Breaking News

အောင်ဝေး - မ စ် ရှီ ဂ န် မဲ ဇာ - ၁ ၀


အောင်ဝေး - မ စ် ရှီ ဂ န် မဲ ဇာ - ၁ ၀

(မိုးမခ) ဩဂုတ် ၃၁၊ ၂၀၂၀

အစွန်းရောက်အမျိုးသားရေးဝါဒ(EXTREME NATIONALISM)ဆိုတာ ဘာလဲ။

EXTREME NATIONALISM ဟု ပြောလိုက်လျှင် ကျနော်တို့သည် ဟစ်တလာနှင့် ဂျူးလူမျိုး(၆)သန်းကို ပြေးမြင်မိကြသည်။ ဟစ်တလာ၏ လူမျိုးကြီးဝါဒ ဟုဆိုကြပါစို့။ ထိုဟစ်တလာဝါဒ၊ တစ်နည်း EXTREME NATIONALISM (EN)က ကျနော်တို့ မြန်မာပြည်မှာလည်း ရှိသည်။

[ဥပမာ- စစ်တပ်ကို ထောက်ခံအားပေးသည့် (စစ်တပ်ကလည်း ကာကွယ်ပေးထားသည့်) ဝိုင်၊အမ်၊ဘီ၊အေ အသင်းမျိုး၏ အမျိုး၊ ဘာသာ၊ သာသနာ ကြွေးကြော်သံသည် EN ဖြစ်သည်။ ယခုအခါ၊ မ ဘ သ တစ်ဖြစ်
လဲ၊ ကျော်မျိုးရွှေ-အေးပိုင်အဖွဲ့မျိုး၏ အမျိုးသားရေးအမည်ခံကြွေးကြော်သံ သည် EN ဖြစ်သည်။ ။ဤကား စကားချပ်]

အမေရိကလို ကမ္ဘာ့ထိပ်တန်း ဒီမိုကရေစီနှင့်လူ့အခွင့်အရေး နိုင်ငံမျိုးတွေမှာတောင်၊ ထို EN ကို တွေ့လာနေရပြီဖြစ်သည်။ မသိမသာကနေ တဖြည်းဖြည်း သိသာထင်ပေါ်လာသည်အထိ၊ တချို့အစိုးရတွေ ကိုယ်တိုင်
က EN ကို အားပေးလာနေတာဖြစ်သည်။

ထိုကဲ့သို့သော နိုင်ငံရေးရာသီဥတုမှာ၊ ကိုဗစ်-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုးကြီးက တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှ့ံလာနေခဲ့သည်။ ထိုရောဂါပိုး ဘယ်ကလာသလဲ။ တရုတ်ပြည်၊ ၀ူဟန်မြို့က လာတယ်။ ၀ူဟန်ဗိုင်းရပ်စ်
ဟုပင် ခေါ်ခဲ့ကြသည်။ တရုတ်ပြည်က ဘယ်နေရာမှာလဲ။ အာရှမှာ။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက Covid-19 coronavirus ကို၊  ကမ္ဘာ့ကပ်ရောဂါ Global Pandemic အဖြစ် သတိပေးကြေညာလိုက် သောအခါ ... ။

အမေရိကမှာ၊ ဗြိတိန်မှာ၊ အသားအရောင်ခွဲခြားမှု၊ လူမျိုးရေးခွဲခြားမှုတွေ ရုတ်ခနဲထ ပေါ်ပေါက်လာတော့သည်။ ဒါကို RACISM ဟုခေါ်သည်။

အမေရိကက တချို့မြို့ကြီးတွေက စားသောက်ဆိုင်တွေမှာ "NO CHINESE" ဟု စာရေးကပ်ထားလိုက်ကြသည်။ တရုတ် မဝင်ရ။ ယင်းမှာ ကိုဗစ်-19 ကပ်ကြီးအစမှာ စတင်မီးရှို့လိုက်သည့် RACISM မီးတောက်ပင်
ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ပိုး တရုတ်ပြည်က စတင်ပြန့်ပွားတာ။ တရုတ်လူမျိုး အလိုမရှိ။ ထိုသဘောထားမျိုး တချို့သော အမေရိကန်လူဖြူ အစွန်းရောက် အမျိုးသားရေးဝါဒီတွေဆီမှာရှိသည်။ ထိုသို့ အမေရိကန်လူဖြူတချို့၏
အမျိုးသားရေးအစွန်းရောက်မှုဒဏ်ကို အမေရိကန်လူမည်း(AFRICAN - AMERICAN)တွေ ခံရသည်။ စပိန်စကားပြော MEXICAN-LATINO တွေခံရသည်။

ဟော- အခုတော့ ကျနော်တို့အာရှသားတွေဘက် လှည့်လာသည်။ ကျနော်တို့က အသားဝါသည်။ အသားညိုသည်။ YELLOW SKIN ဟု ဆိုသည်။ အဖြူမဟုတ်လျှင်၊ ကျန်သည့်သူများကို အသားအရောင်ရှိသူဟု ထို အဖြူအစွန်းရောက်တွေက သတ်မှတ်သည်။

စားသောက်ဆိုင်မှာ "NO CHINESE" ဟု စာကပ်ရုံနှင့် မပြီးသေး။ ထိုသူတို့က အာရှသားထင်သမျှကို ရန်ရှာလာကြတော့သည်။ လူကြားသူကြားထဲမှာပင် "GO BACK YOUR HOME" ဆိုပြီး၊ လက်ည်ှုး ငေါက်ငေါကထိုးကာ အော်ဟစ်မောင်းထုတ်တာ ခံရပြန်သည်။ မင်းတို့တိုင်းပြည် မင်းတို့ပြန်သွား။ ထိုကဲ့သို့ အော်ဟစ်မောင်းထုတ်ခံရသည့်အထဲမှာ ကျနော်တို့ မြန်မာများလည်းပါသည်။

တရုတ်ကဲ့သို့၊ ဗီယက်နမ်ကဲ့သို့၊ မြန်မာကဲ့သို့၊ အသားအရောင်ရှိသော အာရှသား လူမျိုးခြားတွေကို၊ ထို လူဖြူအစွန်းရောက်အမျိုးသားရေးသမားတချို့က ရန်သူဟု မြင်ကြသည်။ ခြိမ်းခြောက်နှောင့်ယှက်ကြသည်။ ရန်
ပြုတိုက်ခိုက်ကြသည်။အိမ်နံရံတွေမှာ "GET OUT" ဆိုပြီး တချို့စာတန်း ခံရသည်။

ကိုဗစ်-19 ကပ်ကြီးအတွင်းမှာ၊ ကိုရိုနာဗိုင်းရပ်စ်ရန်သူက၊ ကိုယ်နှင့်(၆)ပေ အကွာမှာ လုပ်ကြံဖို့ အသင့်ချောင်းမြောင်းနေသည်။ သေရေးထက် ထို အစွန်းရောက်အမျိုးသားရေးဝါဒ EN သမားတွေရဲ့ရန်က ခက်နေသည်။

ကယ်လီဖိုးနီးယားမှာ မြန်မာအပါအဝင် အာရှသားမိသားစုတချို့ ကိုယ့်အိမ် ကိုယ်မနေရဲလောက်အောင် ခြိမ်းခြောက်တာခံရသည်။ နီးစပ်ရာ၊ ရင်းနှီးရာ ပြောင့်ရွှေ့နေကြရသည်။ တက္ကဆက်မှာ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား သားအဖ၊ ကိုယ်ထိလက်ရောက်ထိုးနှက်ခံရပြီး၊ ဒဏ်ရာအနာတရ ဖြစ်ရသည်။ အခြား အာရှနွယ်ဖွားတွေ ရင်ဆိုင်ရသည့် အန္တရာယ်တွေက အမေရိကန်တလွှားမှာ ရှိနိုင်သေးသည်။

မနေ့တစ်နေ့ကပင်၊ ၀စ္စကွန်စင်ပြည်နယ်မှာ၊ ရဲက ပစ်လို့၊ အမေရိကန်လူမည်းတစ်ယောက်သေပြန်သည်။ 

လူမည်းထုကြီး၏ BLACK LIVES MATTER ဆန္ဒပြပွဲတွေ ဒေါသမီးတဟုန်းဟုန်း ပေါ်လာပြန်သည်။ BLM
ဆန္ဒပြသမားတွေက "NO TO RACISM" ဟု ကြွေးကြော်မြဲ။ ကျနော်တို့ အာရှသားတွေလည်း "NO TO RACISM" ဟု ကြွေးကြော်ချင်ပါသည်။

ကျနော်တို့က(အာရှသားတွေက) ယခုဖြစ်ပွားနေသော ကပ်ရောဂါဘေးဆိုးကြီးကို ကိုယ်ချင်းစာတရားနှင့် ရင်ဆိုင်ဖြေရှင်းနေကြပါသည်။ မေတ္တာတရားနှင့် အောင်မြင်ကျော်လွှားနိုင်မည်ဟု ယုံကြည်နေကြပါသည်။

ယနေ့ AUGUST 27, 2020 Covid-19 Live Update: ကမ္ဘာတစ်ဝန်းလုံး- ကူးစက် (၂၄)သန်း။ သေဆုံး- (၈)သိန်း(၂)သောင်း(၂) ထောင်။ အမေရိကန်ပြည်ထောင်စု ကူးစက်-(၆)သန်းကျော်။ သေဆုံး- (၁)သိန်း(၈)
သောင်း(၄)ထောင်ကျော်။ မြန်မာနိုင်ငံ ကူးစက်- (၆၀၂)ယောက်။ သေဆုံး-(၆)ယောက်။

သေဘေးကြီးကြားမှာ၊ ကျနော် အသက်ရှင်အောင် ကြိုးစားနေထိုင်နေပါသည်။ သူများ အစော်ကား မခံရအောင်လည်း သတိထားနေထိုင်နေပါသည်။ ကျနော့်အသားအရောင်၊ ကျနော့်ဇာတိပုည ဂုဏ်မာနကို အထိပါး မခံနိုင်ပါ။

ခက်သည်မှာ? ထို အစွန်းရောက်အမျိုးသားရေးဝါဒဆိုးကြီး၊ ကိုဗစ်-19 ရောဂါကာကွယ်ဆေး စမ်းသပ်ရှာဖွေနေသည့် နယ်ပယ်ထဲ ရောက်ရှိလာခြင်းပင်ဖြစ်လေသည်။ ကိုယ်ဖော်တဲ့ဆေး၊ ကိုယ့်လူမျိုးအတွက်ပဲပေး ဆိုသည့် တစ်ကိုယ်ကောင်း အယူအဆဆိုးကြီးက ကျနော်တို့ကို မျက်လုံးပြူး လျှာထုတ်ကာ သရော်
လှောင်ပြောင်နေလေသည်။

သြော် ... EXTREME NATIONALISM ပြီးတော့၊ VACCINE NATIONALISM ပါလား။

လူကြား၍မှ မကောင်းချေ။ ။

(သြဂုတ် ၂၇၊ ၂၀၂၀)