Breaking News

ဧရာ(မန္တလေး) - တပါတီတည်းထဲကိုပဲ ပြတ်ပြတ်သားသား မဲပေးကြ


ဧရာ(မန္တလေး) - တပါတီတည်းထဲကိုပဲ ပြတ်ပြတ်သားသား မဲပေးကြ

(မိုးမခ) ဩဂုတ် ၁၆၊ ၂၀၂၀

အခုတလောမှာ တပါတီအာဏာရှင် စနစ်ဆိုတဲ့ အသံမျိုးတွေ ကြားရပါတယ်။

ပြည်သူအများစု ကြိုက်လို့ ရွေးထားတဲ့ ပါတီက ကြီးစိုးတာကို အာဏာရှင်စနစ်လို့ ပြောလို့ မရပါဘူး။ ပြည်သူ မကြိုက်တဲ့ တနေ့ အချိန်မရွေး (ရွေးကောက်ပွဲနဲ့) ဖြုတ်ပစ်နိုင်ပါတယ်။ ပြည်သူအများစုက မကြိုက်ပေမယ့် ဖြုတ်လို့ မရ, ပြင်လို့ မရတာတွေကမှ အာဏာရှင်ရဲ့ အစိတ်အပိုင်းတွေပါ။

အချို့က အာဏာရှင်တွေ စိတ်တိုင်းကျ ဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကို လက်သင့် မခံနိုင်တာကြောင့် No Vote လုပ်ဖို့ တိုက်တွန်းကြတယ်။ အခြေခံဥပဒေကို ပြင်နိုင်တဲ့ နည်းလမ်းက နှစ်ခုပဲ ရှိပါတယ်။ လွှတ်တော်နဲ့ ပြည်သူ့ဆန္ဒခံယူပွဲ နည်းလမ်းနဲ့ လက်နက်နဲ့တိုက်ယူတဲ့ နည်းလမ်းပါ။ ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးတွေကို ခံနေရတဲ့ နိုင်ငံမှာ တစ်ပူပေါ် နှစ်ပူဆင့်ဖို့ ဆိုတာ မသင့်သလို၊ လက်တွေ့အရ ဖြစ်နိုင်ချေလည်း ပိုနည်းလှပါတယ်။ လွတ်တော်ကနေ ပြင်ဖို့ကြိုးစားတာလည်း အလုပ်မဖြစ်ဘူး မဟုတ်လားလို့ ဆိုပေမယ့်၊ လက်နက်ကိုင်တဲ့ နည်းထက် စာရင်တော့ တဖြည်းဖြည်း ပိုပြီး နီးစပ်လာနိုင်ပါတယ်။

အချို့ကတော့ No Vote လုပ်တာ ပါတီကြီးတခုရဲ့ မူဝါဒကို မကြိုက်လို့, ကြားနေချင်လို့ ဆိုပါတယ်။ တကယ်တမ်း ပြောမယ်ဆိုရင် လက်ရှိမြန်မာနိုင်ငံ ရွေးကောက်ပွဲက ပါတီကြီးတွေရဲ့ (စီးပွားရေး, နိုင်ငံခြားရေး, စသဖြင့်) မူဝါဒတွေကို ရွေးချယ်နေရတာမျိုး မဟုတ်ပါဘူး။ မဟုတ်သေးပါဘူး။ ဓမ္မနဲ့ အဓမ္မကို ရွေးချယ်နေရတာပါ။ ဓမ္မနဲ့ အဓမ္မ နှစ်ခုကြားမှာ အလယ်အလတ်တို့, ကြားနေတို့, တတိယအုပ်စုတို့ ဆိုတာ မရှိပါဘူး။

အချို့လည်း လက်ရှိအစိုးရရဲ့ မူဝါဒကို သဘောမကျလို့ ပါတီတွေ ထောင်ကြတာ ရှိပါတယ်။ ပါတီထောင်မှတော့ ရွေးကောက်ပွဲ ဝင်ဖို့လည်း လုပ်ရပါတယ်။ ဒီမိုကရေစီစနစ်မှာ ဒါဟာ ဘာမှ မဆန်းသလို ဖြစ်သင့်ဖြစ်ထိုက်ပါတယ်။ ဒါပေမယ့်လည်း ရာနှုန်းပြည့် ဒီမိုကရေစီ မဖြစ်သေးချိန်မှာတော့ အချိန်မတန်သေးဘူးလို့ ထင်ပါတယ်။ ပါတီ ထောင်ထားသူတွေက လောလောဆယ် အားမွေးကြပါ၊ အတွေ့အကြုံယူကြပါ။ အာဏာလိုချင်တာ မဟုတ်ဘဲ အပြောင်းအလဲကို လိုချင်တာပါဆိုရင်တော့ လောလောဆယ်မှာ ညွန့်ပေါင်းကို စိတ်ကူး မယဉ်ကြပါနဲ့ဦး။ (တကယ်တော့ ဒီမိုကရေစီစနစ် အပြည့်အဝရှိရင်တောင် ညွန့်ပေါင်းအစိုးရဆိုတာ သိပ်အလုပ်ဖြစ်လှတာ မဟုတ်ပါဘူး။ အကယ်၍ အာဏာရှင်တွေက အာဏာကို စွန့်လွှတ်ပြီး “တိတိကျကျ သတ်မှတ်ထားတဲ့ အချိန်ကာလမှာ” ဒီမိုကရေစီစနစ်ကို အပြည့်အဝ ကူးပြောင်းမယ့် စပ်ကူးမတ်ကူးကာလ ဆိုရင်တော့ တမျိုးပေါ့)။

ဒါကြောင့် 2020 ရွေးကောက်ပွဲမှာ NLD ကိုပဲ ပြတ်ပြတ်သားသား အနိုင်ရအောင် မဲပေးကြပါ။ အကယ်၍ NLD က နိုင်ချေနည်းတဲ့ ဒေသတွေမှာဆိုရင်လည်း (အခြေခံဥပဒေကို ပြည်သူ့အကြိုက် ပြင်ဆင်လိုတဲ့) တိုင်းရင်းသားပါတီတွေကိုပဲ မဲပေးကြပါ။