Breaking News

မိုးခါး - အားလုံးက နိုင်ငံရေးဖြစ်တယ်

 
အားလုံးက နိုင်ငံရေးဖြစ်တယ်
မိုးခါး 
(မိုးမခ) သြဂုတ် ၁၊ ၂၀၂၀

မှားတယ်လို့မဆိုချင်တော့
အေးအေးဆေးဆေးဘဝတွေရဲ့ခံစစ်ကိုပဲကြည့်လိုက်တယ်
ပဲပြုတ်သယ်လေးရဲ့ချွေးကလည်း
အရေးပါတယ်
ကားပေါ်ကသူလမ်းပေါ်ကလူကိုဆဲရဲတိုင်းထွာသွားတာလည်း
အရေးပါတယ်
လက်သီးလက်မောင်းနေ့စားတွေရဲ့အိပ်မက်ကလည်း
အရေးပါတယ်
သဒ္ဓါတရားပေါ်မှီတည်နေတဲ့အရူးလည်း
အရေးပါတယ်
ဆံသဆိုင်ထဲပြုတ်ကျသွားတဲ့ဆံပင်တွေလည်း
အရေးပါတယ်
သမိုင်းစကားနဲ့ပဒေသာငြင်းခုံခြင်းကလည်း
အရေးပါတယ်
အိမ်ရှင်မမီးဖိုချောင်ပြောင်းလဲခြင်းသီအိုရီကလည်း
အရေးပါတယ်
တရားတော်ထဲပြုတ်ကျလာတဲ့အမှားတွေလည်း
အရေးပါတယ်
အဝတ်တစအရောင်သစ်တင်လိုက်တာလည်း
အရေးပါတယ်
ပန်းတွေဝေသလို ယမ်းခိုးတွေဝေနေတဲ့မြို့ရွာတွေလည်း
အရေးပါတယ်
သတင်းကြားထဲခုတ်ရာတခြား ရှရာတခြားတွေလည်း
အရေးပါတယ်
လက်ဖက်ရည်ဆိုင်ထဲဂိမ်းကစားရတာလည်း
အရေးပါတယ်
ရုပ်ဝထ္ထုတွေးကြားကျပ်တည်းခြင်းတွေလည်း
အရေးပါတယ်
အလံတခုအောက် လက်ဖက်စုံနဲ့စကားလုံးတွေလည်း
အရေးပါတယ်
ဟိုတုန်းကလိုတွဲရေးခွဲရေးတွေလည်း
အရေးပါတယ်

အရေးပါတယ်
အရေးပါတယ်
မိုးအကုန်ဆောင်းဦးပေါက်ရောက်လာမဲ့ရာသီထဲ
ပန်းတွေအကြောင်းပဲသီချင်းအဖြစ်ကြားရမလား
ယမ်းတွေဝေနေ့တဲ့ရုပ်ရှင်အဖြစ်ပဲမြင်ရမလား
နိုင်ငံတော် ထစ်အမဲ့ အသံတော့
မကြား မမြင်ချင်.....။    ။

မိုးခါး
23.7.2020