Breaking News

ကေဇော်မိုး - ပြည်မှာဆောင်း၊ နှင်းပွင့်ရည်၊ အိပ်မက်ကပွဲ

 

ပြည်မှာဆောင်း၊ နှင်းပွင့်ရည်၊ အိပ်မက်ကပွဲ

ကေဇော်မိုး

(မိုးမခ) သြဂုတ် ၃၁၊ ၂၀၂၀


နှင်းရည်စက်များကား တဖွဲဖွဲဖြင့် မြေကဗလာထံ ခယခိုဝင်လာခဲ့ပါပြီ။ နှင်းရည်စက်များ ပက်ဖြန်းထားခံ မြေပြင်ကား စွတ်စိုချောမွေ့လျက်ပင်။ သဇင်နွယ်တို့ကား နှင်းစွတ်လေ၏အ​ပြေအညင်းထံတွင် ရနံ့သင်းပေတော့မည်။ အသိမ်မွေ့ဆုံးဆောင်းလများသည် သဇင်မင်းတို့အား ရဂုံမြိုင်ယံထံတွင် တင့်ဆန်းဖူးပွင့်စေပါတော့မယ်။

" တစ်လောကလုံးမှာ ခရမ်းနုရောင်လေးတွေ မှိုင်းမှိုင်းဝေနေ နှင်းဝတ်မှုန်တွေရဲ့ အတားအဆီးမဲ့ နယ်ကျွံမှုတွေ ရင်ခွင်မှာ တွယ်ငြိလာတဲ့ အတိတ်ဆိုတဲ့ကမ္ဘာ"

အတိတ်ဆိုတဲ့ကမ္ဘာက ဟောင်းနွမ်းလွန်းပေမယ့် အမှန်တကယ်တည်ရှိခဲ့ဖူးသော ရုပ်ကြွင်းလေးပါပဲ။ ဒီရုပ်ကြွင်းလေးထဲမှာ ပြည်မြို့ရဲ့ဆောင်းညအနည်းငယ်ကို အတူတူဖြတ်သန်းခဲ့ကြရတာပေါ့။ ​ဆောင်းဟာ ပီသတဲ့နှင်းတစ်အုပ်နဲ့ ရင်ထဲကိုအဆုပ်လိုက်အဆုပ်လိုက်ကြဲပက်လိုက်ပါတယ်။ ပြည်ရဲ့ဆောင်းက အမြင့်ဆုံး အအေးဒဏ်နဲ့ ဆီးကြိုထွေးပွေ့ထားခဲ့ပါတယ်။ ဂီတအနုပညာသမားခင်ဝမ်း ရဲ့ "ပြည်မှာဆောင်း"ကို စိတ်လိုလက်ရ အထပ်ထပ် အော်ဆိုမိခဲ့ ညတစ်ချို့က နှလုံးအိမ်ထဲစွဲထင်လို့ပါပဲ။

" ပြည်မြို့ဆိုပြီး ပေးထားတဲ့နာမည်လေးက အတော်ထူးခြားတာပဲ မောင်။ ပြည်မြို့ရယ်လို့ ဖြစ်လာရပုံကို မောင်သိလား။"

"သိတယ်လို့ပဲ ဆိုရမှာပဲ နှင်း။ ပြည်မြို့ရယ်လို့ ဖြစ်လာပုံကို ခိုင်မာတဲ့ မှတ်တမ်းအထောက်အထားတော့ မတွေ့ရဘူး။ "

"ဟုတ်ပြီလေ။ မောင်သိရှိမှတ်သားထားသမျှ ပြည်မြို့အကြောင်းကိုပြောပြလေ။"

" ပထမအဆိုတစ်ခုက ပျူမြို့တော်ဟောင်းဖြစ်တဲ့ သ​ရေခေတ္တရာမြို့က အခုပြည်မြို့ရဲ့မှော်ဇာအရပ်မှာ တည်ရှိခဲ့တာပါ။ ပျူလူမျိုးအများစု အ​ခြေချနေထိုင်ခဲ့တဲ့ ပျူမြို့ပြတစ်ခုပါ။"

" သရေခေတ္တရာမြို့ကြီး ပျက်စီးသွားပြီးတဲ့နောက် ကြွင်းကျန်ရစ်ခဲ့တဲ့ ပျူလူမျိုးအုပ်စုလေးတွေက အခုပြည်မြို့တည်ရှိတဲ့ ရွှေဆံတော်ဘုရားပတ်ဝန်းကျင်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ အဲဒီနေရင်း လူနေထူထပ်လာတဲ့အခါ စီးပွားရေး၊ကူးသန်းရောင်းဝယ်ရေးတွေ အဆင်ပြေလာပါရော။ ပျူလူမျိုးတွေ အခြေချနေထိုင်တဲ့မြို့ဖြစ်တဲ့အတွက် ပျူမြို့လို့ခေါ်ဆိုရာကနေ ကာလရွေ့လျားလာပြီးတဲ့နောက် ​ပျူမြို့ကနေပြီး ပြည်မြို့လို့ပြောင်းလဲသွားတယ်လို့ မှတ်တမ်းတစ်ချို့ကဆိုထားတယ်။"

"ပြည်မြို့ဖြစ်လာပုံက စိတ်ဝင်စားဖို့ကောင်းတယ်။ ဒုတိယအဆိုကိုလည်း ပြောပြပါဦး မောင်"

" နောက်မှတ်တမ်းတစ်ခုကတော့ သီရိခေတ္တရာမင်းနဲ့နောက်လိုက်အပေါင်းအပါတွေက အခုရှိနေတဲ့ ပြည်မြို့ကို နဝါဝါသီလို့ အမည်ပေးခဲ့ပါတယ်။ ပြည်အနောက်ဖက်ကမ်းမှာရှိတဲ့ ဖိုးဦးတောင် ဘုရားသမိုင်းမှာ ဖော်ပြပေးထားတယ် နှင်း။ သီရိခေတ္တရာမင်းနဲ့နောက်လိုက်အပေါင်းအပါတွေက ရသေ့၊ရဟန်းပြုပြီးတဲ့နောက် နဝါဝါသီအရပ်က စစ်မက်အပေါင်းပြေငြိမ်းအေးရာ အရပ်ဒေသဖြစ်တဲ့အတွက် ပြေမြို့လို့ခေါ်ပြန်တယ်။ စကားလုံးအဆင့်ဆင့် ရွေ့လျားပြောင်းလဲလာပြီးတဲ့နောက် ပြည်မြို့ဖြစ်လာပြန်တယ်"

"သမိုင်းတွေကလဲ အရှုပ်ရှုပ်အထွေးထွေးပါပဲ မောင်"

"ဟုတ်တယ် နှင်း။ ပြည်မြို့သမိုင်းရယ်မှ မဟုတ်ဘူး။ ဗမာပြည်မှာ သမိုင်းမှတ်တမ်းတွေက အတော်ရှုပ်ထွေးပါတယ်။ အနီးစပ်ဆုံး အဖြစ်နိုင်ဆုံးမှတ်တမ်းတစ်ခုတော့ရှိတယ်။ ပုဂံခေတ်နှောင်းပိုင်းက နန်းတက်လာတဲ့ နရသီဟပတေ့ရဲ့ သားဖြစ်သူ သီဟသူက မြန်မာသက္ကရာဇ် (၉၀၄)ခုနှစ်မှာ ပြည်မြို့ကိုတည်ထောင်ခဲ့တာတဲ့"

" ပြည်က ချစ်စရာမြို့လေးပါ မောင်။ ပြည်ရဲ့ဆောင်းကနာမည် ကျော်ပဲ"

"ပြည်ရဲ့ဆောင်းထက် မောင့်ရင်ထဲက ဆောင်းကပိုလှပါတယ် နှင်း"

အမြန်ရထားသည် ညယံတစ်ခုအတွင်းတရိပ်ရိပ်ဖြင့် အရှိန်နှုန်းမြင့်တင် ပြေးလွှားလျက်ရှိပါ၏။ အာရုဏ်ဦးဝန်းကျင်မှာ ပြည်မြို့သို့ဝင်ရောက်ရန် အားသွန်ခွန်စိုက် ရုန်းကန်နေဆဲ။

♥ အချိန်ရာသီညီပြီဆို

တစ်မြေဆီလယ်လောက်ဝေးဝေး

ဆစ်ခနဲ လှိုက်ဝင်လာတဲ့ ငွေဇာပုလဲမှော်တို့က

မပျောက်ဆုံးမယ့် စိတ္တဇမှာ

ဘဝဆက်တိုင်း နှင်းတွေဝေစေလား။


"နှင်း ။ ဒီနေရာက နာမည်ကြီးနေရာ။ အခု​တွေ့နေတဲ့ အိမ်က ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ တပြည်သူမရွှေထား ဝတ္ထုထဲက မရွှေထားတို့ရဲ့အိမ်လေ။"

"ဒါဆို တစ်ပြည်သူမရွှေထားက တကယ့်အဖြစ်အပျက်ပေါ့။"

"မဟုတ်ဘူး နှင်း။ တစ်ပြည်သူမရွှေထားက ဆရာတက္ကသိုလ်ဘုန်းနိုင်ဖန်တီးခဲ့ ဇာတ်လမ်းတစ်ခုပါပဲ။ "

"ဒီတောင်က သိပ်လည်းမမြင့်ဘူး။ သိပ်လည်း မနိမ့်ဘူး​နော် မောင်။ နောက်ပြီး ဒီတောင်ပေါ်ကနေ

ပြည်မြို့ကို အပေါ်စီးက ကြည့်လို့ရတယ်။ "

"ဒီတောင်ကို မင်းကြီးတောင်လို့ခေါ်တယ် နှင်း။ ပြည်မြို့ကို ဝန်းရံထားတဲ့ တောင်စဉ်တွေထဲက တစ်ခုအပါအဝင်ပေါ့ နှင်း"

" ဒီတောင်ပေါ်ကနေ ဧရာဝတီမြစ်ကို ကြည့်ရတာနဲ့ နဝဒေးတံတားကိုကြည့်ရတာလဲ အတော်လှတာပဲ မောင်"

"ပြည်က အလှစုံပါတယ်။ သဘာဝအလှတွေအပြင် အနုပညာအလှကလည်း ဒီနိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်တာတွေပါ နှင်း။"

"အဲဒီ အနုပညာသမားတွေကို သိလား နှင်း"

"မသိဘူး မောင်။ နှင်းကိုပြောပြပါလား။"

"ဂီတအနုပညာသမား ခင်ဝမ်း (ခ)ပန်းချီ ခင်ဝမ်း၊ ကဗျာဆရ ာမောင်ချောနွယ်၊ ဝတ္ထုတိုဆရာ ကိုဆွေ။ ပြည်မြို့ရဲ့ဂန္ထဝင်မြောက် အကောင်းဆုံးအနုပညာထုတ်ကုန်တွေပါပဲ နှင်း။ "

" ဟိုမှာ လှမ်းမြင်နေရတဲ့ နဝဒေးတံတားအောက်က ဧရာဝတီမြစ်ရေပြင်ကိုကြည့်ပါ နှင်း။ ဆရာခင်ဝမ်းက ဧရာဝတီမြစ်ကိုကြည့်ပြီး သီချင်းနဲ့ပန်းချီတစ်ကား ရေးဆွဲထားခဲ့တယ်။"

"ဧရာဝတီဆိုတဲ့ သီချင်းမလား။ အဲဒီ သီချင်းကို နှင်းသိတယ်။ ဒီလိုလေ.."

" တိမ်တိုက်တွေရဲ့အဆုံး အနောက်ဘက်က...

အဝေးမိုးကုတ်စက်ဝိုင်းတစ်နေရာမှာ နေရောင်တစ်ချို့ရှိနေသေး... မြူတွေဆိုင်းနေတဲ့ ရခိုင်ရိုးမရဲ့အရိပ်...ဟိုဖက်ကမ်းခြေမြစ်ရိုးမှာ... မှောင်မိုက်နေပြီ..."

"ဟုတ်တယ် နှင်း။ ဒီသီချင်းပါပဲ ပန်းချီအမြင်နဲ့ဂီတပေါင်းစပ်ရေးထားခဲ့တာ။ ဆရာခင်ဝမ်းရဲ့ မာစတာပိစ်တစ်ခုပေါ့"

နှောင်းအတိတ်ထံတွင် ဆိုဖူးခဲ့သော တစ်ခွန်းစကား အထပ်ထပ်သည် နှစ်ပရိစ္ဆေဒထံတွင် ဝေဝါးနေခဲ့သော်လည်း ပြန်လည်ယှက်နွယ်ထိစမ်းမိပါလျှင် ချိုမြနွေးထွေးဆဲပါပဲ။ ချစ်ခြင်းမေတ္တာဆိုတဲ့အရာဟာ ခံစားတတ်သောနှလုံးသားတစ်စုံအတွက်တော့ မေ့ကောင်းစရာရယ်လို့မှ မဟုတ်တာ။ အမြဲပျိုမြစ် သစ်လွင်ဆဲပါ။ နှလုံးသားရင်ပြင်မှာ ကဗ္ဗည်းတင်ခဲ့ရသောသမိုင်းအတွက် ရှင်နေသမျှကာလပတ်တာလုံး မမေ့နိုင်ခြင်းက သစ္စာမည်သတဲ့လား။ သစ္စာစူးလို့ ရူးခဲ့ရသောအဖြစ်က ဆောင်းနှောင်းတစ်ခုရဲ့ လေအလျင်ထံမှာ ဖွဲ့တည်ခဲ့ပါတယ်။

♥ နှင်းတွေထဲမှာ

မစဲနိုင်မယ့်အလွမ်းနဲ့

အလင်းဖျော့နေရီနုထဲ

ငေးငိုင်ကြွေနေရတယ်။