန်ပို့ပေးမည်ဖြစ်သဖြင့် ပစ္စည်းများ ပေးအပ်ပါရန် မေတ္တာရပ်ခံပြန်သည်။ မိမိတို့ကလည်း နိုင်ငံရေးအရ မတရားလုပ်သည်ဟု ယူဆကာ မပေးနိုင်ကြောင်း အတန်တန်ငြင်းကြသည်။ နောက်ဆုံးတွင် ထောင်ပိုင် ဦးသာဦး လက် လျှော့ခဲ့သည်။ ထိုပစ္စည်းများသည် မိသားစုထံမှ ပေးပို့သည့် ပစ္စည်းဖြစ်ကြောင်း၊ မိမိတို့၏ ထောင်ဝင်စာတွင် ထိုပစ္စည်း များ လက်ခံရရှိခဲ့ကြောင်းကို လက်မှတ်ထိုးပေးခြင်း လောက်တော့ ကူညီပါဟု ထောင်ပိုင်က ဆိုသည်။ သူတို့အနေဖြင့် မလုပ်လိုသော်လည်း ထောက်လှမ်းရေးက ဖိအားပေသဖြင့် လုပ်ရသည်ကို နားလည်ပါရန်လည်း ပြောကြားခဲ့သည်။ ထို့နောက် မိမိတို့အား သက်ဆိုင်ရာ တိုက်ခန်းများသို့ ပြန်ပို့ခဲ့သည်။


ထူးခြားမှုတစ်ခုမှာ ထိုနေ့ညက နိုင်ငံရေး အကျဉ်းသားအချို့ ထောင်ပြောင်းရွှေ့ခြင်း ခံရသည်။ မှတ်မှတ်ရရ ထိုနေ့ညက မိမိတို့ ၃-တိုက်မှ ထောင်ပြောင်းခံရသူ ၂ ဦးရှိခဲ့သည်။ တစ်ဦးမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ကိုကျော်မင်းယု (ဂျင်မီ)သာယာဝတီထောင်သို့ပြောင်းရွှေ့ခံရသည်။ နောက်တစ်ဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုမိုးဇော်ဦး သရက် ထောင်သို့ ပြောင်းရွှေ့ခံရသည်။ သူတို့ ၂ ဦးမှာ မိမိတို့ နိုင်ငံရေးတိုက်ဝန်းတွင် “ဒီလှိုင်း” သတင်း လက်ရေး စာစောင် ထုတ်ဝေရေးတွင် အမာခံ ရဲဘော်များဖြစ်သည်။

ထိုစဉ်က ဂျင်မီနှင့် မြတ်ထွန်း (ကျော်သက်မင်း)တို့ အတူတိုက်ခန်းတစ်ခု၌ နေကြရသည်။ ဂျင်မီ၏ ကြိုးပမ်းမှုဖြင့် ထရန်စစ္စတာ ရေဒီယိုငယ်တစ်လုံး ခိုးသွင်းနိုင်ခဲ့သည်။ ညဘက်၌ ဂျင်မီနှင့် ဘကြီး ခေါ် မြတ်ထွန်းတို့ ထိုရေဒီယိုကို နားကျပ်ဖြင့် ခိုးနားထောင်၍ မှတ်စုလိုက်ရသည်။ တစ်ယောက်နားထောင် မှတ်စုလိုက်နေချိန်တွင် တစ်ယောက်က ကင်းစောင့်ရသည်။ ထောင်ဝန်ထမ်းဖြစ်စေ၊ ထောက်လှမ်းရေးဖြစ်စေ လှည့်ကင်းဝင်လာလျှင် အချင်းချင်း အချက်ပေးရ သည်။ ထိုမှတ်စုများကို လက်ရေးစာစောင်ဖန်တီးရာ၌ လက်ရေးလှလှရေးတတ်ကြသော ကိုမိုးဇော်ဦးနှင့် ကိုသီဟ ထွဋ်ခင်တို့က တာဝန်ယူလေ့ရှိသည်။ ယင်းလက်ရေးစာစောင်များတွင် ဆရာဦးဝင်းတင် က နိုင်ငံရေးဝေဖန်ချက် ခေါင်ကြီးများ ရေးလေ့ရှိသည်။ ရံဖန်ရံခါ ကဗျာရှည်ကြီးများလည်း ဆရာက ရေးသည်။ ဒေါက်တာ ဇော်မြင့်မောင် က ကဗျာရေးတတ်ပြီး၊ ဒေါက်တာမြင့်နိုင် က နိုင်ငံရေးအတွေ့အကြုံရေးတတ်သည်။ မိမိအပါအဝင် အခြားသူများလည်း သူတို့ နိုင်ငံရေး အမြင်များရေး ကြသည်။ 

ထိုသို့ နိုင်ငံရေးအမြင်များနှင့် ဝေဖန်သုံးသပ်ချက်များ ရေးသားနိုင်ကြခြင်း၏ သော့ချက်မှာ သတင်းများရရှိနေ၍ ဖြစ်သည်။ သတင်းမပြတ်စေရန်အတွက် ပြင်ပမှ သတင်းစာ ဂျာနယ် Times, News Week စသည်တို့ကို ခိုးသွင်းခဲ့ကြသည်။ မိမိတို့ နိုင်ငံရေးအကျဉ်းသားများအပေါ် စာနာထောက်ခံသည့် ဝန်ထမ်းများက ဘဝနှင့်ရင်ကာ ကူညီခဲ့ကြသည်။ ထောက်လှမ်းရေးက စစ်ဆေစးရာတွင် မိသွားသော ထောင်ဝန်ထမ်းအချို့ ရှိခဲ့သည်။ ယင်းဝန်ထမ်းများကို ချက်ချင်း ယူနီဖေါင်းချွတ်စေ၍ သံခြေကျင်းခတ်ကာ အလုပ်ကြမ်းစခမ်းများသို့ ပို့ခဲ့သည်။

မိုးဇော်ဦး နှင့် ဂျင်မီ တို့ ၂ ဦး ၁၉၉၅ သြဂုတ် ၅ တွင် ထောင်ပြောင်းခံလိုက်ရပြီးနောက် မိမိတို့ နိုင်ငံရေးတိုက်ဝင်း အတွင်း၌ “ဒီလှိုင်း” သတင်းလက်ရေး စာစောင်ထုတ်လုပ်ရေး ရပ်တန့်သွားခဲ့လေသည်။ ထိုရဲဘော် နှစ်ဦး ထောင်ပြောင်း ခံလိုက်ရသောကြောင့် ထောင်တွင်းသတင်းနှင့် ပြန်ကြားရေးလုပ်ငန်းစဉ်အား အတော်ပင်အားနည်းသွားစေခဲ့သည့် အတွေ့အကြုံကို အထူးပင် သတိရ မှတ်မိနေပါသည်။

ကိုးကား - စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နှင့် အခြားဆောင်းပါးများ (ဇင်လင်း)