Breaking News

ဒေါက်တာသိန်းလွင် - အရှေ့မြောက်ဒေသဆီသို့

NLD Education Committee  မှာတုန်းက ဒေါက်တာသိန်းလွင်

ဒေါက်တာသိန်းလွင် - အရှေ့မြောက်ဒေသဆီသို့

မိတ်ဆွေ၊ သူငယ်ချင်းများအတွက် ရေးသောစာ (၂)
(မိုးမခ) ဩဂုတ် ၁၅၊ ၂၀၂၀

(ယခင်အပါတ်မှ အဆက်)

အရှေ့မြောက်နှင့် အရှေ့တောင်ဒေသများဆီသို့

ဗိုလ်စိုးနောင်ရဲ့တောင်ယာထဲက ထွက်လာပြီးတော့ ဘယ်ကိုသွားရမလဲဆိုတာ တစ်လမ်းလုံးစဉ်းစားလာပါတယ်။ ဧရာဝတီမြစ်ကို လှေနဲ့ဖြတ်စဉ်မှာ အတွေးပေါ်လာပါတယ်။ တစ်ယောက်တည်း တောင်စဉ်ရေမရစဉ်းစားနေတာထက် သူငယ်ချင်းတွေနဲ့ တိုင်ပင်တာပိုကောင်းတယ်လို့တွေးမိတယ်။ ပြည်ဖက်ကမ်းကို လှေဆိုက်ပြီး ကားဂိတ်ကိုသွား၊ ရန်ကုန်ကို ထွက်တဲ့ ဘတ်စ်ကားနဲ့ လိုက်ပါလာခဲ့ပါတယ်။

ရန်ကုန်ရောက်ရောက်ချင်း ကိုတိုးအေးနဲ့ ကိုကျော်အေးတို့ဆီ လမ်းဘေးကနေ ဖုံးဆက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ကျနော်စောင့်နေတဲ့ လက်ဖက်ရည်ဆိုင်ကို နှစ်ယောက်သား ရောက်လာကြပါတယ်။ ချစ်ခင်စရာလေးစားစရာ သူငယ်ချင်းတွေပါ။ ဝရမ်းပြေးနေရတဲ့ကျနော်နဲ့ တွေ့ဆုံဆက်သွယ်ခြင်းအားဖြင့် သူတို့ပါထိခိုက်နိုင်တယ်ဆိုတာ သိပေမယ့် ရောက်အောင်လာကြပါတယ်။ ပြည်ဘက်မှာ နေခဲ့ရတဲ့ အခြေအနေတွေကို သူတို့ကိုပြောပြပါတယ်။ ရွာကအမေ့အိမ်မှာ ထောက်လှမ်းရေးတွေ သွားရှာကြတယ်ဆိုတာလည်း သတင်းရပါတယ်။ ကျနော်ဆက်ပြီးရှောင်နေသင့်တယ်ဆိုတာ သူတို့သဘောတူပါတယ်။

လက်ဖက်ရည်သောက်ကြပြီး ကျနော့်ကို သာကေတ ဖက်က ကိုတိုးအေးရဲ့သူငယ်ချင်းပိုင်တဲ့ ပဲဂိုဒေါင်ကို ခေါ်သွားပါတယ်။ သူတို့သူငယ်ချင်းနဲ့ မိတ်ဆက်ပေးပြီး ပဲဂိုဒေါင်မှာ ကျနော့်ကို တစ်ပတ်လောက်နေခွင့်ပေးဖို့ပြောကြပါတယ်။ လိုလိုလားလားခွင့်ပြုပါတယ်။ ဂိုဒေါင်မှာ အလုပ်သမား လေး၊ ငါးယောက်ရှိပါတယ်။ ပဲလာပို့တဲ့ကားရောက်လာရင် ပဲအိတ်တွေထမ်းပြီး ဂိုဒေါင်မှာစီထား၊ ပဲဝယ်လာရင် ကတ္တားနဲ့ချိန်ပြီး ကားပေါ်တင်ပေး စတဲ့အလုပ်တွေ ကျနော်ဝိုင်းလုပ်ပါတယ်။ ပဲဂိုဒေါင်ဆိုတော့ ပဲဟင်းကတော့ အလျှံအပယ် စားရပါတယ်။

သုံး၊ လေးရက်ကြာတော့ ကိုတိုးအေးတို့ ကျနော့်ကို လာခေါ်ပြီး သမိုင်းဘက်ကိုသွားကြပါတယ်။ သမိုင်းနဲ့ကြို့ကုန်းရထားလမ်းနားက မွေးမြူရေးခြံတစ်ခုကိုခေါ်သွားပါတယ်။ ဥစားကြက်တွေ အကောင် လေး၊ ငါးရာ မွေးထားပါတယ်။ ငါးမွေးကန်လည်းရှိပါတယ်။ ကန်ထဲမှာ ကျွဲခေါင်းသီးပင်လည်း စိုက်ထားပါတယ်။ ဦးလှမောင်၊ ဒေါ်သောင်းမြင့်တို့ရဲ့ မွေးမြူရေးခြံဖြစ်ပါတယ်။ သားသမီးလေးယောက်ရှိပါတယ်။ သားကြီးက ၆ တန်း၊ ဒုတိယသမီးက ၄ တန်း၊ တတိယသမီးက ၂ တန်း၊ အငယ်ဆုံးလေးက မူကြို။ ဦးလှမောင်မိသားစုက သူတို့နဲ့အတူနေဖို့၊ ကလေးတွေကို စာသင်ပေးဖို့ပြောပါတယ်။ အကြီးနှစ်ယောက်ကို သူတို့အိမ်စာတွေ ရှင်းပြပေးပါတယ်။ အင်္ဂလိပ်စာလည်း သင်ပေးပါတယ်။ ကြက်စာကျွေး၊ ကြက်ဥကောက်၊ အလုပ်တွေ ကျနော်ဝိုင်းကူပါတယ်။ လှေကလေးတစင်းနဲ့လည်း တခါတရံ ကျွဲခေါင်းသီးခူးပါတယ်။ ဂျိုလေးနှစ်ချောင်းနဲ့အသီးက ကျွဲခေါင်းနဲ့တူပါတယ်။ ပြုတ်လိုက်တဲ့အခါ အရောင်မဲသွားတော့ ကျွဲနဲ့ပိုတူပါတယ်။ ဦးလှမောင်မိသားစုနဲ့ နေရတာ အေးချမ်းပါတယ်။

အရှေ့မြောက်ဒေသသို့

ကိုတိုးအေး၊ ကိုကျော်အေးတို့နဲ့အတူ ဆေးကျောင်းတက်နေတဲ့ ကိုဝေမင်းနဲ့ ကိုသိန်းမြင့်တို့လည်း ကျနော့်ဆီ မကြာမကြာ လာကြပါတယ်။ “ကွန်မြူနစ်ပါတီကို သွားချင်တယ်” သူတို့ကို ကျနော်ပြောပါတယ်။ နောက်တစ်ပတ်လောက်မှာ ဓါတ်ပုံရိုက်ထားဖို့ ကျနော့်ကိုပြောပါတယ်။ သမိုင်းဘူတာနားက ဓါတ်ပုံဆိုင်မှာ ကျနော်သွားရိုက်ပါတယ်။ ဓါတ်ပုံယူသွားပြီး တစ်ရက်၊ နှစ်ရက်ကြာတော့ ကျနော့်ကို မှတ်ပုံတင်တစ်ခု လာပေးပါတယ်။ ကျနော့်ဓါတ်ပုံနဲ့ မောင်မျိုးဝင်း၊ အဘ ဦးထွန်းဝင်းလို့ ရေးထားပါတယ်။ ခရီးသွားရင် ဒါနဲ့သွားလို့ပြောပါတယ်။ လမ်းစရိတ်ကို သူငယ်ချင်းလေးယောက်စုပြီး ပေးလိုက်ကြပါတယ်။

ဦးလှမောင်မိသားစုကို နှုတ်ဆက်ပြီး ခရီးသည်တင်ကားနဲ့ တောင်ကြီးကို သွားပါတယ်။ တောင်ကြီးရောက်ပြီး လွယ်လင်ကို ကားထပ်စီးပါတယ်။ လွယ်လင်ကနေ လဲချားကို ဆက်သွားပါတယ်။ လမ်းခရီးမှာ ဂိတ်နှစ်နေရာမှာပဲ မှတ်ပုံတင်တွေစစ်ပါတယ်။ ဘာမှအခက်အခဲမရှိဘဲ လဲချားမြို့ကို ရောက်လာပါတယ်။ မှာလိုက်တဲ့အတိုင်း လဲချားဘဏ်က မန်နေဂျာကိုသွားတွေ့ပါတယ်။ “ကျနော် မောင်မျိုးဝင်းပါ” လို့်ပြောလိုက်တော့ နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ ကျနော့်သူငယ်ချင်းတွေ ကြိုပြောထားပုံရပါတယ်။ ဘဏ်က လဲချားဟော်ကြီးထဲမှာဖွင့်ထားပါတယ်။ မန်နေဂျာက ဟော်ရဲ့အပေါ်ထပ်မှာနေပါတယ်။ သူနေတဲ့ အခန်းဘေးက အခန်းတစ်ခန်းမှာ ကျနော့်ကို နေရာချပေးပါတယ်။

မနက်လင်းတော့ ဟော်နန်းရှေ့ထွက်ကြည့်တဲ့အခါ ရှမ်းအမျိုးသမီးကြီးတွေ ဟော်ကို ရှိခိုးကန်တော့နေတာတွေ့ပါတယ်။ အရင်က ဒီမှာ သူတို့စော်ဘွားနေခဲ့စဉ်ကတည်းက ကျွေးရွာတွေက မြို့ကိုလာတဲ့အခါ စော်ဘွားကို လာရောက်ဂါဝရပြုကြတဲ့ အစဉ်အလာအတိုင်း၊ စော်ဘွားမရှိတော့ပေမယ့် ဟော်နန်းကိုဆက်ပြီး ဂါဝရပြုနေကြပါတယ်။ ဟော်နန်းခြံဝင်းက ကျယ်ပါတယ်။ ခြံစည်းရိုးတစ်လျှောက် ချုံတောတွေ ဖုံးအုပ်နေပါတယ်။ ညဘက် လသာသာမှာ ချုံတန်းတစ်လျှောက်မှာ မီးလုံးတွေပြေးကစားနေတာကို တွေ့ရပါတယ်။ စုန်းကဝေတွေ ပျော်ပါးကြတာလား၊ ဖော့စဖရပ်ခေါ်တဲ့ မီးစုန်းတွေပဲလား မသေချာပါဘူး။ ကျနော့် ကျောထဲမှာတော့ ချမ်းစိမ့်စိမ့်ဖြစ်လာပါတယ်။

”မောင်မျိုးဝင်းရေ မင်းသွားချင်တဲ့ ကွန်မြူနစ်တွေက ဒီဘက်မှာမရှိဘူးကွ။ ရှမ်းလက်နက်ကိုင်အဖွဲ့တွေပဲရှိတယ်။ ရှမ်းတွေနဲ့ အနီတွေကလည်း သိပ်အဆင်ပြေကြတာ မဟုတ်ဘူး။ မင်းသွားချင်ရင် အရှေ့မြောက်ကိုသာသွား။ မူဆယ်ဘဏ်မှာ ငါ့မိတ်ဆွေရှိတယ်။ မင်းအကူအညီလိုရင်သူ့ဆီသွား။ သူကတော့ နိုင်ငံရေးတွေ ဘာမှမသိဘူး။”

လဲချားမှာ နှစ်ရက် သုံးရက် နေပြီး ကျနော်တောင်ကြီးကို ပြန်တက်ပါတယ်။ တောင်ကြီးကနေ မန္တလေးကို ညကားစီးပါတယ်။ မန္တလေးရောက်ပြီး လားရှိုးကို ရထားစီးပါတယ်။ ပိုက်ဆံက သိပ်မကျန်တော့ဘူး။ အစစ ချွေတာရပါတယ်။ သီပေါဘက်ရောက်တော့ ရထားလမ်းဘေးမှာ လိမ္မော်ခင်းတွေ တွေ့ရပါတယ်။ ဘူတာမှာ ရထားဆိုက်တော့ လိမ္မော်သီးတွေ လာရောင်းပါတယ်။ လိမ္မော်သီးဆယ်လုံးလောက်ထည့်ထားတဲ့ ခြင်းရှည်ရှည်လေး တစ်ခုကို တစ်ကျပ်တစ်ကျပ်နဲ့ ရောင်းပါတယ်။ ကျနော်စားချင်ပါတယ်။ ပိုက်ဆံတစ်ကျပ်ဆို ထမင်းတစ်နပ် စားလို့ရတာမို့ ကျနော်မဝယ်ဘဲနေပါတယ်။ ကျနော့်ရှေ့ခုံက အဒေါ်ကြီးက ကျနော်သွားရည်ကျနေတာမြင်ပုံရပါတယ်။ ကျနော့်ကို လိမ္မော်သီးတစ်လုံးကျွေးပါတယ်။ ကျေးဇူး တင်ရပါတယ်။

လမ်းတစ်လျှောက်မှာ သွားရမယ့်ခရီးကိုတွေးပြီး တစ်ချက်တစ်ချက် ရင်လေးပါတယ်။ မရေရာ၊ မသေချာတဲ့ခရီးမို့ ကြောက်စိတ်လည်းဝင်ပါတယ်။ ကိုယ့်ကိုကိုယ်သတ္တိရှိတယ်လို့ထင်ခဲ့ပေမယ့် အခုတော့ ကြောက်စိတ်လွှမ်းမိုးတာ ခံရပါတယ်။ လားရှိုးရောက်တော့ ညနေစောင်းနေပါပြီ။ မူဆယ်သွားမယ့်ကားလက်မှတ်ဝယ်ပြီး ထွန်းလင်းတည်းခိုခန်းမှာ သွားတည်းပါတယ်။ တည်းခိုခန်းငယ်ငယ်လေးဖြစ်ပါတယ်။

နောက်နေ့မနက် မူဆယ်ကားနဲ့ လားရှိုးက အထွက်မှာ စစ်ဆေးရေးဂိတ်မှာတားပြီး ကားပေါ်က တစ်ယောက်ချင်းကို မှတ်ပုံတင်စစ်ပါတယ်။ ကျနော့်မှတ်ပုံတင်ကို ကြည့်ပြီး ခဏလိုက်ခဲ့လို့ခေါ်ပါတယ်။ ကျနော့်ရင်ထဲ ဒိတ်ကနဲဖြစ်သွားပါတယ်။ ဂိတ်ထဲမှာကျနော့်ကို “ဘယ်ကလာလဲ၊ ဘယ်သွားမလဲ” မေးပါတယ်။ “ရန်ကုန်က လာပါတယ်။ မူဆယ်သွားမလို့ပါ။” ကျနော့်ကို စစ်နေတာကြာတော့ ကားစပယ်ယာက ကျနော့်အိတ်ကို လာပို့ပြီး “ခရီးသည်တွေပါတယ်၊ ဆက်သွားရမယ်၊ နောက်ကားနဲ့သာ လိုက်ခဲ့” ဆိုပြီး သူတို့ကားထွက်သွားပါတယ်။ ခဏနေတော့ စစ်သားတစ်ယောက်လာခေါ်ပြီး ကျနော့်ကို စစ်ကားနဲ့ လာရှိုးဘက်ကို ပြန်ခေါ်သွားပါတယ်။ ကျနော့်ကို ဖမ်းပြီဆိုတာ သိလိုက်ပါတယ်။ စစ်ရင်ဘယ်လိုဖြေမလဲ။ တစ်လမ်းလုံးစဉ်းစားလာပါတယ်။ ဗြုံးကနဲသတိဝင်လာတာ၊ ကျနော့်အိတ်ထဲမှာ လဲချား-တောင်ကြီးကားလက်မှတ်နဲ့ တောင်ကြီး- မန္တလေးရထားလက်မှတ်ရှိနေသးတာ သတိရပါတယ်။ ရုံးတစ်ခုရှေ့မှာ ကားရပ်ပြီး “ဆင်း“ လို့ပြောတဲ့အခါ ကျနော့်အိတ်ကို အဆွဲမှာ၊ အိတ်ထဲက လက်မှတ် ၂ခု ကို လက်ထဲမှာ အသာဆုတ်ပြီး ကားဘေးအလည့် စစ်သားနဲ့အကွယ်မှာ လက်မှတ်တွေကို ဖြတ်ကနဲ ပစ်ချထားခဲ့ပါတယ်။

ကျနော့်ကို စစ်တော့ “ကျနော် နာမည် မျိုးဝင်းပါ“
“ဥပဒေ စတုတ္ထနှစ်ကျောင်းသားပါ”
“ရန်ကုန်ကလာပါတယ်”
“ကျောင်းပိတ်ရက်မှာ ဦးလေးဆီအလည်သွားမလို့ပါ။”
“မင်းဦးလေး ဘယ်သူလဲ”
“ဦးစိန်ညိုထွန်းပါ”
“ဘာလုပ်လဲ”
“ဘဏ်မန်နေဂျာပါ”

ကျနော်ပါလာတဲ့ မှတ်ပုံတင်ထဲက အချက်အလက်တွေနဲ့ လဲချားက မန်နေဂျာကြီးပြောလိုက်တဲ့ သူ့သူငယ်ချင်းကို ကျနော့်ဦးလေးဆိုပြီးပြောပါတယ်။ ထောက်လှမ်းရေး သုံးယောက်၊ တစ်ယောက်ပြီးတစ်ယောက်၊ မေးပြီးသားမေးခွန်းတွေကိုပဲ ထပ်ခါ ထပ်ခါ မေးပါတယ်။ ကျနော်လည်း မမှားရအောင်သတိထားပြီး ဖြေပါတယ်။ နောက်ဆုံးတစ်ယောက်က
“မင်းဦးလေးက ဘယ်လိုပုံလဲ” ဖြန်းကနဲ ရင်ထဲ ထိတ်သွားပါတယ်။ ချက်ချင်းဆိုသလို လဲချားက မန်နေဂျာကြီးပြောတာ ခေါင်းထဲပေါ်လာပါတယ်။
“အသားညိုညို၊ ထောင်ထောင်မောင်းမောင်း၊ ထိပ်ပြောင်ပြောင်”။

အဲဒီထောက်လှမ်းရေး စစ်တာရပ်ပြီး ပြန်ထွက်သွားပါတယ်။ ခဏနေတော့ ပထမဆုံးစစ်တဲ့လူ ပြန်ရောက်လာပြီး “ညီလေး၊ မူဆယ်လမ်းမှာတိုက်ပွဲတွေဖြစ်နေတယ်။ မင်းဆက်သွားရင် အန္တရာယ်များတယ်။ ရန်ကုန်ပဲပြန်” လို့လာပြောပါတယ်။

ကျနော်ဖြေတာကို ယုံသွားပုံရပါတယ်။ လေသံလည်းပြောင်းသွားပါတယ်။ စစ်ခါစက “ဟေ့ကောင်” လို့ခေါ်ပြီး ခု ”ညီလေး“ လို့ခေါ်ပါတယ်။ ကျနော့်ရင်ထဲ အလုံးကြီးကျသွားပါတယ်။ ကျနော့်ကို ပြန်လွှတ်လိုက်ပါတယ်။ ကျနော်လည်း လားရှိုးဘူတာကို တန်းသွားပြီး၊ မန္တလေးရထားလက်မှတ် ဝယ်ပါတယ်။ အဲဒီရုံးမှာ မြင်ခဲ့တဲ့ ထောက်လှမ်းရေးတွေ ကျနော့်ကို အရိပ်အကဲ ကြည့်နေတာ တွေ့ပါတယ်။ ဒီလိုနဲ့ မန္တလေးပြန်ရောက်ပါတယ်။ လားရှိုး-မူဆယ်လမ်းကနေ ဗိုလ်မှူးချုပ် ကျော်ဇောလည်း တောခိုဖူးတာမို့ လားရှိုးဂိတ်က အဲဒီအချိန်ထဲက တင်းတင်းကြပ်ကြပ် စစ်ဆေးပါတယ်။

မန္တလေးရောက်တော့ ပိုက်ဆံကုန်သလောက်ရှိပါပြီ။ မန္တလေး-ရန်ကုန် ကားလက်မှတ်ခ လောက်ရုံပဲ ကျန်ပါတယ်။ ဦးလှမောင်၊ ဒေါ်သောင်းမြင့်တို့ဆီပြန်သွားတော့၊ ခရီးဝေးသွားတဲ့ မောင်လေးပြန်ရောက်လာသလို နွေးနွေးထွေးထွေး ကြိုဆိုကြပါတယ်။ ခရီးက ပြန်လာပေမယ့် လမ်းစရိတ်တောင် အနိုင်နိုင်မို့ ဘာလက်ဆောင်မှ မပါ ပါဘူး။

ကိုတိုးအေး၊ ကိုကျော်အေး၊ ကိုဝေမင်း၊ ကိုသိန်းမြင့်၊ သူငယ်ချင်းလေးယောက် လာကြပါတယ်။ တခါတရံ စက်မှုတက္ကသိုလ်က ကိုငြိမ်းဝင်းလည်း ပါလာတတ်ပါတယ်။ ကျနော် သွားခဲ့တဲ့ ခရီးစဉ်ကို သူတို့ကိုပြောပြပါတယ်။ ရှမ်းပြည်ကို တောင်ပိုင်းရော၊ မြောက်ပိုင်းရော ရောက်ခဲ့ပေမယ့် ရည်မှန်းတဲ့ ကွန်မြူနစ်ပါတီကို မရောက်ခဲ့ပါဘူး။

(ဆက်လက်ဖော်ပြပါမည်)