Breaking News

လှကျော်ဇော - ဖေဖေနဲ့ (ဒလ)ဗိုလ်ထွန်းစိန်

Photo - Myanmar NOW


လှကျော်ဇော - ဖေဖေနဲ့ (ဒလ)ဗိုလ်ထွန်းစိန်

(မိုးမခ) ဩဂုတ် ၁၊ ၂၀၂၀


ကိုဗစ်-၁၉ ရောဂါသည်ကို အသက်ကယ်ကုသပေးနေတဲ့ ဖြစ်စဉ်အတွင်း ကူးစက်မှု ခံလိုက်ရတဲ့ ပြည်မြို့ ဆေးရုံကြီးက မေ့ဆေးဆရာဝန်ကြီး ဒေါက်တာဒေါ်မြင့်မြင့်စိန်အကြောင်း ကြားရပြီးနောက် သူ့အကြောင်း ရေးထားတဲ့ ဆောင်းပါးတွေလည်းတွေ့လာရပါတယ်။

ဆောင်းပါးတစောင်မှာတော့ ဒီလို ရေးထားတာ တွေ့လိုက်ရပါတယ်။

‘ဒေါ်မြင့်မြင့်စိန်ဟာ ကိုးကိုးကျွန်းပြန် (ဒလ)ဗိုလ်ထွန်းစိန်ရဲ့သမီးဖြစ်ကြောင်းနဲ့ ဗိုလ်ထွန်းစိန် ဆိုတာ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ခေါင်းဆောင်တဦးဖြစ်ကြောင်း၊ ဖေဖေနဲ့ ရင်းနှီးခင်မင်ပြီး၊ ဖေဖေ့ရဲ့တပ်မှူးတဦးလည်း ဖြစ်ကြောင်း’ ရေးထားတာ တွေ့လိုက်ရပါတယ်။

ဟုတ်ပါတယ်။ ဖေဖေက ‘ကိုထွန်းစိန်ကြီး’ လို့ တရင်းတနှီးခေါ်တဲ့ ဦးလေးဗိုလ်ထွန်းစိန်နဲ့ရော၊ သူ့ဇနီး ဒေါ်ဒေါ် ဒေါ်ခင်တင့်နဲ့ရော ကျွန်မတို့တမိသားစုလုံးနဲ့ ရင်းနှီးခင်မင်ပါတယ်။

ဦးလေးဗိုလ်ထွန်းစိန်ဟာ ဘီ-အိုင်-အေ ကာလ (၁၉၄၂) မှာရော၊ ဒီနောက် ဂျပန်တော်လှန်ရေးကာလ (၁၉၄၅ အထိ) တိုင်း (၄) မှာပါ ဖေဖေ့ အတွင်းရေးမှူး ဖြစ်ခဲ့တာပါ။

ဇာတ်လမ်းအစက ဖေဖေ့ရဲဘော်ကြီး (ပဲခူး)ဦးကြီးမြင့်က စပါတယ်။ ဦးလေးဗိုလ်ထွန်းစိန်ဟာ ဦးလေးကိုကြီးမြင့်နဲ့ မယားညီအစ်ကိုပါ။ ဖေဖေက သူ့အတ္ထုပွတ္တိစာအုပ်မှာ (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော။ ကိုယ်တိုင်ရေးအတ္ထုပွတ္တိ-ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ (ယဉ်မျိုးစာပေ။) နှာ-၇၇-၈၉-၁၁၇-၁၉၁ မ ှ၁၉၄) အဲဒီဦးလေးနှစ်ယောက်စလုံး အကြောင်းတွေ ရေးထားတာတွေ ရှိပါတယ်။ ကျွန်မလည်း ဖေဖေ့အကြောင်းတွေ ဆက်ရေးရင်း ဦးလေးကိုကြီးမြင့်အကြောင်း ရေးဖူးပါတယ်။ (လှကျော်ဇော။ ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ။ အတွဲ (၁)။ ဖြိုးမောက်သာစာပေ။ နှာ-၁၆၇)

တကယ်တော့ သူတို့တတွေဟာ ဗမာ့လွတ်လပ်ရေးတိုက်ပွဲစဉ်တွေအတွင်း ကျရောက်လာတဲ့ တာဝန်တွေကို တတ်စွမ်းသမျှ ပါဝင်ထမ်းဆောင်ခဲ့ကြတဲ့ သူရဲကောင်းများပါ။ ဒါကြောင့် သူတို့အကြောင်း မိမိ သိမီသမျှတွေကို အကြောင်းတိုက်ဆိုင်လာတိုင်း ပြန်ပြန်ရေးနေရတာပါ။ အခုလည်း အရင်က ရေးခဲ့သမျှတွေထဲ့က အကျဉ်းချုပ ပြန်ထုတ်နုတ်ပြီး မရေးရသေးတဲ့၊ ကျန်နေသေးတဲ့ အချက်နဲ့ ပေါင်းရေးပါဦးမယ်။ အခုနောက်ပိုင်းမှ စာဖတ်အားကောင်းလာကြတဲ့ လူငယ်များအတွက်လည်း သမိုင်းကွင်းဆက်တခုအဖြစ်ပေါ့။

ဖေဖေက ၁၉၄၂ ဘီ-အိုင်-အေခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်းဖွင့်စဉ်က သင်တန်းသားတဦးဖြစ်တဲ့ ဦးလေး ကိုကြီးမြင့်နဲ့ စသိခဲ့တာပါ။ ဖေဖေက သိပ်ပညာတတ်ဖြစ်ချင်ရှာတာ။ လွတ်လပ်ရေးရပြီးရင် ကျောင်း ပြန်တက်မယ်။ တက္ကသိုလ်တက်မယ်လို့ စိတ်ကူးရှိထားတာပါ။ ဦးလေးကိုကြီးမြင့်က (စစ်မဖြစ်ခင်က) ရန်ကုန်တက္ကသိုလ် အင်ဂျင်နီယာကျောင်းသားတဦးပါ။ စစ်သင်တန်းတက်ရာမှာလည်း အတော်နှိမ်ချပြီး ကြိုးစားပမ်းစား သင်ယူတာတွေကြောင့် ဖေဖေက လေးစားပြီး ရင်းနှီးခင်မင်သွားပါတယ်။ ဂျပန်က ဘီ-အိုင်-အေ ကို ဖျက်ပြီး ဘီ-ဒီ-အေ ကို ၁၉၄၃ မှာ အသစ်ပြန်ဖွဲ့တော့ ဗိုလ်ချုပ်အောင်ဆန်းက ဖေဖေတို့ကို လျှို့ဝှက်အမိန့်တခု ပေးတယ်တဲ့။ ဘီ-အိုင်-အေတပ်က လူအားလုံး ဘီ-ဒီ-အေ ထဲ မဝင်ဘဲ အချို့အပြင်မှာ အရပ်သားအဖြစ် နေခဲ့ပြီး ဂျပန်တော်လှန်ရေးအတွက် ပြင်ဆင်ဖို့ပါ။ ဒါကို ဖေဖေက ဦးလေးကိုကြီးမြင့်ကို ပြောပြတော့ ဦးလေးက သူ အပြင်မှာနေခဲ့မယ်ဆိုပြီး သူတို့အဖွဲ့ (၃-၄ ယောက်)လေး အပြင်မှာ ကျန်ခဲ့ပါတယ်။ အဲဒီအဖွဲ့ထဲမှာ ဦးလေးဗိုလ်ထွန်းစိန် ပါဝင်ပါတယ်။

၁၉၄၄ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ တာဝန်ပေးချက်အရ သခင်စိုးကို ဖေဖေ သွားခေါ်ရတဲ့အခါ လျှို့ဝှက်ရေး အရ ဖေဖေက သူ့တပ်ထဲက လူတွေ ခေါ်မသွားဘဲ ဦးလေးကိုကြီးမြင့်တို့ အုပ်ကို ခေါ်သွားတာပါ။ သခင်စိုးရဲ့ နိုင်ငံရေးသင်တန်းကို အတူတူတက်ခဲ့ကြပြီး သင်တန်းအပြီးမှာ အတူတူ ဗမာပြည်ကွန်မြူနစ်ပါတီဝင်များ ဖြစ်လာကြပါတယ်။

တခါ သခင်စိုးကို ပြန်ပို့အပြီးမှာ ဖေဖေက အိမ်ထောင်ပြုတော့မယ်လို့ စဉ်းစားပြီး သူ့ရဲဘော်ကြီးတွေဖြစ်တဲ့ ဦးလေးကိုကြီးမြင့်နဲ့ ဦးလေးဗိုလ်ထွန်းစိန်တို့ နှစ်ယောက်ကို ဖွင့်ပြောတိုင်ပင်ပြီး သူတို့ကို ဖေဖေက မေမေတို့အိမ်လွှတ်ပြီး လေ့လာခိုင်းပါတယ်။

အဲဒီကတည်းက မေမေနဲ့ သူတို့ ရင်းနှီးသွားတာပါ။ သူတို့နှစ်ယောက်က သဘောကျ သဘောတူတော့မှ ဖေဖေက သူ လက်ထပ်ဖို့ ပါတီကို ခွင့်တောင်းပြီး မေမေ့ကို တောင်းရမ်းဖို့ စီစဉ်ရတာပါ။ အဲဒီတုန်းက ဦးလေးကိုကြီးမြင့်က အိမ်ထောင်ကျပြီးနေပေမဲ့ ဦးလေးဗိုလ်ထွန်းစိန်က လူပျိုပဲ ရှိပါသေးတယ်။

ဂျပန်တော်လှန်ရေးကာလမှာတော့ ဦးလေးဗိုလ်ထွန်းစိန်ဟာ တိုင်း (၄) တိုင်းမှူး ဖြစ်တဲ့ ဖေဖေ့ရဲ့ အတွင်းရေးမှူးပါ။ အဲဒီကာလက ဦးလေးနဲ့ဆိုင်တဲ့ အဖြစ်ပျက်တရပ်ကို ဖေဖေက သူ့စာအုပ်မှာ ထည့်ရေးထားတာ တွေ့ရပါတယ်။

ဂျပန်တော်လှန်ရေးပြီးခါစလေးမှာ ဖေဖေ့ကို သူ့ရဲဘော်တယောက်က ဂျပန်တယောက်ကို သတ်ပြီး သူ ယူလာတဲ့ စိန်တုံးတွေထဲက ၄ လုံး လာပေးတယ်တဲ့။ သူကိုယ်တိုင်ကတော့ တပ်ကထွက်ပြီး ရွာပြန်တော့မယ်လို့ ဆိုသတဲ့။

ဒီတော့ ဖေဖေက တိုင်း (၄) ကော်မတီဝင်လူကြီးများကို အဲဒီစိန်တုံးတွေအပ်ပြီး သူ့အစီအစဉ်ကိုလည်း ပြောပြသတဲ့။ ဒီစိန်တုံးတွေကို ရန်ကုန် သွားထုခွဲပြီး ရတဲ့ငွေနဲ့ ရဲဘော်တွေအတွက် ငါးပိ၊ ပဲတို့ ဝယ်လာပြီး ပိုတာ ထောက်ပံ့ရေးဌာန အပ်ဖို့ပါပဲ။ သူတို့ကော်မတီတရပ်လုံးက ဒီအကြံကို သဘောကျပြီး ဦးလေးဗိုလ်ထွန်းစိန်ကို စိန်တုံးတွေအပ်ပြီး ရန်ကုန် လွှတ်လိုက်ပါတယ်။ ၃-၄ ရက်လောက်ကြာမှ ဦးလေးက ခေါင်းစုတ်ဖွားနဲ့ ပြန်ရောက်လာပြီး အဲဒါတွေဟာ စိန်တုံးမဟုတ်ဘဲ သလင်းတုံးတွေသာ ဖြစ်နေလို့ ဘယ်မှာမှ ရောင်းမရ ဖြစ်နေကြောင်း ပြောပြရောတဲ့။

ဖေဖေက နောက်ပိုင်း ပြောပြဖူးတာကတော့ ဦးလေးဗိုလ်ထွန်းစိန်က ပြန်ရောက်ရမယ့်အချိန် ပြန်မရောက်တော့ တပ်ကလူတွေက စိတ်ပူလာကြတယ်တဲ့။ တချို့ကတော့ ပစ္စည်းတွေပါတဲ့အတွက် သူ့လုံခြုံရေးကို စိတ်ပူတာ ဖြစ်ပေမယ့် တချို့ကတော့ အလစ်သုတ်များသွားပြီလားပေါ့။ ဖေဖေက ‘ကျွန်တော်ယုံလို့ ကျွန်တော် လွှတ်တာ’ လို့ ခပ်တင်းတင်းပြောရ ဆိုပဲ။

ဖေဖေက ဒီအကြောင်း သူ့အဖေကို ပြောပြတော့ အဘိုးက ‘မင်းကွာ စိန်တုံးနဲ့ သလင်းတုံးများ မခွဲတတ်ဘူးလား’ ဆိုပြီး ရယ်သတဲ့။ ဒီတော့ ဖေဖေက ‘အို အဖေကလည်း၊ ကျွန်တော်တင် မသိတာ မဟုတ်ဘူး။ တိုင်းကော်မတီ လူကြီးတွေအားလုံး မသိကြတာ’ လို့ ပြန်ဆင်ခြေပေးမိသတဲ့။

ဟုတ်ပါတယ်။ ဖေဖေတို့ အဲဒီတိုင်းကော်မတီလူကြီးတွေထဲမှာက လက်သီးပုန်း သခင်ဗတင်တို့၊ (ဒီချုပ်ဥက္ကဋ္ဌ) ဗိုလ်အောင်ရွှေ တို့တွေ ပါတယ်။ အဲဒီလိုလူတွေတောင်မှ မသိတာ ဖေဖေက ဘယ်သိနိုင်ပါ့မတုံး ဆိုပြီး သူ့ဟာသူပြော၊ သူ့ဟာသူရယ်နဲ့။ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်တွေ ပြောပြတုန်းကလေ။

အဲ… ဆက်ပြောရဦးမယ်။ ဖေဖေ့ကို အဲဒီစိန်တုံးတွေ လာပေးခဲ့တဲ့ သူ့ရဲဘော်ဟောင်းကြီးကို ဖေဖေ ခွင့်နဲ့ မိတ္ထီလာမှာ ဆေးကုနေတုန်း (၁၉၄၉) က ပြန်တွေ့သေးသတဲ့။ အဲဒီအချိန်မှာ သူက သင်္ကန်းဝတ်ကြီးနဲ့ တဲ့။ ခေါင်းကလည်း ခပ်ကြောင်ကြောင် ဖြစ်နေပြီတဲ့။ ဖြစ်လည်း ဖြစ်လောက်စရာပါပဲ။ စိတ်တော့မကောင်းစရာပဲ လို့ ဖေဖေက ဆက်ပြောပြပါသေးတယ်။

ဖေဖေတို့က ဂျပန်တော်လှန်ရေး ပြီးတော့ ဦးလေးကိုကြီးမြင့်နဲ့ရော၊ ဦးလေးဗိုလ်ထွန်းစိန်နဲ့ရော အဆက်ပြတ်သွားပါတယ်။ ဖေဖေက ရန်ကုန် ပြန်ရောက်သွားပြီး သူတို့နှစ်ယောက်က ပါတီလုပ်ငန်းတွေ လုပ်ရင်း ပဲခူးမှာပဲ ကျန်ခဲ့ကြပြီး ၁၉၄၈ ပါတီ တောခိုတော့ နှစ်ယောက်စလုံး တောခိုသွားကြပါတယ်။

တောခိုရာမှာ သူတို့နဲ့အတူ ဦးလေးကိုကြည်မြင့်ရဲ့ ခယ်မ ဒေါ်ခင်တင့်လည်း ပါသွားတယ်။ သူက ပါတီရဲ့ အမျိုးသမီးသမဂ္ဂ ခေါင်းဆောင်တဦးပါ။ အဲဒီ ဒေါ်ခင်တင့်ရဲ့ ချစ်သူကလည်း နောက်က လိုက်သွားသတဲ့။ ပဲခူးမြို့ပေါ်က တဦးတည်းသော သူဌေးသားလေးလည်း ဖြစ်သတဲ့။ ဒါပေမဲ့ တောတွင်း ဆင်းရဲမှုဒဏ်ကြောင့်ရော၊ ငှက်ဖျားရောဂါ ဝင်လာတာကြောင့်ရော အဲဒီသူဌေးသားလေး တောထဲမှာပဲ ကွယ်လွန်သွားလို့ သူတို့ချစ်သူနှစ်ဦး လက်မထပ်လိုက်ရဘူးတဲ့။

နောက်ပိုင်း ဦးလေးဗိုလ်ထွန်းစိန်က ဒေါ်ဒေါ့်ကို လက်ထပ်ခွင့်တောင်းပေမဲ့ ဒေါ်ဒေါ်က လက်မခံခဲ့ဘူး တဲ့။

၁၉၅၀ ပြည့်နှစ်များအလွန်မှာ သူတို့နှစ်ယောက်လုံးကို အစိုးရတပ် စစ်ကြောင်းက ဖမ်းမိသွားပါတယ်။ ဒီတော့ ဦးလေးက ဒေါ်ဒေါ်ဟာ ပါတီကေဒါတဦးဖြစ်ကြောင်း သိသွားရင် ပိုအပြစ်လေးမှာစိုးလို့ သူ့ဇနီးပါလို့ ထွက်ချက်ပေးခဲ့သတဲ့။ တကယ်တော့ သူတို့နှစ်ယောက် ထောင်က လွတ်မှ ယူဖြစ်တာပါ တဲ့။

ဒါကတော့ ဦးလေးဗိုလ်ထွန်းစိန်က မေမေ့ကို ပြောပြသွားတဲ့ သူ့အချစ်ဇတ်လမ်းလေး။

ဦးလေးတို့နှစ်ယောက် ထောင်ကလွတ်လာတော့ ဖေဖေက တပ်ကအနားယူလိုက်ရပြီး စမ်းချောင်းမှာ နေနေပါပြီ။ အဲဒီစမ်းချောင်းအိမ်လေးကို ဦးလေးက လာလည်တတ်တယ်။ ဒေါ်ဒေါ်တို့က ကုန်သည်မျိုးရိုးတွေ ဖြစ်လို့ ပဲခူးနဲ့ ရန်ကုန် သွားလို ပြန်လိုက်နဲ့ ကုန်ရောင်း ကုန်ဝယ် လုပ်ကျွေးရှာပါတယ်။ ဦးလေးက ဒါကြောင့် ကျွန်မတို့အိမ် လာလည်ရင် တယောက်တည်းလာတာ များပါတယ်။ ဖေဖေကလည်း အဲဒီကာလက ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတာ၊ ခရီးထွက်နေတာတွေ ရှိနေတတ်လို့ မေမေနဲ့ပဲ တွေ့တာ များပါတယ်။ ဒါကြောင့် သူတို့ စကားလက်ဆုံ ပြောကြရင်းက ဒီဇာတ်လမ်း ပြောဖြစ်ဟန်တူပါတယ်။

ဦးလေးက ဖေဖေတို့ရဲ့ နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားကော်မတီထဲလည်း ခဏ ပါလိုက်သေးသလိုပဲ။ ပြည်တွင်းငြိမ်းချမ်းရေး ပျက်အပြီး (၁၉၆၃) တပြည်လုံးက လက်ဝဲနိုင်ငံရေးသမားများအားလုံး သိမ်းကျုံး အဖမ်းခံရတဲ့အခါ ဦးလေးလည်း ပါသွားပြီးနောက်ပိုင်း ကိုကိုးကျွန်းတောင် ပါသွားပါတယ်။ ၁၉၇၅ ထောင်က လွတ်လာပြီး ၄-၅လ အကြာမှာပဲ လည်ချောင်းကင်ဆာနဲ့ ဆုံးသွားရှာပါတယ်။

အခုတော့ ဦးလေးရော ဒေါ်ဒေါ်ရော ကွယ်လွန်သွားကြပါပြီ။ ဒါပေမဲ့ သူတို့ရဲ့တဦးတည်းသော သမီးလေးက ပြည်သူ့အကျိုးပြုဆရာဝန်ကြီးတယောက်အဖြစ် ပေါ်ထွက်လာတဲ့အပေါ် မိဘများကိုယ်စား ဝမ်းသာပီတိ ဖြစ်မိပါတယ်။

ရှေ့လျှောက်ပြီးလည်း ကျန်းကျန်းမာမာနဲ့ လူထုကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဦးလေးနဲ့ ဒေါ်ဒေါ် ငြိမ်းချမ်းစွာ အနားယူပါတော့။


လှကျော်ဇော

၂၅-၇-၂၀၂၀။