Breaking News

ခင်လေး (Aotearoa) - တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်-၁၉၊ ဒုတိယလှိုင်း- မှတ်တမ်း-၄

 

တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်-၁၉၊ ဒုတိယလှိုင်း- မှတ်တမ်း-၄

ခင်လေး (Aotearoa)

(မိုးမခ) သြဂုတ် ၃၁၊ ၂၀၂၀

အဌာရဿ ၁၈ ရက်မြောက်နေ့၊ သတိပေးချက် အဆင့် ၃၊ 

ဒီနေ့ည ၁၁ နာရီ ၅၉ မိနစ် အချိန်မှာ အော်ကလန် တစ်မြို့လုံး သတိပေးချက် အဆင့် ၂ ကို ဆင်းကြဖို့ စီစဉ်ထားပေမယ့် နေ့လည်က သတင်းစာ ရှင်းလင်းပွဲမှာ အဆင့် ၂.၅ ကို ဆင်းမယ်လို့ ဝန်ကြီး ချုပ်က ပြောသွားပါတယ်။ ၂ နဲ့ ကွာတာကတော့ လူမှုရေး ပွဲတွေမှာ လူ၁၀၀ အစား ၁၀ ယောက်ပဲ စုခွင့်ရပြီး နာရေးအတွက်တော့ ၅၀ အထိပဲရတာနဲ့ အများသုံး ပို့ဆောင်ရေးယာဉ်တွေသုံးရင် မျက်နှာဖုံး နှာခေါင်းစည်း မဖြစ်မနေတပ်ကြဖို့ အစိုးရအမိန့်ထုတ်ထားတာပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အပြင်ထွက်တိုင်း တပ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ ကျောင်းကားတွေပေါ်မှာတော့ မတပ်လည်း ရတယ်တဲ့၊ သမီးလေးကတော့ တပ်ချင်ပုံရပါတယ်။ သားကလည်း တပ်မယ်တဲ့။ အမေကတော့ မတပ်ချင်ပါ၊ သို့သော်လည်း တာဝန်အရ တပ်ရပါမည်။ 

ဒီလောက်အရေးကြီးနေတဲ့အချိန်မှာ တလွဲလုပ်ကြသူများကတော့ ကိုးဗစ် ၁၉ ဝက်ဘ်ဆိုဒ်ကို တာဝန်ယူကြရသူတွေပါပဲ။ အော်ကလန်တောင်ဘက်နဲ့ အနောက်ဖက်ပိုင်းမှာနေတဲ့သူတွေ ဖျားရင် နေမကောင်းရင် ကိုးဗစ် ရှိမရှိစစ်ကြပါလို့ ရေးရမယ့်အစား အတိုချုံးပြီး အော်ကလန် တောင်ဘက်နဲ့ အနောက်ဖက်ပိုင်းမှာ နေတဲ့သူတွေ ကိုးဗစ် ရှိမရှိ စစ်ဖို့လိုပါတယ်လို့ ရေးပြီး တင်ကြတယ်။ အဖေက ဒီနေ့မနက် အဲဒီ သတင်းဖတ်ပြီး အဲဒီအကြောင်းကိုယ့်ကိုပြောတော့ အတော်လေး စိတ်ဆင်းရဲတာ။ အဲဒီ အချောင်းအရှည်ကြီးတွေ နှာခေါင်းထဲဝင်ဝင်သွားတာကြည့်ကြည့်ပြီး ကြောက်နေတာလေ၊ တချို့စစ်ဘူးတဲ့သူတွေကတော့ သိတောင်မသိလိုက်ဘူးဆိုပဲ။ မယုံပါဘူး။ တာဝန်သိကြသူများကတော့ တက်ကြွစွာ သွားစစ်ကြတာ ဆေးစစ်တဲ့စခန်းတွေအကုန်လုံးမှာ ကားတန်းရှည်ကြီးတွေ ပြန်ဖြစ်နေပြန်ရော။ သတင်းစာရှင်းလင်းပွဲလည်းကျရော ဝန်ကြီးချုပ်က လိုရင်းတိုရှင်း ရေးခိုင်းတာ တိုလွန်းပြီး လိုရင်းပျောက်သွားတော့ ဒီကိစ္စအတွက် သူ ဘယ်လောက် စိတ်တိုရကြောင်း ပြောသွားပါတယ်။ ကိုယ်ကတော့ အတော်လေးကိုပျော်သွားတာ။ 

အော်ကလန်ကလူတွေအားလုံး နယူးဇီလန်တစ်ဝှန်းလုံးကို ပြန်သွားလို့ ရပြန်ပြီပေါ့။ အော်ကလန်ပြန်ဖွင့်တာ အော်ကလန်ကလူတွေသာမက တစ်နိုင်ငံလုံး ပျော်နေကြတာ။ တချို့ကတော့ သူတို့ဆီကို ပိုးရောက်လာမှာစိုးလို့ ကြောက်နေကြလေရဲ့။ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကလူတွေ အသက်ဖြည်းဖြည်း ပြန်ရှူနိုင်ကြတော့မှာပေါ့။ 

ထူးထူးခြားခြား သတင်းလေးတစ်ပုဒ် မနေ့ကထဲကစိတ်ဝင်စားနေတာကတော့ မွေးကင်းစကနေ ၃ နှစ်သားလောက်အထိ ကလေးတွေအတွက် အသင့်စား အစားအစာထုပ်ကလေးတွေမှာ အပေါက်တွေ တွေ့နေရတဲ့ သတင်းပါပဲ။ အော်ကလန်မြို့နဲ့၊ နေပီယာမြို့မှာတဲ့။ ဖြစ်ရတဲ့အကြောင်းရင်းကို ရဲက အမှုဖွင့်ပြီး စစ်ပါတယ်။ စစ်ရခြင်းအကြောင်းရင်းနဲ့ သမိုင်းကြောင်းကိုသိရင် သိပ်တော့ အံ့သြစရာမရှိလှပါဘူး။ 

ပြီးခဲ့တဲ့စတော်ဘယ်ရီရာသီမှာ ဆိုင်တင်တဲ့အသီးထဲကို အပ်ထည့်ထားတဲ့အမှု သြစတြေးလျမှာရော နယူးဇီလန်မှာပါ ဖြစ်ခဲ့ပါတယ်။ ကုမ္ပဏီတွေအချင်း ချင်းဖြစ်ကြတဲ့ တိုက်ပွဲပေါ့၊ အတော်ရှုပ်တာ။ ခုလည်း အဲဒီလိုဖြစ်မှာစိုးလို့ တင်းတင်းကျပ်ကျပ် လုပ်နေတာထင်ပါရဲ့။ 

ဒီတစ်ခါတော့ စတိုးတွေကို မဖြန့်ခင်ထားတဲ့ကုန်လှောင်ရုံမှာ ကြွက်ကိုက်တာတဲ့။ တံဆိပ် ၃ မျိုးလုံးကို ဆိုင်တွေက အကုန်ပြန်သိမ်းတယ်။ ကုန်လှောင်ရုံမှာလည်း ကြွက်နှိမ်နင်းတဲ့ကုမ္ပဏီကိုခေါ်ပြီး ရှင်းနေကြောင်း၊ ဝယ်ထားပြီး မလိုချင်တော့လို့ ရှိရင် ပြန်အမ်းပေးမှာ ဖြစ်ကြောင်း၊ ကလေးတွေကို ကျွေးပြီးလို့ နေမကောင်း ဖြစ်မှာ စိုးရင် ဆရာဝန်ဆီသွားဖို့အကြောင်း တန်းစီပြီး ပြောသွားပါတယ်။ တရားစွဲမခံရအောင်၊ တစ်ခုခုဖြစ်လို့ တရားစွဲခံရရင်လည်း သက်သာအောင် ကြိုတင် ပြင်ဆင်မှုတွေပေါ့။ ကောင်းတော့လည်း ကောင်းပါတယ်၊ ပရမ်းပတာ သိပ်မလုပ်ဖြစ်အောင် ဟန့်တားပေးနိုင်တဲ့ ဥပေဒတွေ စည်းမျဉ်းစည်းကမ်းတွေပေါ့။ 

ခင်လေး (Aotearoa)

21:54 p.m. 30.08.2020 Sunday (Level 2.5 ရောက်ဖို့ 2 နာရီအလို)